Thursday, July 3, 2008

ရန်ကုန်မြို့ ဗုံးပေါက်ကွဲမှုမှာ သူတို့လက်ချက် ဖြစ်ကြောင်း စစ်သည်တော်များအဖွဲ့က ပြောကြား

မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 02 2008 20:56 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မြန်မာနိုင်ငံ မြို့တော်ဟောင်း ရန်ကုန်မြို့တွင် တနင်္လာနေ့က ဖြစ်ပွါးခဲ့သည့် ဗုံးပေါက်ကွဲမှုမှာ သူတို့လက်ချက် ဖြစ်ကြောင်း မြန်မာနိုင်ငံ စွမ်းအားမြှင့် စစ်သည်တော်များအဖွဲ့ (VWSB) က ယနေ့ အင်္ဂါနေ့က ပြောကြားလိုက်သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးရုံးတွင် ဗုံးဖေါက်ခွဲမှု တရပ်ကို ဂျူလိုင်လ (၁) ရက်နေ့ တနင်္လာနေ့က သူတို့ ပြုလုပ်ခဲ့ကြောင်း ပြည်ပ အတိုက်အခံ တဦး၏ ဘလော့ဂ် စာမျက်နှာတွင် (VWSB) က ကြေညာချက်တရပ် ထုတ်ပြန်၍ ပြောကြားခဲ့သည်။

“စွမ်းအားမြှင့်အဖွဲ့ (VWSB) ၏ စစ်ဆင်ရေးများကို ဆက်လက် ဆောင်ရွက်သည့် အနေဖြင့် ရန်ုကုန် ရွှေပြည်သာရှိ ကြံ့ဖွံ့ရုံးကို မိမိတို့၏ အမှတ် (၁၈) တပ်ဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း” ဖြင့် မြန်မာဘာသာဖြင့် ထုတ်ပြန်ထားသော ကြေညာချက်ကို ဒေါက်တာလွဏ်းဆွေ ဘလော့ဂ်စာမျက်နှာ http://drlunswe.blogspot.com/ တွင် ဖေါ်ပြထားသည်။

စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များသည် မြန်မာ စစ်အာဏာပိုင်များအား ဆန့်ကျင် တိုက်ပွဲဝင်လျက်ရှိ ရာ ရန်ကုန်မြို့လယ် အေဘီစီ စားသောက်ဆိုင်ရှေ့တွင် ရပ်ထားသည့် (USDA) ကားကို ဧပြီလ ၂ဝ ရက်နေ့က ဗုံး ၂ လုံးခွဲ တိုက်ခိုက်ခဲ့မှုသည်လည်း မိမိတို့ လက်ချက်ဖြစ်ကြောင်းဖြင့် အဆိုပါ ကြေညာချက်က ဆက်လက် ဖေါ်ပြထားသည်။

မြန်မာနိုင်ငံ စီးပွါးရေး မြို့တော် ရန်ကုန်မြို့တွင် လှုပ်ရှားလျက် ရှိသည်ဟုဆိုသော စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များကို ဤ ကြေညာချက်နှင့် စပ်လျဉ်း၍ အတည်ပြုနိုင်ရန် ဆက်သွယ်ရာ ဆက်သွယ်၍ မရခဲ့ပါ။

ကျောင်းသား စစ်သည်တော်များအဖွဲ့၏ အမှန်တကယ် တည်ရှိမှုကို သက်သေ မပြနိုင်သော်လည်း စစ်အစိုးရက မြန်မာနိုင်ငံကို ဆက်လက် အုပ်စိုးနေမှုအား သူတို့သာလျှင် အမှန်တကယ် ဆန့်ကျင် တိုက်ခိုက်နေကြသူများ ဖြစ်ပြီး ဆက်လက် တိုက်ခိုက်သွားရန် သံန္နိဌာန် ချမှတ်ထား သည်ဟု အဆိုပါ ကြေညာချက်တွင် ဆက်လက် ဖေါ်ပြထားသည်။

“စစ်အစိုးရ၏ နိုင်ငံရေး၊ စစ်ရေး၊ စီးပွါးရေး လုပ်ငန်းများကို ဤသို့ စစ်ဆင် တိုက်ခိုက်ရာတွင် အပြစ်မဲ့သော အရပ်သားများ ထိခိုက်နစ်နာမှု မရှိစေရန် ကတိပြုသည်” ဟုလည်း အဆိုပါ ကြေညာချက်တွင် ဖေါ်ပြထားသည်။

၂ဝဝ၄ ခုနှစ် ဒီဇင်ဘာလက ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်း ပင်နိုရားမား (Panorama) စားသောက်ဆိုင်တွင် လူသေဆုံးခဲ့ရသည့် ဗုံးပေါက်ကွဲမှု အပါအဝင် အလားတူ ဗုံးပေါက်ကွဲမှုများသည်လည်း သူတို့လက်ချက် ဖြစ်ကြောင်းဖြင့် (VWSB) က ယခင်ကလည်း အလားတူ ကြေညာခဲ့ဖူးသည်။

သို့သော် စစ်အစိုးရကမူ ဤဗုံးပေါက်ကွဲမှုနှင့် စပ်လျဉ်း၍ မည်သူ့ လက်ချက်ဖြစ်ကြောင်း တရားဝင် ထုတ်ဖေါ်စွပ်စွဲခြင်း ယခုထိ မရှိသေးပါ။ “အာဏာပိုင်များက ဤအဖြစ်အပျက်ကို စုံစမ်းနေသည်” ဟုသာ စစ်အစိုးရထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖေါ်ပြထားသည်။

သို့သော် “အများပြည်သူ သွားလာလျက်ရှိသော နေရာများတွင် အသွင်အမျိုးမျိုးယူ၍ လှုပ်ရှားနေသော အဖျက်အမှောင့် သမားများကို အထူး သတိထား စောင့်ကြည့်ရန်နှင့် တွေ့ရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံ အချိန်မီ သတင်းပေးပို့ တိုင်ကြားကြရန်” အဆိုပါ သတင်းစာက ပြည်သူလူထုကို တိုက်တွန်း နှိုးဆော်ထားပါသည်။


‘ဒီပရင်္ဂ’ ကဗျာကြောင့် စာပေစိစစ်ရေး ဝန်ထမ်းတဦး ရာထူး လျှော့ချခံရ

နန်းဒေဝီ
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 02 2008 18:30 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ‘ဒီပရင်္ဂ’ ခေါ် ဒီပဲယင်း သမိုင်းဝင်ကဗျာကို ဇွန်လထုတ် ချယ်ရီမဂ္ဂဇင်းတွင် ထည့်သွင်း ဖော်ပြခဲ့သဖြင့် စာပေစိစစ်ရေးမှ ထုတ်ဝေခွင့်ကဒ်ဌာန အကြီးတန်း စာရေးတဦးအား ပြီးခဲ့သည့်လ ၂၄ ရက်နေ့က ရာထူး လျှော့ချခဲ့သည်။

‘ဒီပရင်္ဂ’ ကဗျာ ထည့်သွင်းဖော်ပြမှုကြောင့် မဂ္ဂဇင်းတိုက်က တာဝန်ခံ အယ်ဒီတာအား အလုပ်ထုတ်ခဲ့သလို၊ ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက်ရှိ စာပေစိစစ်ရေးဌာန ထုတ်ဝေခွင့်ကဒ်ဌာနမှ အကြီးတန်းစာရေး ဒေါ်ယဉ်ယဉ်နွယ်လည်း စာကြည့်တိုက် တာဝန်ခံအဖြစ် ရာထူးလျှော့ချခံရခြင်း ဖြစ်သည်။

“ယဉ်ယဉ်နွယ်ကို ဌာန ပြောင်းခန့်လိုက်တယ်။ စာပေစိစစ်ရေး လက်အောက်ဌာနမှာပဲ။ ရာထူး လျှော့ချလိုက်တာပေါ့ဗျာ။ အကြီးတန်း စာရေး အဆင့်ကနေ ရိုးရိုးစာရေးအဆင့်။ မမေစုလှိုင် (စာစစ်မှူး) ကိုတော့ သတိပေးတယ်။ အရင် ရာထူးမှာပဲ ဆက်ထားတယ်။ သူက လူသစ်ဖြစ်တော့ အဲဒီလောက် အပြစ်ပေး မခံရဘူးပေါ့” ဟု စာပေစိစစ်ရေးနှင့် နီးစပ်သူ တဦးက ပြောသည်။

ယခုလို ရာထူးမှ လျှော့ချခဲ့ခြင်းသည် ယခင် ချယ်ရီမဂ္ဂဇင်းတိုက် ထုတ်ဝေခွင့် လက်မှတ်ကိုင်ဆောင်သူ ဆုံးပါးသွားသဖြင့် စာပေစိစစ်ရေးမူအရ ထုတ်ဝေခွင့်ကဒ်အား ပြန်အပ်ရမည် ဖြစ်သော်လည်း ထုတ်ဝေသူအသစ်မှ လက်ဆင့်ကမ်း ကိုင်ဆောင်ခဲ့သောကြောင့် ယခုလို အပြစ်ပေးခြင်း ဖြစ်သည်ဟု အပတ်စဉ်ထုတ် ဂျာနယ် အယ်ဒီတာတဦးက ပြောသည်။

“အရင်ကတည်းက ထုတ်ဝေခွင့်ကဒ် အဟောင်းကို ထုတ်ဝေသူအသစ်က ကိုင်တာကို မမြင်ဘဲနဲ့ အခုကျမှ ဒီကဗျာကြောင့် ပြဿနာ ရှာတာပေါ့။ နောက် စာစစ်မှူးက ကဗျာပါသွားတယ်လေ။ သူက ကဗျာကို စိစစ်ဖတ်ရတာ။ ပါသွားတော့ သူ သတိပေးခြင်း ခံရတာပါ” ဟု သူက ပြောသည်။

ယခုလို ရေးသား ထုတ်ဝေခဲ့သည့် ကဗျာကြောင့် ချယ်ရီမဂ္ဂဇင်းတိုက်အား အာဏာပိုင်များက ဖိအားပေးခဲ့ရာ တာဝန်ခံ အယ်ဒီတာ ကိုဌေးအောင် အလုပ်မှ ထုတ်ပယ်ခံခဲ့ရခြင်း ဖြစ်သည်ဟု ရန်ကုန် စာနယ်ဇင်း အသိုင်းအဝိုင်းက ပြောသည်။

ချယ်ရီ မဂ္ဂဇင်း၏ စာမျက်နှာ ၇ တွင် သမိုင်းဝင်အမည် ‘ဒီပရင်္ဂ’ မြို့ ခေါ် ဒီပဲယင်းတွင် သမိုင်းရာဇဝင်တွင် နာမည်ကျော်ကြား လူသိများသည့် ရှေးပညာရှင်များနှင့် စစ်သူကြီး မဟာဗန္ဓုလ ကဲ့သို့သော သူရဲကောင်းများ မွေးဖွားရာဒေသ ဖြစ်ခဲ့သော်လည်း ယခုအခါ သစ္စာဖောက်များ မွေးဖွားရာ၊ သူရဲကောင်းများ ပျောက်ဆုံးခဲ့ရကာ လူငယ်လေးတဦး ဆိုင်ကယ် ကျပျောက်ရာမှ အမျိုးသမီးတဦး သေကံမရောက် အသက်မပျောက်ခဲ့သည့် မြို့၊ အံကြိတ် တက်ခေါက်ရသည့် အဖြစ်အပျက်များ ရှိခဲ့သည်ဟု ကဗျာရေးသူက ၎င်းမြို့ရှိရာ မုံရွာ-ရေဦး ကားလမ်းပေါ်မှ ဖြတ်သွားရာတွင် ဖြစ်ပေါ်လာသည့် ခံစားချက် အထိတ်တလန့် ဖြစ်ရပုံကို ရေးသားထားသည်။

၂ဝဝ၃ ခုနှစ် မေလ ၃ဝ ရက်နေ့က အထက်မြန်မာပြည် စည်းရုံးရေးခရီး ဆင်းနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ ဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် ပါတီဝင်များကို စစ်အစိုးရ အာဏာပိုင်များ၏ အနီးကပ် ကွပ်ကွဲမှုဖြင့် ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင်များ က စစ်ကိုင်းတိုင်း ဒီပဲယင်း ဒေသအနီးတွင် အကြမ်းဖက် ရိုက်နှက် သတ်ဖြတ်ခဲ့ကြသည်။


Ecovision သတင်းထောက်အမှု ရက်ချိန်း ထပ်ပေး

ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 02 2008 17:59 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ နာဂစ်မုန်တိုင်းဒဏ်သင့် ဒုက္ခသည်များ၏ သတင်း လိုက်လံစုံစမ်းသဖြင့် ဖမ်းဆီးခံရသူ Ecovision ဂျာနယ်မှ သတင်းထောက် မအိမ့်ခိုင်ဦးကို ယနေ့တွင် ရုံးထုတ်သော်လည်း မစစ်ဆေးဘဲ ရမန်ယူခဲ့သည်။

ယနေ့ တာမွေမြို့နယ် တရားရုံးတွင် ရုံးချိန်းရက် ဖြစ်သော်လည်း မအိမ့်ခိုင်ဦးနှင့် အမှုတွဲဖြစ်သူ ကိုကျော်ကျော်သန့်တို့၏ ရှေ့နေများမှ အမှုတွဲကို ထပ်မံ လေ့လာလိုသေးသဖြင့် ဇူလိုင် ၁ဝ ရက်နေ့တွင် စစ်ဆေးပါရန် ထပ်မံ၍ ရမန်သာ ယူခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့ ရုံးထုတ်တယ် မစစ်ဖြစ်ဘူး။ ရုံးချိန်းက နှစ်ချိန်းရှိပြီ။ ဘာဖြစ်လို့လဲဆိုတော့ ဦးတို့ကနေပြီးတော့ ဒီနေ့ power တင်တယ်။ အမှုတွဲကို မလေ့လာရသေးဘူး။ ဒါကြောင့် ရုံးချိန်းပေးပါ၊ တိုင်းရုံးမှာလည်း အမှုတွေ ရှိနေသေးလို့ဆိုပြီး မစစ်တာပါ” ဟု အကျိုးဆောင်ရှေ့ ဦးခင်မောင်ရှိန်က ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁ဝ ရက်နေ့က မြောက်ဒဂုံမြို့နယ်ရှိ လေဘေးဒုက္ခသည်များက ရန်ကုန်မြို့ရှိ နိုင်ငံတကာမှ အစိုးရမဟုတ်သောအဖွဲ့ (NGO) များထံ သွားရောက်၍ အကူအညီ တောင်းခံရာ၌ မအိမ့်ခိုင်ဦးက သတင်းလိုက်ယူရာ တာမွေမြို့နယ် နတ်မောက်လမ်းရှိ ကုလ ဖွံ့ဖြိုးရေး အစီအစဉ် ရုံးရှေ့ (UNDP) တွင် အဖမ်းခံရခြင်း ဖြစ်သည်။ သူနှင့်အတူ ထိုနေ့က ကိုကျော်ကျော်သန့် ဆိုသူလည်း အဖမ်းခံခဲ့ရပြီး အမှုတွဲ တခုတည်းအဖြစ် ဖွင့်ခံထားရသည်။

သူတို့အား ပြစ်ဒဏ်ကို ၂ နှစ်အထိ ချမှတ်နိုင်သည့် လူထုကို ဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် တရားစွဲဆိုထားသည်။

ရှေ့နေ ဦးခင်မောင်ရှိန်က “ဒီဥပဒေနဲ့ ပတ်သက်လို့ မငြိစွန်းဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ မအိမ့်ခိုင်က သတင်းထောက် ဖြစ်တယ်။ သတင်း ရယူဖို့ အတွက်က ဒီသတင်းကို မမှန်မကန်ဖြစ်လို့ မမှန်မကန် သတင်းကို တခြား သတင်းဌာနကို ပို့ထားတာလည်း မဟုတ်ဘူးနော်။ ဒါပေမဲ့ အဲဒါကို ရုံးတော်မှာ ဘယ်လိုလာမလဲ မသိဘူး။ တခြား အကြောင်းအရာတွေ ရှိအုံးမလားတော့ မသိသေးဘူး” ဟု ပြောသည်။

Ecovision ဂျာနယ်ကို ၂ဝဝ၆ ခုနှစ် စက်တင်ဘာလတွင် စတင် ထုတ်ဝေခဲ့ကာ စာမျက်နှာ ၄၈ မျက်နှာ ပါရှိပြီး ယခင်က စီးပွားရေး ကဏ္ဍကိုသာ ဦးစားပေး ဖော်ပြခဲ့သော်လည်း နောက်ပိုင်းတွင် ပြည်တွင်းနှင့် နိုင်ငံတကာအပြင် ကျန်းမာရေး ကဏ္ဍနှင့် ဆောင်းပါးများကိုပါ ထည့်သွင်းရေးသား ထုတ်ဝေသည့် အပတ်စဉ်ထုတ် ရန်ကုန်အခြေစိုက် ဂျာနယ်ဖြစ်သည်။

သတင်းထောက်များနှင့် စစ်အစိုးရတွင် ဖြစ်ပွားသော အခြားသော အမှုတခုတွင်မူ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ဖမ်းဆီးခံခဲ့ရသော မြန်မာနေးရှင်းမှ အယ်ဒီတာချုပ် ဦးသက်ဇင်နှင့် ရုံးအုပ်ချုပ်ရေးမှူး ဦးစိန်ဝင်းမောင်တို့ကိုလည်း ယမန်နေ့က ရုံးထုတ် စစ်ဆေးခဲ့ကြောင်းနှင့် သူတို့ကို ပုံနှိပ်အက် ဥပဒေအရ ပုဒ်မ ၁၇/၂ဝ ဖြင့် တရားစွဲဆိုထားကာ သက်သေများကို စစ်ဆေးခြင်း မရှိဘဲ ရုံးထုတ်ခဲ့ကြောင်း အကျိုးဆောင်ရှေ့နေ ကိုဖိုးဖြူက ပြောသည်။

အာဏာပိုင်များက မြန်မာနေးရှင်း ဂျာနယ်တိုက်အား ဝင်ရောက် ရှာဖွေရာ ကုလ လူ့အခွင့်အရေးဆိုင်ရာ မြန်မာနိုင်ငံ ကိုယ်စားလှယ် မစ္စတာ ပီညဲရိုး၏ လူ့အခွင့်အရေး အစီရင်ခံစာ၊ ရှမ်းအမျိုးသားခေါင်းဆောင် ဦးရွှေအုန်း၏ မပြိုကွဲနိုင်သော ပြည်ထောင်စုကြီးကို တည်ဆောက်ကြပါစို့ စာအုပ် အပါအဝင် ရွှေဝါရောင် တော်လှန်ရေးအတွင်း သံဃာတော်များ ဆန္ဒပြနေသည့် မှတ်တမ်းတင် စီဒီချပ်ကို စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) က စစ်ဆေး တွေ့ရှိပြီးနောက် တာဝန်ရှိသူ သူတို့နှစ်ဦးကို ဖမ်းဆီးကာ ဂျာနယ် ထုတ်ခွင့်ကိုပါ ပိတ်ပင်ထားခဲ့သည်။


ဝေါလေခီးကို ကေအန်ယူက ပြန်လည်သိမ်းပိုက်

သန်းထိုက်ဦး
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 02 2008 15:48 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ မကြာသေးခင်က လက်လွှတ် ဆုံးရှုံးခဲ့သည့် ဝေါလေခီးစခန်းကို ကရင်သူပုန်များက နောက်တရက်တွင် ပြန်လည် သိမ်းပိုက်လိုက်သည်။

ဇွန်လ ၃ဝ ရက်နေ့ နံနက်တွင် DKBA ခေါ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် ၉ဝ၇ တပ်ဖွဲ့က နအဖ စစ်တပ်ဖွဲ့နှင့် ပူးတွဲကာ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA တပ်ရင်း ၂ဝ၁ တပ်စွဲထားရာ ဝေါလေခီး ဒေသအား ထိုးစစ်ဆင် သိမ်းပိုက်ခဲ့ရာမှ နောက်တရက် နံနက်တွင် KNLA က ပြန်လည်ထိုးစစ်ဆင်ကာ ည ၉ နာရီခန့်တွင် သိမ်းပိုက်နိုင်ခြင်း ဖြစ်သည်။

“အားလုံး ပြန်သိမ်းလိုက်နိုင်ပြီ။ မနေ့ နေ့ခင်းတုန်းက တဝက် သိမ်းထားပြီးပြီ။ ညတုန်းက သူတို့ အကုန် ပြန်ဆုတ်သွားတော့ စခန်းက ရှင်းသွား ပြီ” ဟု နိုင်ငံရေး ဦးဆောင်အဖွဲ့ကြီး ဖြစ်သော ကရင်အမျိုးသား အစည်းအရုံး KNU ဗဟို သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ပဒိုစောလှငွေက ပြောသည်။

KNLA တပ်သား ၆ဝ နှင့် DKBA တပ်သား ၈ဝ ခန့်အကြား တနေကုန် အပြင်းအထန် တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

ပဒိုစောလှငွေက “ဟိုဘက် (နအဖ) ၂၈၄ တပ်တွေကလည်း တောင်ကုန်းပေါ်ကနေ လက်နက်ကြီးတွေနဲ့ ကူပစ်ပေးတယ်။ ပစ်တော့ ထိုင်းဘက် လည်း ကျတယ်။ သူတို့ဘက်လည်း ကျ၊ ကိုယ့်ဘက်လည်း ကျ။ ကိုယ့်ဘက်က အထိအခိုက် မရှိဘူး။ ကျနော်တို့ ပစ်တာနဲ့ ရန်သူပစ်တဲ့ လက်နက်ကြီး သူတို့ပေါ်ကျတာ ဘယ်လောက်ရှိမလဲ မပြောတတ်ဘူး” ဟု ပြောသည်။

ယခုအခါ ဝေါလေခီးကို KNLA မှ ဒုဗိုလ်မှူးကြီး ကဲထူးက ကွပ်ကဲနေပြီ ဖြစ်သည်။

တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ရာ၌ KNLA တပ်သားတဦး ကျဆုံးသော်လည်း၊ DKBA ဘက်တွင် ထိခိုက်ကျဆုံး မည်မျှ ရှိသည်ကို မသိရပေ။

တိုက်ပွဲဖြစ်ရာ ဝေါလေခီး ဒေသသည် ထိုင်း-မြန်မာ နယ်စပ်မြို့ မဲဆောက်၏ တောင်ဘက် ၄၅ ကီလိုမီတာခန့်တွင် တည်ရှိသည်။

ယခုအခါ ထိုင်းအာဏာပိုင်များက နယ်စပ်တလျှောက်တွင် လုံခြုံရေးတပ်များ တိုးမြှင့် ချထားလာသည်။


အနုပညာရှင်များ မူးယစ်ဆေးဝါးဖြင့် မဖမ်းဆီးဟု ရဲချုပ်က ပြော

နန်းဒေဝီ
အင်္ဂါနေ့၊ ဂျူလိုင်လ 01 2008 19:51 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ နာမည်ကြီး အနုပညာရှင် အချို့နှင့် စီးပွားရေး လုပ်ငန်းရှင်များအား မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ထိန်းသိမ်းထားခြင်း မရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲချုပ်က ပြောဆိုလိုက်သည်။

နေပြည်တော်တွင် ပြုလုပ်သော ‘အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့’ အထိမ်းအမှတ် ဆိုင်ရာ အခမ်းအနားအပြီး သတင်းစာ ရှင်းလင်းပွဲတွင် အနုပညာရှင်၊ စီးပွားရေး လုပ်ငန်းရှင်များအား ဖမ်းဆီးထိန်းသိမ်း၊ တရားစွဲဆိုခြင်း မရှိကြောင်း ရဲချုပ် ခင်ရီ၏ ငြင်းဆိုချက်ကို ရန်ကုန်အခြေစိုက် ယခုအပတ်ထုတ် Weekly Eleven ဂျာနယ်က ရေးသား ဖော်ပြလိုက်ခြင်း ဖြစ်သည်။

“ကျနော်တို့ အခုချိန်ထိ အနုပညာရှင်တွေကို ဖမ်းဆီးထားတာ မရှိပါဘူး။ စီးပွားရေး လုပ်ငန်းရှင်တွေကိုလည်း အခုချိန်ထိ တရားစွဲဆိုခြင်း မရှိဘူး” ဟု ရဲချုပ်ခင်ရီမှ မြန်မာ သတင်းထောက်များ၏ မေးမြန်းချက်များကို ဂျာနယ်တွင် ဖော်ပြထားသည်။

နာမည်ကျော်ကြား မြန်မာအနုပညာရှင် ၃ဝ ဦးထက်မနည်းအား ပြီးခဲ့သည့် လလယ်ပိုင်းတွင် အာဏာပိုင်များက မူးယစ်ဆေးဝါး သုံးစွဲသူများဟု ယူဆကာ ခေါ်ယူ စစ်ဆေးခဲ့သလို၊ မူးယစ် ရောင်းဝယ်မှုဖြင့် စီးပွားရေး လုပ်ငန်းရှင် မောင်ဝိတ်အား ဖမ်းဆီးခဲ့သည်ဟု ပြည်ပရှိ မြန်မာ သတင်းဌာနများက ရေးသားဖော်ပြမှုများ ထွက်ပေါ်လာပြီးနောက် နေပြည်တော် သတင်းစာ ရှင်းလင်းပွဲတွင် ရဲချုပ်က ယခုလို ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်လ ၁၇ ရက်နေ့ထုတ် First Music ဂျာနယ်တွင်လည်း ရုပ်ရှင်သရုပ်ဆောင် နန္ဒာလှိုင်၊ စိုးမြတ်သူဇာ၊ နဝရတ်၊ ဂန္တာဝင်၊ ဖိုးကျော်၊ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) နှင့် အဆိုတော် ဖြိုးကြီး၏ ဓာတ်ပုံများနှင့် အတူ ‘မူးယစ်ဆေးဝါး သုံးစွဲခြင်းဖြင့် အနုပညာရှင်များ၏ အောင်မြင်မှုနှင့် ဘဝခရီးအား ကြီးမားသော ဆုံးရှုံးမှု ဖြစ်စေနိုင်ကြောင်း’ ဖော်ပြခဲ့သည့်အတွက် အနုပညာရှင်များက ငြင်းဆိုခဲ့ရာ ဇွန်လ ၂၃ ရက် နေ့ထုတ် ဂျာနယ်တွင် တောင်းပန်စာ ပြန်လည် ရေးသားခဲ့ရသေးသည်။

ထိုင်းနိုင်ငံအခြေစိုက် မြန်မာသတင်းသမဂ္ဂ (BMA) ၏ အတွင်းရေးမှူးဖြစ်သူ ကိုစံမိုးဝေက ယခုလို အမှန်တရားကို သိသော်လည်း အဖြစ်အပျက် အမှန်များအား အာဏာပိုင်များက ဖုံးကွယ်ပေးခြင်း ဖြစ်သည်ဟု ဆိုသည်။

သူက “အာဏာပိုင်တွေက ဗြောင်လိမ်နေတာပါ။ အမှန်တရား၊ သတင်းမှန်တွေကို သူတို့ ပါးစပ်ဖျားမှာ ကြိုက်သလို လုပ်နေကျပဲ။ သူတို့ ဘာပြောပြော ပြည်သူလူထုက သိပြီးသားပါ။ အာဏာပိုင်တွေ ကိုယ်တိုင် အရှုပ်ထဲမှာ ပါနေတော့ ဖုန်းကွယ်တော့တာပေါ့” ဟု ပြောသည်။


ကြံ့ဖွံ့နှင့် စွမ်းအားရှင်ကို ဥပဒေမဲ့ ကျူးလွန်ခိုင်းနေ

မြင့်မောင်
အင်္ဂါနေ့၊ ဂျူလိုင်လ 01 2008 19:43 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများကို နှိမ်နင်းရန်အတွက် လူမှုရေးအသင်းကို ဥပဒေမဲ့ လုပ်ရပ်များ ကျူးလွန်ခိုင်းနေသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယနေ့ ပြောဆိုသည်။

လွန်ခဲ့သည့် ၁ဝ ရက်ကျော်က ရန်ကုန်ရှိ ဗဟိုရုံးချုပ်အတွင်း စစ်အစိုးရ ကျောထောက်နောက်ခံပြု စွမ်းအားရှင်နှင့် ကြံ့ခိုင်ရေး အသင်းသားများ သည် အတင်းဝင်ရောက်ကာ ပါတီဝင်များကို ဖမ်းဆီး ခေါ်ဆောင်သွားပြီး နောက်ပိုင်း အဖွဲ့ချုပ် သတင်းနှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူ တဦးက ယခုလို ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“လုံခြုံရေးအဖွဲ့ဝင်တွေ ရှေ့မှာ လူမှုရေး အသင်းအဖွဲ့ဖြစ်တဲ့ ကြံ့ခိုင်ရေးနဲ့ စွမ်းအားရှင်တွေက သူတို့အနေနဲ့ လုံခြုံရေးသမားတွေလို အဖွဲ့ချုပ် အဖွဲ့ဝင်တွေကို ရုံးရှေ့မှာ အတင်းဝင်ပြီးတော့ ရိုက်နှက် ဖမ်းဆီးတာက စဖမ်းကတည်းက ဥပဒေနဲ့ ညီမှ မညီတာ”ဟု သတင်းနှင့် ပြန်ကြားရေး အဖွဲ့ဝင် ဒေါက်တာဝင်းနိုင်က ပြောသည်။

သူက ဆက်ပြီး “ဒီတိုင်းပြည်မှာ ဥပဒေဆိုတာက ဒေါ်အောင်ဆန်းစုကြည်က ပြောထားတာပဲ ဥပဒေမှ မရှိတာပဲ။ ဒီပဲယင်းကိုပဲ ကြည့်ပါလား။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦး အပါအဝင် ရိုက်နှက်ခံရတယ်။ ရိုက်တဲ့နှက်တဲ့ သူတွေကို အရေးမယူဘဲနဲ့ အရိုက်ခံရတဲ့ သူတွေကို အရေးယူထားတယ် ဆိုတဲ့ဟာကို ကြည့်လို့ရှိရင် ဒီတိုင်းပြည်မှာ ဥပဒေရှိလား၊ မရှိလားဆိုတာ သိနိုင်တယ်” ဟု ပြောသည်။

အဖွဲ့ချုပ် လူငယ်တဦးကလည်း “ဒါက အခုမှ မဟုတ်ဘူး။ စက်တင်ဘာ ကတည်းက ဒီလိုပဲ သုံးတာဖြစ်တယ်” ဟု ပြောသည်။

ပြီးခဲ့သည့်လ ၁၉ ရက်နေ့က ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၃ နှစ်မြောက် မွေးနေ့ အခမ်းအနားကို ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ ပါတီရုံးချုပ်တွင် ကျင်းပရာ နအဖ စစ်ခေါင်းဆောင်များ ကိုယ်တိုင် ဦးစီးကွပ်ကဲနေသည့် လူမှုရေးအသင်း ကြံ့ခိုင်ရေး အဖွဲ့ဝင်များနှင့် စွမ်းအားရှင် ဆိုသူများက လုံထိန်း၊ ရဲနှင့် ထောက်လှမ်းရေးများ ရှေ့မှောက်တွင် ရုံးချုပ်ဝန်းအတွင်း အတင်းအကျပ် ဝင်ရောက်ကာ ပါတီဝင်အချို့ကို ဖမ်းဆီး ခေါ်ဆောင်ခဲ့သည်။ ထိုနေ့က ရုံးဝန်း အတွင်းအပြင် ဖမ်းဆီးမှုတွင် ပါတီဝင် အနည်းဆုံး ၁၄ ဦး ပါရှိသွားသည်။

ပါတီလူငယ်က “နိုင်ငံရေးသမားတွေကို သူတို့က ကိုယ်တိုင် ရင်မဆိုင်တော့ဘူး။ ကျနော်တို့နဲ့ စွမ်းအားရှင်တွေ၊ ကြံ့ခိုင် ဖွံ့ဖြိုးရေးတွေကို ထိပ်တိုက်တွေ့ခိုင်းတာ ဖြစ်တယ်။ ဒီသဘောက ယုတ်မာတယ်၊ ဘယ်လို ယုတ်မာလဲဆိုတော့ သူတို့လုပ်တာ မဟုတ်ဘူး၊ ပြည်သူအချင်းချင်း လုပ်တာ ဖြစ်တယ်လို့ ပြောလေ့ရှိတယ်။ ဒီလို ပြဿနာတွေကို အခုလို မရှင်းသင့်ဘူး။ စေ့စပ်ဆွေးနွေးပွဲတွေ မလုပ်နိုင်သည့်တိုင်အောင် ဒီလိုမျိုး ယုတ်မာတဲ့ နည်းလမ်းတွေကို မလုပ်သင့်ဘူး” ဟု ပြောသည်။

ဒေါက်တာဝင်းနိုင်ကလည်း “အဲဒီလို ဥပဒေမဲ့ အကြမ်းဖက် လုပ်ရပ်တွေကို လက်မခံဘူးလို့ အကြိမ်ကြိမ် ပြောပြီးပါပြီ။ ဒီလို သတ်တာ ဖြတ်တာတွေ လုပ်လာတဲ့ ဟာတွေက သူတို့တာဝန်ပဲလေ။ သူတို့ လုပ်ဆောင်ချက်တွေပေါ် မူတည်ပြီးတော့ ကျနော်တို့ လုပ်စရာ ရှိတာကို လုပ်သွားမယ်” ဟု ပြောဆိုသည်။

ပါတီ အထွေထွေ အတွင်းရေးမှူးချုပ် ကမ္ဘာ့နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ၂ဝဝ၃ ခုနှစ် မေလ ၃ဝ ရက်နေ့က စစ်ကိုင်း တိုင်း ဒီပဲယင်း ဒေသအနီးတွင် စစ်အာဏာပိုင်များ အနီးကပ် ကြီးကြပ်ကာ ကြံ့ဖွံ့အသင်းသားများက အကြမ်းဖက် ရိုက်နှက် သတ်ဖြတ်မှုများ ပြုလုပ်ခဲ့သလို၊ ၂ဝဝ၇ ခုနှစ် စက်တင်ဘာလအတွင်းက သံဃာလူထု ဆန္ဒပြပွဲကိုလည်း အဆိုပါ လူမှုရေး အသင်းသားများက အကြမ်းဖက် ဖြိုခွဲခဲ့သည်။

ကြံ့ဖွံ့အသင်းကို ၁၉၉၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် အာဏာသိမ်း စစ်အစိုးရက ၎င်း၏ နိုင်ငံရေး ရည်ရွယ်ချက်များကို အကောင်အထည် ဖော်ပေးရန်အတွက် လူမှုရေးအသင်းအဖြစ် သတ်မှတ် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ယခုအခါ နိုင်ငံသားဦးရေ၏ ထက်ဝက်နီးပါးမျှ ရှိသည့် လူဦးရေ ၂၄ သန်းသည် အသင်းဝင်ဖြစ်သည်ဟု နအဖ စစ်အစိုးရက ပြောဆိုလေ့ ရှိသည်။


ရွှေပြည်သာ ကြံ့ဖွံ့ရုံးတွင် ဗုံး ပေါက်

သန်းထိုက်ဦး
အင်္ဂါနေ့၊ ဂျူလိုင်လ 01 2008 16:54 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်ရှိ စစ်အစိုးရ ကျောထောက်နောက်ခံ ပေးထားသော အဖွဲ့အစည်း တခုဖြစ်သည့် ကြံ့ခိုင်ဖွံ့ဖြိုးရေး ရုံးတရုံးရှေ့တွင် ယနေ့ နံနက်ပိုင်းက အသေးစား ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့သည်ဟု မျက်မြင်သက်သေများက ပြောသည်။

ရွှေပြည်သာမြို့နယ် စစ်တောင်းလမ်းရှိ မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (မယက) ရုံး၏ အနောက်ဘက် မလှမ်းမကမ်းတွင် တည်ရှိသော ရပ်ကွက် အေးချမ်းသာယာရေးနှင့် တွဲလျက် တည်ရှိသော ကြံ့ဖွံ့ရုံးခန်း ရှေ့တွင် အင်္ဂါနေ့ နံနက်က ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

“မနက် ၆ နာရီ ၁ဝ မိနစ်လောက်မှာ သူတို့ ရုံးအရှေ့မှာ ကားတိုက်မှု ဖြစ်တယ်။ ကားတိုက်မှုဖြစ်တော့ အဲဒီရုံးထဲက ကြံ့ခိုင်ရေးတွေ ထွက်ကြည့် ကြတယ်။ ထွက်ကြည့်နေကြရင်း အဲဒီအချိန်မှာ ပေါက်တာဖြစ်တယ်” ဟု ရွှေပြည်သာနေ အခင်းဖြစ်ပွားပြီးနောက် သွားရောက်ကြည့်ရှုခဲ့သူ တဦးက ပြောသည်။ သို့သော် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှု တစုံတရာ မရှိဟု သူက ဆက်ပြောသည်။

ဗုံးပေါက်ကွဲ ပြီးပြီးချင်း အခင်းဖြစ်ရာမှ ကိုက် ၅ဝ အကွာခန့်တွင် စစ်ဘက်၊ ရဲဘက် လုံခြုံရေးများ ချထားလိုက်ပြီး လူအများ ဖြတ်သန်း သွားလာခွင့်ကို တားမြစ်လိုက်သည်။

ယခု ဗုံးပေါက်ကွဲမှုသည် ယခုနှစ်အတွင်း မြန်မာနိုင်ငံ မြို့ကြီး ၃ မြို့တွင် ၅ ကြိမ်မြောက် ဗုံးပေါက်ကွဲမှု ဖြစ်သည်။ ပေါက်ကွဲမှု ဖြစ်ပွားတိုင်း မြောက်များလှစွာသော စစ်အစိုးရ အတိုက်အခံ အဖွဲ့အစည်းများကို လက်ညိုးထိုးလေ့ ရှိသော်လည်း တရားခံမမိခဲ့သည့် ထုံးစံအတိုင်းပင် ယခု ပေါက်ကွဲမှုနှင့် ပတ်သက်၍ လက်သည်တရားခံကို ဖမ်းဆီးနိုင်လိမ့်မည်ဟု အများက ယုံကြည်ထားခြင်း မရှိပေ။

လွန်ခဲ့သည့် ဇန်နဝါရီလကလည်း နေပြည်တော် ပျဉ်းမနားဘူတာအနီး ဗုံးပေါက်ကွဲသဖြင့် အမျိုးသမီးတဦး သေဆုံးခဲ့သလို၊ ရန်ကုန် ဘူတာကြီး အနီးတွင်လည်း အနည်းဆုံး လူတဦး ဒဏ်ရာရှိသည့် ဗုံးပွဲမှု ဖြစ်ခဲ့သေးသည်။ ထို့အပြင် ပဲခူးတိုင်း ဖြူးမြို့အနီးတွင် ဘတ်စ်ကားပေါ် ဗုံးပွဲရာတွင် ကားစပယ်ယာ ပွဲချင်းပြီး သေဆုံးခဲ့ကာ၊ ပြီးခဲ့သည့် ဧပြီလ ၂ဝ ရက်နေ့တွင် ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်အတွင်း ဗုံးနှစ်လုံး ပေါက်ကွဲမှု တွင် ထိခိုက်သေဆုံးမှု မရှိခဲ့ပါ။


စက်သုံးဆီနှင့် မျိုးစပါး ခက်ခဲနေဆဲဖြစ်

ဖနိဒါ
အင်္ဂါနေ့၊ ဂျူလိုင်လ 01 2008 12:46 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ မုန်တိုင်းသင့် ဧရာဝတီနှင့် ရန်ကုန်တိုင်းရှိ ကျေးရွာအချို့တွင် စစ်အစိုးရက ကျွဲနွားနှင့် ထွန်စက်များ ချပေးသော်လည်း လယ်သမား များအဖို့ စက်သုံးဆီနှင့် မျိုးစပါး အခက်အခဲ ရှိနေသည်။

ရန်ကုန်တိုင်း ကော့မှူးမြို့နယ်နှင့် ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် အတွင်းရှိ ကျေးရွာ အများအပြားတွင် လယ်သမားများကို အနည်းဆုံး လယ်ဧက ၆ဝ ရှိလျှင် စစ်အစိုးရက လက်တွန်းထွန်စက်နှင့် ကျွဲနွားများ အရစ်ကျ ချပေးသော်လည်း စက်သုံးဆီ ဝယ်ယူနိုင်မှု မရှိသလို၊ မျိုးစပါး များလည်း မရသဖြင့် လယ်စိုက်ရေး အခက်ကြုံနေခြင်း ဖြစ်သည်။

“ကော့မှူးမြို့နယ်ထဲက ကိုးတောင်၊ ကန်သုံးကန်၊ ဖရုံချောင်နဲ့ ကြာကန်ရွာမှာ မျိုးစပါး ရပေမယ့် ရွာတချို့ကျ မျိုးစပါးနဲ့ လက်တွန်းထွန်စက် မရလို့ ကိုယ့်နည်းကိုယ့်ဟန် လုပ်ကိုင်နေရတယ်” ဟု ကော့မှူးဒေသခံက ပြောသည်။

“အရစ်ကျ ဆိုတာက တယောက်ယောက်က အာမခံပေးတယ်ပေါ့လေ။ ပြောမယ်ဆိုရင် ဝိုင်းပြီးလုပ်တဲ့ ပုံစံပေါ့နော်။ တယောက်က စိုက်ထားရင် ကျန်တဲ့တယောက်က အာမခံပေးတယ်ပေါ့နော်။ ဒါမှမဟုတ် ခြံ၊ လယ်၊ အိမ် ဂရမ်တွေ ပြရတယ်ပေါ့လေ။ အရစ်ကျ ဆိုတာကတော့ တနှစ်တကြိမ် သုံးနှစ်ပေါ့နော်။ (ထွန်စက်ဖိုး ၁၅ သိန်းမှာ) တနှစ် ၅ သိန်း ပေးချေရမယ်ပေါ့နော်” ဟု ဘိုကလေးဒေသခံ လယ်သမားတဦးက ပြောသည်။

ဘိုကလေးမြို့နယ်ရှိ မလော၊ ဒေါင့်ကြီး၊ ပတ္တမြားကုန်းနှင့် စပ်စုကျေးရွာအုပ်စုများတွင် အချို့ရွာသားများ မျိုးစပါး ရသော်လည်း အချို့ကျေးရွာ များတွင် မျိုးစပါး မရသေးသဖြင့် အခက်ကြုံနေရသည်။

သူက “ဘိုကလေးမြို့နယ်မှာရှိတဲ့ ဟေမန်ကြိမ်ကြောင်းလေး ကျေးရွာမှာလိုပေါ့နော်။ လိုအပ်တာရဲ့ သုံးပုံတပုံ လောက်တော့ ရတယ်ပေါ့နော်။ မျိုးစပါးက အားလုံး ၂ဝဝ တင်း ရရမှာ၊ ၃ဝ တင်းလောက်ပဲ ရောက်တယ်။ နည်းနည်းတော့ နောက်ကျပြီပေါ့နော်။ အခု အချိန်ရောက်ရင်တော့ တော်သေးတယ်။ တရွာနဲ့တရွာ မတူဘူး” ဟု ဆက်ပြောသည်။

ကော့မှူးမြို့နယ် ထန်းမနိုင်ကျေးရွာရှိ လယ်သမားများကို တဦးလျှင် မျိုးစပါး ၇ တင်း ပေးမည်ဟူသည့် ဒေသ အာဏာပိုင်များ၏ ပြောဆိုချက် များကြောင့် ရွာသားအချို့ မြို့ပေါ် တက်လာကြသော်လည်း မျိုးစပါးက ရောက်ရှိလာခြင်း မရှိသေးပေ။

ဘိုကလေးမြို့နယ်ရှိ မဂူကျေးရွာအုပ်စုရှိ ရေဝင်ဥတို ကျေးရွာမှ လယ်သမားကမူ “ကျနော်က လယ်ဧက ၇ဝ ရှိတယ်။ မျိုးစပါးခွဲတန်းက များမယ် ပြောပြီး အခုရတာက ၃ တင်းပဲ ရသေးတယ်။ ဘယ်လို ကျဲမလဲ။ မျိုးစပါး အချိန်မီ မရရှိသေးလို့ ရာသီချိန်မှာ စိုက်နိုင်မှာ မဟုတ်ဘူးလေ။ ကျနော်တို့ စိုးရိမ်နေတယ်” ဟု ပြောသည်။

နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီနှင့် ရန်ကုန်တိုင်းရှိ ကျွဲ၊ နွား အများအပြား သေဆုံးသွားပြီဖြစ်ရာ ယခုအခါ လက်တွန်းထွန်စက်ကိုသာ အားကိုး နေရမည့် အခြေဆိုက်နေသော်လည်း မရှိသည့် ကျေးရွာများ ရှိနေပြန်သည်။

ကော့မှူးဒေသခံကလည်း “ဘာကြောင့် မပေးလဲဆိုတော့ အဲဒီကျေးရွာက လူကြီးတွေက လဒ်ထိုးလဒ်စား ရှိတယ်။ မယက နဲ့ ကပ်ပေါင်းတယ် လေ။ ဘုန်းကြီးကျောင်းတွေကိုလည်း လက်တွန်းထွန်စက် ချပေးတယ်လို့ ကြားတယ်။ ဒါပေမဲ့ မြစန္ဒီမှာတော့ ဘာမျိုးစပါးမှ မပေးသေးဘူး။ စက်လည်း မပေးဘူး” ဟု ပြောသည်။

ကျေးရွာတရွာလျှင် ကျွဲနှင့် နွားအကောင်ရေ ၃ ကောင်မှ ၄ ကောင်အထိသာ ချပေးသဖြင့် လက်တွန်းထွန်စက် ရရှိရန် ကျေးရွာလူကြီး၏ ထောက်ခံချက် လိုအပ်ပြီး၊ စက်ရရှိနိုင်သူများမှာ အာဏာပိုင်များနှင့် နီးစပ်သူ အများစုဖြစ်နေကာ ချို့ယွင်း ပျက်စီးနေသည့် စက်များလည်း ပါရှိနေသည်ဟု မဇ္ဈိမ လျှို့ဝှက် သတင်းထောက်က ဆိုသည်။ စက်ပြင်စရိတ်မှာ အနည်းဆုံး သိန်းဂဏန်း ရှိသည်။

မြစန္ဒီကျေးရွာသား လယ်သမားက “အစိုးရက ပေးမယ်ပြောတာပဲ။ ပတ်ဝန်းကျင်က ပြောနေတာပဲ။ တခါမှလည်း မရပါဘူး။ လယ်တဧကကို တဂါလံ ပေးမယ်လို့ ပြောထားတယ်လေ။ တခါမှလည်း မရသေးဘူး။ ကျနော်တို့ရွာကိုတော့ ဘာမှ လာပေးသေးဘူး။ ဈေးကြီးရင်လည်း ဝယ်သုံး ရတယ်လေ” ဟု ပြောသည်။

ဒီဇယ်တဂါလံ အစိုးရဈေးနှုန်း ၃၅ဝဝ ကျပ်ဖြင့် ရရှိမည်ဟု ဒေသ အာဏာပိုင်များက ပြောဆိုခဲ့သော်လည်း ယခုထိ ပုဂ္ဂလိကဈေးနှုန်း တဂါလံ ၆၅ဝဝ ကျပ်ကျော်ဖြင့် ပြင်ပမှ ဝယ်ရမည်ဖြစ်သဖြင့် ငွေမတတ်နိုင်သောကြောင့် အသုံးမချနိုင်သေးကြောင်း ဧရာဝတီတိုင်း ကွန်းခြံကုန်းမြို့နယ် ဝက်သိုက် ကျေးရွာသားက ပြောသည်။

သူက ဆက်ပြီး “ထွန်စက်နဲ့ နွားနဲ့ ထွန်တယ်။ ကိုယ်ပိုင်စက်တွေ များတယ်။ မယက ပေးတာက နည်းပါတယ်။ မျိုးစပါးကလည်း ကိုယ့်ရွာသား အချင်းချင်း ချေးပြီး စိုက်ရမယ်ပေါ့နော်။ ဆီမပေါတဲ့ အခါကျတော့ ရန်ကုန်ကနေ ဝယ်ရတယ်။ တပေပါကို ၃ သိန်း ဝယ်ရတယ်။ ကွမ်းခြံကုန်းက လိုင်းကားတွေလည်း တပေပါကို တသောင်း ယူတယ်လေ” ဟု ပြောသည်။


ဝေါလေခီးတွင် တိုက်ပွဲဖြစ်၊ ကရင်တပ်သားတဦး ကျဆုံး

သန်းထိုက်ဦး
တနင်္လာနေ့၊ ဇွန်လ 30 2008 20:05 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ နအဖ စစ်အစိုးရ ပူးပေါင်းတပ်နှင့် ကရင်လွတ်မြောက်ရေး တပ်မတော်အကြား ယနေ့ နံနက်ပိုင်းက ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားရာ ကရင်တပ်သားတဦး ကျဆုံးခဲ့သည်။

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ၏ ကော့ကရိတ်မြို့နယ်အတွင်းရှိ ဝေါလေခီးဒေသမှ တပ်စခန်းတခုအား နအဖ တပ်နှင့် ကရင်အဖွဲ့ကွဲတခုဖြစ်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) ပူးပေါင်းတပ်ဖွဲ့က ယနေ့နံနက် ၄ နာရီခန့်တွင် လာရောက်တိုက်ခိုက်ရာ KNLA တပ်သားတဦး ကျဆုံးပြီး တဦး ဒဏ်ရာ ရသွားခဲ့ခြင်း ဖြစ်သည်။

“တိုက်ပွဲ အခြေအနေကတော့ ဒီဘက်က တယောက် ဖမ်းမိပြီးတော့ တယောက် ကျတယ်။ အဲဒါနဲ့ပဲ ပြီးသွားတာပေါ့” ဟု KNLA ၏ နိုင်ငံရေး ဦးဆောင်အဖွဲ့ ဖြစ်သည့် ကရင် အမျိုးသားအစည်းအရုံး (KNU) ဗဟို သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ပဒို စောလှငွေက မဇ္ဈိမကို ပြောသည်။

ဝေါလေခီး ဒေသသည် ထိုင်း-မြန်မာ နယ်စပ်မြို့ မဲဆောက်၏ တောင်ဘက် ၄၅ ကီလိုမီတာခန့် အကွာအဝေးတွင် တည်ရှိသည်။

နှစ်ဖက်တိုက်ပွဲသည် ၂ နာရီခန့် ကြာမြင့်ခဲ့ပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည့် နအဖ နှင့် DKBA ပူးတွဲတပ်သည် အင်အား ၄ဝ ခန့် ပါဝင်ကာ KNLA တပ်သား ၇ ဦးခန့်သာ ရှိခဲ့သည်ဟု ပဒိုစောလှငွေက ပြောသည်။

ဝေါလေခီးစခန်းသည် စခန်းဟောင်း တခုဖြစ်ပြီး လက်ရှိအချိန်တွင် နအဖ စစ်အစိုးရဘက်က သိမ်းပိုက်ထားသည် သို့မဟုတ် ပြန်လည် ဆုတ်ခွါသွားသည်ကိုမူ အတိအကျ မသိသေးကြောင်း KNU က ပြောသည်။


မစုစုနွေး ထောင်နံရံကို ခေါင်းနဲ့ဝင်တိုက်

ဖနိဒါ
တနင်္လာနေ့၊ ဇွန်လ 30 2008 20:00 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ အင်းစိန်ထောင်အတွင်း ချုပ်နှောင်ခံထားရသည့် လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးသည် ထောင်ဝန်ထမ်းများနှင့် စကားများပြီး အုတ်နံရံကို ခေါင်းနှင့် ဆောင့်သဖြင့် လွန်ခဲ့သည့် နှစ်ရက်က သတိမေ့မျောခဲ့သည်ဟု သူမ၏ ဆွေမျိုးတဦး အပြောအရ သိရသည်။

“အခန်းကျဉ်းထဲမှာ နေရချိန် များလာတဲ့အတွက် နှလုံးရောဂါရှိတဲ့ မစုစုနွေးမှာ အသက်ရှူမဝ ဖြစ်လာလို့ တံခါးဖွင့်ပေးဖို့ ထောင်ဝန်ထမ်း အမျိုးသမီးကို တောင်းဆိုပါတယ်။ ထောင်ဝန်ထမ်းတွေက တံခါးဖွင့်ပေးပေမယ့် စိတ်အနှောင့်အယှက် ဖြစ်အောင် ပြုမူတဲ့အပေါ် မကျေနပ်တဲ့ အတွက် အုတ်နံရံကို ခေါင်းနဲ့ဆောင့်ရာက သတိမေ့ လဲကျသွားတယ်” ဟု မစုစုနွေး၏ အမဖြစ်သူ ဒေါ်ဌေးဌေးကြည်က မဇ္ဈိမကို ပြောသည်။

နှလုံးရောဂါ ဝေဒနာရှင် မစုစုနွေးကို ၂ဝဝ၇ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်တွင် မြရိပ်ညို ဟိုတယ်ရှေ့တွင် အစိုးရ ဆန့်ကျင်ရေး စာတမ်းချိတ်ဆွဲစဉ် အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ သူတို့ကို ဥပဒေနှင့် ဆန့်ကျင်သည့် လူစုလူဝေးတွင် ပါဝင်မှု ပုဒ်မ ၁၄၃၊ ၁၄၇၊ နိုင်ငံတော် ငြိမ်ဝမ်ပိပြားမှုကို ပျက်ပြားစေရန် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅(ခ)၊ အစိုးရကို အကြည်ညို ပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် တရားစွဲဆိုထားသည်။

“သက်သေတွေက တကယ်ပြန်ကြည့်ရင် စာတမ်းချိတ်တာက ဘာမှ အငြင်းမပွားဘူး။ ဒါကတော့ ပြည်ပအားကိုး ပုဆိန်ရိုး ဆိုပြီးတောင် လုပ်သေးတယ်ဆိုတော့၊ ဝတ်ပြု ဆုတောင်းတာက ဥပဒေနဲ့မှ မငြိစွန်းတာ။ ပထမတော့ စာတမ်း၊ ဆုတောင်းပွဲကိစ္စ ပြီးသွားပြီး၊ ပြန်လုပ် ပေးတယ်” ဟု မစုစုနွေး၏ အကျိုးဆောင်ပေးနေသည့် ရှေ့နေ ဦးမြင့်သောင်းက ပြောသည်။

သူက “မစုစုနွေးကတော့ သူ အမှန်တရားကို လုပ်တဲ့အတွက်ကြောင့် သူက ဘာမှ စိတ်ဓာတ်မကျဘူး။ ကျနော်တို့ အနေနဲ့လည်း မတရားမှု တွေကို ကျနော်တို့က အမှန်တရားအတွက် လုပ်ပေးရတဲ့အတွက်ကြောင့် ဘာမှ စိတ်ပျက်စရာ မရှိပါဘူး” ဟု သူက ဆက်ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်တွင် သူတို့နှစ်ဦးအား အင်းစိန်ထောင်အတွင်း အနောက်ပိုင်း ခရိုင်တရားမှ ရုံးချိန်းရက်အဖြစ် သတ်မှတ်ခဲ့သော်လည်း တရားသူကြီး ဦးဇော်ဝင်းရွှေ ပြောင်းရွှေ့သွားပြီး တရားသူကြီးအသစ် ဦးညီညီစိုး ရောက်ရှိလာသဖြင့် သူက အမှုနှင့် ပတ်သက်ပြီး စစ်ဆေးရန် အမိန့်မချသေးဘဲ လာမည့်လ ၉ ရက်နေ့သို့ ရမန်ပေးခဲ့သည်။


‘ဒီပရင်္ဂ’ ကဗျာကြောင့် မဂ္ဂဇင်း အယ်ဒီတာ နှုတ်ထွက်ရ

နန်းဒေဝီ
တနင်္လာနေ့၊ ဇွန်လ 30 2008 18:27 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ သမိုင်းဝင် ဒီပဲရင်းမြို့အကြောင်း စပ်ဆိုရေးသားထားသည့် ‘ဒီပရင်္ဂ’ ကဗျာကို ပုံနှိပ် ထုတ်ဝေမှုကြောင့် ချယ်ရီမဂ္ဂဇင်းတိုက် တာဝန်ခံ အယ်ဒီတာတဦး အလုပ်မှ ထွက်ရသည်အထိ ဖြစ်ပွားခဲ့သည်။

ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက်ခံ နာမည်ဆိုးဖြင့် ကျော်ကြားသော စာပေစိစစ်ရေးရုံးမှ ဇွန်လ ၂၄ ရက်တွင် ခေါ်ယူစစ်ဆေး မေးမြန်း ပြီးနောက် အယ်ဒီတာတဦးဖြစ်သူ ကိုဌေးအောင်အား အလုပ် ထုတ်ပယ်လိုက်ခြင်း ဖြစ်သည်။

ဇွန်လထုတ် ချယ်ရီမဂ္ဂဇင်းတွင် ကဗျာဆရာ ကြည်မောင်သန်း၏ ‘ဒီပရင်္ဂ’ သည် ဒီပဲရင်းမြို့ အကြောင်းကို သမိုင်းဝင် အဖြစ်အပျက်များဖြင့် ရေးသားထားသည်။

“သူ့ကို စာစစ်ဌာနက မေးတယ်။ ဒီကဗျာကို ဘယ်သူ တာဝန်ခံသလဲလို့ပေါ့။ အဲဒါနဲ့ ကိုဌေးအောင်က သူတာဝန်ခံပါတယ် ဆိုပြီး ပြောတယ်။ အဲဒါနဲ့ သူကတော့ အဲဒီကဗျာကို တာဝန်ယူရတဲ့သူ ဆိုတော့ ထွက်ပေးရတာပေါ့ဗျာ။ အဲလောက်လည်း pressure ပေးတာလည်း မဟုတ်ပါဘူး” ဟု ချယ်ရီ မဂ္ဂဇင်းတိုက်မှ အမည်မဖော်လိုသူ တာဝန်ရှိသူတဦးက ယခုလိုပြောသည်။

ကဗျာတွင် အကျဉ်းချုပ်မှာ မုံရွာ-ရေဦး ကားလမ်းပေါ်ရှိ ယခင် အလောင်းစည်သူမင်း လက်ထက်မှ အစပြုခဲ့သော မြို့လေးတမြို့ဖြစ်ကာ၊ စစ်သူကြီး မဟာဗန္ဓုလနှင့် သမိုင်းဝင် ရဟန်းပညာရှိ၊ လူအကျော်အမော်များ မွေးဖွားရာ၊ သမိုင်းဝင် သာသနိက အဆောက်အဦများ ရှိခဲ့သည့် မြို့ဖြစ်ခဲ့သော်လည်း သူရဲကောင်းများ ပျောက်ဆုံးခဲ့ပြီး၊ သစ္စာဖောက်များ အတောင်ပေါက်ခဲ့၊ လူငယ်လေးတဦး ဆိုင်ကယ်ကျပျောက်၊ အမျိုးသမီးတဦး သေကံမရောက် သက်မပျောက်ခဲ့ရ၊ အံကြိတ်ရ တက်ခေါက်ရသည့် အဖြစ်အပျက်များ ရှိခဲ့ကြောင်း ဖွဲ့ဆိုရေးသားကာ အဆုံးသတ်အပိုင်းတွင် ကဗျာဆရာမှ မုံရွာ-ရေဦး ကားလမ်းဖြတ်အသွား ၎င်းမြို့ကို လှမ်းကြည့်မိသောအခါ ‘အတိတ်တစ္ဆေက ငါ့ကို ခြောက်လှန့်နေလေရဲ့’ ဟု အဆုံးသတ် ရေးဖွဲ့ထားသည်။

သို့သော် နိုင်ငံရေး စည်းရုံးရေး ခရီးစဉ် လှည့်လည်နေသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ သူမ၏ ပါတီဝင်များ၊ ထောက်ခံသူများကို စစ်အစိုးရ၏ လက်ပါးစေများက ကြိုတင်အကွက်ချ တိုက်ခိုက်မှုတရပ်လည်း ဒီပဲယင်းမြို့တွင် ၂ဝဝ၃ ခုနှစ် မေ ၃ဝ ရက်နေ့တွင် ပြုလုပ်ခဲ့ရာ အနည်းဆုံး လူ ၆ဝ ကျော် သေဆုံး သို့မဟုတ် ဒဏ်ရာရခဲ့သည်။

ထို့နောက်တွင် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကော၊ ပါတီ၏ ဒုဥက္ကဋ္ဌ သူရဦးတင်ဦးပါ နေအိမ် အကျယ်ချုပ် အသီးသီး ချခံခဲ့ရသည်။

စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဖြစ်ခဲ့ဖူးသူ ဗိုလ်မှူး အောင်လင်းထွဋ်က မကြာသေးခင်က ဗီအိုအေ မြန်မာပိုင်း အစီအစဉ်နှင့် မေးမြန်းခန်းတွင် ဒီပဲယင်း လူသတ်မှုကို စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အမိန့်ပေးခဲ့သည်ဟု ထုတ်ဖော် ပြောကြားခဲ့သည်။

စာပေစိစစ်ရေး ခွင့်ပြုချက်ရပြီးနောက် ထုတ်ဝေလိုက်သော်လည်း မဂ္ဂဇင်းတိုက်၏ တာဝန်ခံ အယ်ဒီတာ အလုပ်မှ ထုတ်ပယ် လိုက်ရသည့် အတွက် မဖြစ်သင့် မဖြစ်ထိုက်သည့် လုပ်ရပ်မျိုးဖြစ်ကြောင်း ရန်ကုန်အခြေစိုက် အမည်မဖော်လိုသူ စာရေးဆရာ တဦးက ပြောသည်။

“အခုလို ကဗျာတပုဒ်ကြောင့် အလုပ်ဖြုတ်တဲ့ အဆင့်လုပ်တာ မကောင်းပါဘူး။ မလုပ်သင့် မလုပ်ထိုက်တာပါ။ ဒါကတော့ ဖြစ်နေအုံးမှာပါ။ စာပေစိစစ်ရေးနဲ့ ကျန်တဲ့ ဘယ်စာပေတိုက်၊ ဂျာနယ်တိုက်တွေပဲ ဖြစ်ဖြစ် သူတို့ (စာပေစိစစ်ရေး) ကို ဖြတ်နေရတယ်လေ” ဟု အမည်မဖော်လိုသူ ဝါရင့် စာရေးသူတဦးက ပြောသည်။

အလားတူ လစ်လပ်နေသည့် အမှုဆောင် အယ်ဒီတာ နေရာတွင် အစားထိုး အသစ်ခန့်အပ်ရန်အတွက် စာပေစိစစ်ရေးမှ အတည်ပြုချက် ရရှိရန် အယ်ဒီတာ အဖွဲ့ဝင်များထဲမှ တဦးဖြစ်သူ ဆရာပြည်သွေးနိုင် နာမည်အား တင်သွင်းထားကြောင်း စုံစမ်း သိရှိရသည်။

“အသစ်မခန့်ရသေးပါဘူး။ အခုနောက်ထပ် တာဝန်ခံ အယ်ဒီတာတဦးကို စာပေစိစစ်ရေးကို တင်ထားတယ်။ သောကြာနေ့က တင်လိုက်တာပါ။ ဒီတပတ်အတွင်းတော့ ကျလာဖို့ ရှိပါတယ်” ဟု ချယ်ရီမဂ္ဂဇင်း တာဝန်ခံ တဦးကလည်း အတည်ပြု ပြောကြားပြောသည်။

၁၉၈၆ ခုနှစ်တွင် ချယ်ရီမဂ္ဂဇင်းတိုက် စတင်ထုတ်ဝေခဲ့ပြီး၊ ယခင်ကတည်းက စာပေလောကတွင် ဝင်ရောက် လုပ်ကိုင်နေသော ကိုဌေးအောင်မှာ ယခင်က Beauty Max တွင် တာဝန်ခံ အမှုဆောင် အယ်ဒီတာနှင့် စိတ်ကူးချိုချို စာအုပ်တိုက်တို့တွင် တာဝန် ထမ်းဆောင်ခဲ့ရာ ယခု ချယ်ရီ မဂ္ဂဇင်းတွင် တာဝန်ခံ အယ်ဒီတာအဖြစ် သက်တမ်း တနှစ်ကျော် ထမ်းဆောင်ခဲ့ကြောင်း သိရသည်။


သတင်းစာဆရာကြီး ဦးဝင်းတင် ဆေးဝါးကုသရန် လိုအပ်

မင့်မောင်
တနင်္လာနေ့၊ ဇွန်လ 30 2008 16:44 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ အကျဉ်းထောင်တွင် ၁၉ နှစ်ကြာ ချုပ်နှောင်ခံနေရသော သတင်းစာဆရာကြီး ဦးဝင်းတင် (ဟံသာဝတီ) သည် ရင်ကျပ်ဝေဒနာ ကို ကုသရန် လိုအပ်နေသည်။

လာမည့် ဇူလိုင်လ ၄ ရက်နေ့ ထောင်ကျသက်တမ်း ၁၉ နှစ်ပြည့်မည် ဖြစ်သည့် ၇၉ နှစ်အရွယ် ဆရာကြီး ဦးဝင်းတင်သည် ထောင်ထဲတွင် ရင်ကျပ် ရောဂါကြောင့် ကျန်းမာရေး အခြေအနေ ဆိုးရွားစွာ ခံစားနေရသော်လည်း ဆေးဝါးကုသမှု အလုံအလောက် မရှိဟု သူ၏ မိတ်ဆွေများ နှင့် နိုင်ငံရေး အကျဉ်းသား စောင့်ရှောက်ရေးအဖွဲ့တို့က ပြောကြသည်။

“စောစောပိုင်း တွေ့တုန်းကတော့ ကျန်းမာရေး အခြေအနေ မဆိုးပေမယ့် အခုတခါကျတော့ ရင်ကျပ်ပြီးတော့ ရီ ရင်တောင် ချွဲသံ ထွက်နေတယ်။ ရီသံ မထွက်ဘဲ ချွဲသံ ရှဲရှဲ ထွက်နေတယ်။ ချွဲသံတွေလည်း ကြားရတဲ့ အချိန်ကျမှ ကျနော် နည်းနည်းတော့ လန့်သွားတယ်။ ထမင်းလည်း မစားနိုင်၊ အိပ်လည်း မအိပ်နိုင်တာ ၄-၅ ရက် ရှိနေပြီဆိုတော့ နည်းနည်းတော့ ပိန်သွားတယ်” ဟု ပြီးခဲ့သည့် စနေနေ့က ဦးဝင်းတင်ကို ထောင်ဝင်စာ သွားရောက်တွေ့ဆုံခဲ့သူ ဦးမောင်မောင်ခင်က ပြောသည်။

သူက ဆက်ပြီး “ဘာပဲပြောပြော ဒီအဖိုးကြီး၊ နိုင်ငံရေး အကျဉ်းသမားကြီး၊ နှစ်ပေါင်းများစွာ နေတဲ့ အကျဉ်းသမား တယောက်ကို ဂရုတစိုက် ကုသပေးသင့်တာပေါ့ဗျာ” ဟု ပြောသည်။

ရင်ကျပ်ရောဂါ ကုသရန်အတွက် ထောင်ဆေးမှူးများက ချွဲပျော်ဆေးကိုသာ ထောင်ပြင်ပက ဝယ်သောက်ခိုင်းနေသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) မှ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က “အသက်အားဖြင့် ကြီးရင့်နေတဲ့အတွက် သူ့ကျန်းမာရေး အခြေအနေ ဆိုးရွားလာတာ တွေ့ရတယ်။ တကယ်တမ်းဆို သူလွှတ်ဖို့ အချိန်တန်နေပြီ။ လွှတ်ဖို့အချိန်ကလည်း တော်တော်နီးလာပြီ။ လွှတ်ပေးမယ် ဆိုပြီးတော့ မလွှတ်ပေးဘဲ နအဖ အနေနဲ့ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်တာတွေ၊ ညှင်းဆဲ တာတွေ ရှိတယ်ဆိုတော့ သူ့အသက်အန္တရာယ်ကို အတော်လေး စိုးရိမ်တယ်” ဟု ပြောသည်။

သူက “ထောင်အာဏာပိုင်တွေက လူနာတယောက်ကို လုံလောက်တဲ့ စမ်းသပ်မှုမျိုး မလုပ်ဘဲနဲ့ ပြီးစလွယ် လွယ်လွယ်ပဲ ပြောလေ့ရှိတယ်။ နိုင်ငံရေး အကျဉ်းသမားတွေ ဖြစ်တဲ့အတွက် အပြင်ကို ထုတ်ဖို့ဆိုတာ မလွယ်ကူတဲ့အတွက်၊ အချိန်မီ ဆေးဝါးကုသခွင့် မရတဲ့အတွက် ပြဿနာ အများကြီး ကြုံတွေ့ခဲ့ရတယ်” ဟု ဆက်ပြောသည်။

ယခုနှစ် နှစ်ဆန်းပိုင်းက ရန်ကုန်ဆေးရုံကြီးတွင် အူကျရောဂါ ခွဲစိတ်ကုသမှု ခံခဲ့ရသေးသည်။

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ ရလဒ်နှင့်အညီ လွှတ်တော် ခေါ်ယူရေး အပါအဝင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ် ပေးကာ တွေ့ဆုံ ဆွေးနွေးရန်အတွက် ဆရာကြီး ဦးဝင်းတင်သည် ထောင်ဝင်စာ တွေ့ဆုံသူမှတဆင့် နအဖ စစ်အစိုးရကို တောင်းဆိုလေ့ရှိသူ ဖြစ်သည်။

ဟံသာဝတီ သတင်းစာကို ၁၉၆၈ ခုနှစ်တွင် မဆလ အစိုးရက ပြည်သူပိုင် သိမ်းခဲ့ပြီး၊ အောက်မြန်မာပြည်မှ မန္တလေးသို့ ပြောင်းရွှေ့ အခြေစိုက် သော ၁၉၆၉ ခုနှစ်တွင် အယ်ဒီတာချုပ် ဖြစ်လာကာ သတင်းစာသည် ထိုအချိန်က ပါတီ၊ ကောင်စီ၏ မှားယွင်း ချွတ်ချော်မှုများကို ခေါင်းကြီးပိုင်း နှင့် ဆောင်းပါးများဖြင့် ဝေဖန်ထောက်ပြကာ ပြည်သူလူထု နစ်နာချက်များကို ဖော်ပြခဲ့သဖြင့် ၁၉၇၈ ခုနှစ်တွင် မဆလ အစိုးရက သတင်စာ ထုတ်ဝေခွင့် ပိတ်ခဲ့ပြန်သည်။

ဆရာကြီးသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်စက တတ်သိပညာရှင် အဖွဲ့တွင် ပါဝင်ကာ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး အကြံဉာဏ်ပေး ပုဂ္ဂိုလ်အဖြစ် ဦးဆောင်ခဲ့သူဖြစ်ပြီး စစ်အစိုးရက ၁၉၈၉ ခုနှစ်မှ စတင်ကာ ထောင်တွင်းပြစ်ဒဏ် ၃ ကြိမ်ထက်မနည်း ချမှတ်ခဲ့သလို၊ လွှတ်ချိန်တန်သော်လည်း ယခုအချိန်အထိ ဖမ်းဆီးထားခြင်း ဖြစ်သည်။

ဆရာကြီးကို ၂ဝဝ၁ ခုနှစ်တွင် ယူနက်စကို အဖွဲ့ကြီးနှင့် ကမ္ဘာ့သတင်းစာများအဖွဲ့က ဦးဝင်းတင်၏ သတင်းစာ လွတ်လပ်ခွင့်ဆု (UNESCO/ Guillermo Cano World Press Freedom Prize) နှင့် ရွှေကလောင်ဆု (World Association of Newspapers' Golden Pen of Freedom Award) တို့ကို ချီးမြှင့်ခဲ့သည်။ ၂ဝဝ၆ ခုနှစ်တွင်မူ နယ်ခြားမဲ့ သတင်းထောက်များအဖွဲ့ (R.S.F) က Winner of Reporter Without Border ဆု ချီးမြှင့်ခဲ့သည်။


မိုးသည်းထန်မှုကြောင့် မိုးညှင်း မြို့ပေါ်ရပ်ကွက်များ ရေမြှုပ်

မျိုးကြီး
စနေနေ့၊ ဇွန်လ 28 2008 19:19 - မြန်မာစံတော်ချိန်

ရွှေလီ။ ။ ကချင်ပြည်နယ် မိုးညှင်းမြို့၌ ယမန်နေ့က မိုးသည်းထန်စွာ ရွာသွန်းသဖြင့် မြို့ပေါ်ရပ်ကွက်အချို့ ရေလွှမ်းမိုးခြင်း ခံရကာ မိသားစုဝင် ဦးရေ ၂ဝဝ ခန့် ရေဘေးလွတ်ရာ ပြောင်းရွှေ့နေရသည်။

မိုးညှင်းမြို့လယ်အတွင်း တောင်ဘက်မှ မြောက်ဘက်သို့ ဖြတ်သန်း စီးဆင်းသည့် နမ့်ရင်း ချောင်းရေသည် ယမန်နေ့ ညနေပိုင်းမှစ၍ မြင့်တက် လာပြီး ချောင်းဘေးတလျောက်ရှိ ရေလယ်ကျွန်း၊ မြို့မနှင့် တိန်အင်း၊ အုတ်ကျင်း၊ နမီးစု၊ နားခါ (တောင်၊ မြောက်)၊ နောင်စွန်းရပ်ကွက်များအနက် မြေနိမ့်ပိုင်းများသို့ ရေဝင်လာရမှ လူအချို့ ယခုလို ရွှေ့ပြောင်းနေရခြင်း ဖြစ်သည်။

“မနေ့ကပဲ ရေမြှုပ်တဲ့ အိမ်တွေက လူတွေကို ရေလွတ်တဲ့ အမြင့်ပိုင်း နေရာတွေကို ပြောင်းနေခိုင်းထားတယ်။ ရေဘေး ကယ်ဆယ်ရေးစခန်း ၄ ၊ ၅ ခုလောက်တော့ ဖွင့်ထားတယ်။ လူဦးရေက ၁၅ဝ၊ ၂ဝဝ လောက်တော့ ရှိတယ်” ဟု ရေလယ်ကျွန်း ရပ်ကွက်သား တဦးက မဇ္ဈိမကို ပြောသည်။

ရေဘေး ဒုက္ခသည်များကို ဒေသအာဏာပိုင်များက ဥက္ကာရာမ ဘုန်းကြီးကျောင်းတိုက်နှင့် ကုန်းမြင့်ရာ အရပ်များသို့ ပြောင်းရွှေ့ခိုင်းနေသည်။ ရပ်ကွက်များအတွင်းရှိ မူလတန်းကျောင်းများကိုမူ ပိတ်ထားရသည်။

ယနေ့တွင် ချောင်းရေသည် ဆက်လက် မြင့်တက်နေသဖြင့် ရေဝင်ရောက်နိုင်သည့် အခြား ရပ်ကွက်များမှ လူအချို့ကိုပါ ရေလွတ်ရာသို့ ပြောင်းရွှေ့ ပေးနေရသည်ဟုလည်း သိရသည်။


အန်အယ်ဒီ လူငယ် ကျန်းမာရေးဆိုးရွား၊ ဆေးကုသခွင့်မရ

ဖနိဒါ
သောကြာနေ့၊ ဇွန်လ 27 2008 19:29 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ အင်းစိန်ထောင်အတွင်း ၁ဝ လကြာ ဖမ်းဆီးခံနေရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ကိုသန့်ဇင်မျိုးအား ကျန်းမာရေး ဆိုးရွားနေသော်လည်း အာဏာပိုင်များက ဆေးဝါးကုသခွင့် မပေးပေ။

ပြီးခဲ့သည့်နှစ် သြဂုတ်လ ၂၈ ရက်နေ့က ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံတွင် ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် ဆန္ဒပြ နေစဉ် အခြား ဆန္ဒပြသူ ၃ ဦးနှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် လှိုင်သာယာမှ ကိုသန့်ဇင်မျိုးတွင် အစာအိမ်နှင့် အခြားရောဂါ ဝေဒနာများ ဆိုးရွားစွာ ဖြစ်ပွားနေသော်လည်း အာဏာပိုင်များက ဆေးကုခွင့် မပေးကြောင်း ဇနီးဖြစ်သူ ဒေါ်လှလှမော်က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ကျမ ထောင်ဝင်စာ သွားတွေ့တဲ့အချိန် သူ့ကို မေးတော့ အဆစ်အမြစ်တွေလည်း ကိုက်တယ်၊ အစာအိမ် နာတယ်တဲ့။ မျက်နှာလည်း အမ်းနေတယ်။ ဆရာဝန် လာကုမပေးဘူးလားလို့ မေးတော့ သူတို့က အစာအိမ်ကြောင့်လို့ပဲ ပြောတယ်တဲ့။ အစာအိမ်ဆေးပဲ တိုက်တယ်။ လေးဘက်နာ ရောဂါဖြစ်လို့ သွေးစစ်ပေးခြင်းလည်း မရှိဘူးလို့ ပြောတယ်လေ” ဟု သူက ပြောသည်။

ကိုသန့်ဇင်မျိုးတွင် ယခင်ကတည်းက နှလုံးရောဂါ၊ လေးဘက်နာရောဂါ၊ အစာအိမ်ရောဂါ ဝေဒနာများ ခံစားနေရသဖြင့် မိသားစုဆရာဝန် ဒေါက်တာ မျိုးဝင်းနှင့် ပုံမှန် ဆေးကုသခံခဲ့ရသည်။

ယခုလ ၁၇ ရက်နေ့က ထောင်ဝင်စာ သွားရောက်တွေ့ဆုံစဉ် တွေ့မြင်ခဲ့ရသည့် ကိုသန့်ဇင်မျိုး၏ ကျန်းမာရေး အခြေအနေကိုလည်း သူက ယခုလို ဆက်ပြောပြသည်။

“ကျမလေ သူ့ကို ထောင်ဝင်စာ သွားတွေ့တဲ့နေ့ကပေါ့နော်၊ သူ့ရဲ့ ပုံပန်းသဏ္ဍာန်ကို မြင်လိုက်ရတဲ့ အခါကျတော့ မိသားစုအတွက် စိတ်မကောင်း ဘူး၊ စိတ်ပူတယ်။ ထောင်ထဲမှာ ဒီလိုပဲ ဆေးဝါး လုံလောက်အောင် ကုမပေးဘူးဆိုရင် ကျမယောက်ျား သက်ဆိုးရှည်မှာ မဟုတ်ဘူး။ သူတို့က ကျမတို့ တောင်းဆိုတာကိုလည်း အခုထိ လုံးဝ ဘာမှ မပြောသေးဘူး” ဟု ပြောသည်။

လွန်ခဲ့သည့် ၂ လကျော်ကတည်းက ထိရောက်စွာ ဆေးကုသပေးရေးအတွက် အဖမ်းဆီးခံ ၄ ဦး၏ မိသားစုဝင်များက လက်မှတ်ရေးထိုးကာ နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသို့ မေတ္တာရပ်ခံစာ တင်ခဲ့သော်လည်း ယနေ့အထိ အကြောင်းပြန်ကြားချက် မရရှိသေးပေ။

ကိုသန့်ဇင်မျိုးနှင့်အတူ ဖမ်းဆီးခံရသည့် ကိုကျော်စိုးဝင်း၊ ကိုဆန်းဝင်းနှင့် ကိုသန့်ဇော်မြင့်တို့ အားလုံးကိုလည်း ပြည်သူလူထု ဆူပူစေရန် လှုံ့ဆော် မှု ပုဒ်မ ၅ဝ၅ (ခ) နှင့် ဥပဒေနှင့် ဆန့်ကျင်သည့် လူစုလူဝေးတွင် ပါဝဝ်မှု ပုဒ်မ ၁၄၃ ဖြင့် တရားစွဲဆိုထားသည်။

ပုဒ်မ ၅ဝ၅ (ခ) ဖြင့် ပြစ်မှုမြောက်လျှင် အနည်းဆုံး ထောင်ဒဏ် ၂ နှစ် ကျနိုင်သလို၊ ပုဒ်မ ၁၄၃ အရဖြစ်ပါက ၆ လ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်ပေါင်းဖြစ်စေ ချမှတ်နိုင်သည်ဟု အဖွဲ့ချုပ်လူငယ်ရှေ့နေ ကိုစောကျော်ကျော်မင်းက ပြောသည်။

တရားရုံးထုတ်မှုနှင့် ပတ်သက်ပြီး ရှေ့နေ ကိုဖိုးဖြူက ယခုရက်ပိုင်းအတွင်း တရားရုံးများတွင် စက်တင်ဘာ အရေးအခင်းတွင် ဖမ်းဆီးခဲ့သူများကို ရုံးထုတ် စစ်ဆေးခြင်း မပြုဘဲ အခြားပြစ်မှုများဖြင့် စွဲချက် တင်ထားသူများကိုသာ ရုံးထုတ်စစ်ဆေးနေကြောင်း ပြောသည်။

“ငွေကြာယံက ကိုယ်တော်တွေ၊ စက်တင်ဘာနဲ့ ပတ်သက်ပြီး ၇ ယောက်၊ ၈ ယောက်လောက်ပဲ ထုတ်တယ်။ ၈၈ မျိုးဆက် ကျောင်းသားတွေ၊ ၉၆ မျိုးဆက် ကျောင်းသားတွေ၊ တခြားသူတွေဆိုတာက NO ကိစ္စနဲ့ ပတ်သက်တဲ့ ကင်ပိန်းလုပ်သူတွေ၊ ရမ်ဘိုခွေကြောင့် ဖမ်းခံရသူတွေ၊ အိုင်အယ်အို (နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ်) နဲ့ ပတ်သက်ပြီး ဖမ်းဆီး ခံထားရသူတွေကိုပဲ ထုတ်နေတယ်” ဟု သူက ပြောသည်။


တကိုယ်တော် ဆန္ဒပြသူ အမျိုးသမီး ဖမ်းဆီးခံရ

မြင့်မောင်
ကြာသပတေးနေ့၊ ဇွန်လ 26 2008 20:25 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ရန်ကုန်မြို့ ဆူးလေဘုရားအနီး တကိုယ်တော် ဆန္ဒပြသူ အမျိုးသမီးတဦး ယမန်နေ့ ညနေပိုင်းက ဖမ်းဆီးခံခဲ့ရသည်။

နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးနှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဆူးလေဘုရား အနောက်မုဒ် ၃၂ လမ်းထိပ် မဟာဗန္ဓုလလမ်းစုံ မီးပွိုင့်အနီးတွင် အမျိုးသမီးတဦး တကိုယ်တော် ဆန္ဒပြသဖြင့် လုံထိန်းတပ်သား ၃ဝ ခန့်က ကားနှစ်စီးဖြင့် လာရောက်ကာ ဖမ်းဆီးသွားခြင်း ဖြစ်သည်။

“ကျနော်တို့ အဲဒီ အမျိုးသမီးဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလို့တော့ မသိရသေးပေမဲ့၊ မရမ်းကုန်း မြို့နယ်က ဆိုတာ သိရတယ်။ ဆန္ဒပြ တဲ့နေရာနဲ့ ပတ်သက်ရင် ဆူးလေဘုရား အနောက်မုဒ် ၃၂ လမ်းထိပ်မှာ ဆန္ဒပြခဲ့တယ်လို့ သိရတယ်။ အဖွဲ့ချုပ်က ဟုတ်၊ မဟုတ်ကိုတော့ အခုချိန်ထိ မသိရသေးပါဘူး” ဟု အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။

ရန်ကုန်မြို့ခံ တဦးကလည်း “လုံးထိန်းတပ်ဖွဲ့တွေ ကားနှစ်စီးနဲ့ ရောက်လာတယ်။ လုံထိန်းတွေ အင်အား ၃ဝ လောက်က ဒုတ်တွေ၊ ဒိုင်းတွေ ကိုင်ပြီး ဝုန်းဝုန်းဒိုင်းဒိုင်းနဲ့။ လူတွေလည်း ရပ်နေကြတယ်။ ကားတွေလည်း ပိတ်ပြီးတော့ ရပ်နေကြတယ်။ အမျိုးသမီးတယောက် ဆန္ဒပြလို့ ဖမ်းသွားတယ်လို့ ကြားတယ်” ဟု ပြောသည်။

သူက ဆက်ပြီး “ဆန္ဒပြတဲ့ အချိန်က ညနေ ၄ နာရီလောက်မှာ စဖြစ်တယ်။ ပထမ လုံထိန်း ၁ဝ ယောက်နဲ့ နောက်ထပ် ကားပေါ်က ဆင်းလာတဲ့ လုံထိန်း ၂ဝ လောက် ထပ်ရောက်လာတယ်။ ဆန္ဒပြ အမျိုးသမီးကို လမ်းမပေါ်မှာ ဖမ်းခေါ်သွားတယ်။ အဲဒီအချိန်မှာ ယာဉ်ကြောတွေ ပိတ်ဆို့ နေပြီး ပြည်သူတွေ အများစုက ရပ်ကြည့်နေတာ” ဟု ပြောသည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လ ၂၃ ရက်နေ့ကလည်း ရန်ကုန်မြို့ ကုန်သည်လမ်းရှိ အမေရိကန် သံရုံးရှေ့တွင် တကိုယ်တော် ဆန္ဒပြသမား ဦးအုန်းသန်း (၆၂ နှစ်) သည် ပိုစတာတွင် ‘ပြည်သူ့ကိုယ်စားပြု အစိုးရ ... တည်ထောင်ရန်’၊ ‘ပြည်သူ့ဆန္ဒ အမှန်ကို ... နာခံရန်’၊ ‘စစ်အာဏာရှင်နိုင်ငံများ ... ချုပ်ငြိမ်းရန်’ နှင့် ‘တရုတ်၊ ရုရှား ဗီတို ... အလိုမရှိ’ ဟူသည့် အချက်များ အပါအဝင် တောင်းဆိုချက် ၆ ချက်ကို ရေးသားကိုင်ဆောင် ဆန္ဒပြ နေစဉ် ဖမ်းဆီးခံခဲ့ရသည်။

တကိုယ်တော် ဆန္ဒပြမှုကြောင့် ၆ ကြိမ်မြောက် ဖမ်းဆီးခံခဲ့ရသူ ဦးအုန်းသန်းကို အာဏာပိုင်များက ယခင်က လပိုင်းမျှသာ ဖမ်းဆီး ထိန်းသိမ်းမှုများ ပြုလုပ်ခဲ့သော်လည်း နောက်ဆုံးအကြိမ် ဖမ်းဆီးခံနေရစဉ် ယခုနှစ် ဧပြီလ ၂ ရက်နေ့က အင်းစိန်ထောင်အတွင်း နောက်ပိုင်းခရိုင် တရားရုံး က နိုင်ငံတော် အကြည်ညိုပျက်စေမှုနှင့် တသက်တကျွန်း ပြစ်ဒဏ် ချမှတ်ခဲ့သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates