Friday, June 27, 2008

မျိုးရန်နောင်သိန်းကို ဆေးကုသခွင့်မပေး

ဖနိဒါ
ကြာသပတေးနေ့၊ ဇွန်လ 26 2008 19:50 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမျိုးရန်နောင်သိန်း၏ ကျန်းမာရေး အခြေအနေ ဆိုးရွားနေသော်လည်း ထောင်အာဏာ ပိုင်များက ဆေးကုသခွင့် မပေးသည့်အပြင် ယနေ့တွင် ရုံးထုတ်ခဲ့သည်။

၂ဝဝ၇ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့က စတင်ကာ အင်းစိန်ထောင်တွင် အကျဉ်း ကျခံနေရသည့် ကမာရွတ်မြို့နယ်မှ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် အသက် ၃၄ အရွယ် ကိုမျိုးရန်နောင်သိန်းမှာ ခန္ဓာကိုယ်အောက်ပိုင်း လေဖြတ်သလို ဖြစ်နေသော်လည်း ဆေးကုသခွင့် ပိတ်ပင် ထားခံရခြင်း ဖြစ်သည်။

“ဒီနေ့ ရုံးထုတ် စစ်ဆေးတယ်။ ဆေးကုသခွင့် မရသေးဘူး။ ဆေးစာ အပြင်ထုတ်ခွင့် မရသေးဘူး။ သူက စစ်ကြောရေးမှာ ရိုက်နှက်ထားတဲ့ ဒဏ်ကြောင့်ပေါ့နော်၊ အောက်ပိုင်း သေသွားသလို ဖြစ်နေတယ်။ ဒီအတိုင်း လမ်းလျှောက်မရဘူး။ ထမ်းစင်နဲ့ တရားရုံး တက်ရတယ်” ဟု မျိုးရန်နောင်သိန်း၏ အကျိုးဆောင်ရှေ့နေ ကိုဖိုးဖြူက မဇ္ဈိမကို ပြောသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့ဝင် ရှေ့နေဦးမြင့်သောင်းကလည်း “ဒီနေ့ ရုံးထုတ်တာ ခြေထောက် နှစ်ချောင်းက လုံးဝ လမ်းမလျှောက်နိုင်ဘူး။ သူက ကျန်းမာရေး မကောင်းတော့။ ကျနော်တို့ အာမခံလည်း မရဘူး။ ပွေ့ချီပြီးတော့ ရုံးထုတ်တယ်။ သက်သေမလာတော့ ရမန် ပြန်ယူရတယ်” ဟု မဇ္ဈိမကို ပြောသည်။

၁၉၉၆ ခုနှစ် ဒီဇင်ဘာလ ကျောင်းသား ဆန္ဒပြပွဲများတွင် ခေါင်းဆောင်ခဲ့သဖြင့် အခြား ၈၈ မျိုးဆက် ကျောင်းသားများ ၈ ဦးနှင့်အတူ ၁၉၉၇ ခုနှစ် ဇူလိုင်လတွင် ကိုမျိုးရန်နောင်သိန်းအား အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သည်။ ထို့နောက် ၂ဝဝ၇ ခုနှစ် စက်တင်ဘာ လ ရွှေဝါရောင် လှုပ်ရှားမှုတွင် ပါဝင် ဦးဆောင်ခဲ့ပြန်သဖြင့် ယခုလို ထပ်မံ ဖမ်းဆီးခံထားရခြင်း ဖြစ်သည်။ နှစ်ကြိမ်စလုံးတွင် အာဏာပိုင်များက နှိပ်စက် ညှဉ်းပမ်းခံရသည်ဟု မျိုးရန်နောင်သိန်း၏ သူငယ်ချင်းဖြစ်သူ ထိုင်းနိုင်ငံနေ ကိုကျော်လင်းဦးက ပြောသည်။

ရှေ့နေ ကိုဖိုးဖြူ အဆိုအရ လူထုကို ဆူပူစေရန် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် ပြစ်မှုမြောက်လျှင် အနည်းဆုံး ထောင်ဒဏ် ၂ နှစ် ကျနိုင်သည်ဟု ဆိုသည်။

ကိုမျိုးရန်နောင်သိန်းနှင့်အတူ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဝင် ၄ ဦးကိုလည်း ယနေ့တွင် ရုံးထုတ်ခဲ့သေးသည်။

သံလျင်မြို့နယ်မှ ကိုဇော်မင်း၊ ကမာရွတ်မြို့နယ်မှ မင်းမင်း ခေါ် ဘောင်ဘောင်၊ မြောက်ဥက္ကလာပမှ မခင်မိုးမိုး၊ ကိုကျော်စိုးတို့ကိုလည်း ပုဒ်မ ၅ဝ၅ (ခ) ဖြင့် စွဲချက်တင်ထားရာ မခင်မိုးမိုးနှင့် ကိုကျော်စိုးအား နိုင်ငံခြား ဒေါ်လာငွေ လက်ဝယ် တွေ့ရှိသဖြင့် ငွေကြေးလဲလှယ်ရေး အက်ဥပဒေ ပုဒ်မ ၂၄ နှင့်ပါ ပူးတွဲ စွဲချက် တင်ထားသည်ဟု အကျိုးဆောင်ရှေ့နေ ဦးမြင့်သောင်းက ပြောသည်။


ကယ်ဆယ် ထောက်ပံ့ရေး လုပ်သူများအကြား အတိုက်အခံများ ရှာဖွေနေ

ဇာနည်
ကြာသပတေးနေ့၊ ဇွန်လ 26 2008 19:44 - မြန်မာစံတော်ချိန်

ဘန်ကောက်။ ။ နာဂစ်မုန်တိုင်းဒဏ်သင့် ဒေသများအတွက် ကယ်ဆယ်ထောက်ပံ့ရေး လုပ်ငန်းများ သွားရောက် လုပ်ဆောင်နေသော ပုဂ္ဂလိက အသင်းအဖွဲ့များအကြား အတိုက်အခံ နိုင်ငံရေး လှုပ်ရှားသူများ ပါဝင်ခြင်းကို စိုးရိမ်ကာ အာဏာပိုင်များက စောင့်ကြည့်မှုများ ပြုလုပ်နေသည်။

ကယ်ဆယ်ရေး အသင်းအဖွဲ့များသို့ ၀င်ရောက် လုပ်ကိုင်သူများနှင့် လာရောက် လှူဒါန်းကြသူများတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့်တကွ အခြားသော စစ်အစိုးရ အတိုက်အခံ နိုင်ငံရေးပါတီများ ပါဝင်မှု ရှိ၊ မရှိ ထောက်လှမ်းရေးများက ရှာဖွေနေသည်။

"ဘယ်ပါတီတွေက လာလှူလဲ၊ ဘာလဲပေါ့၊ ဒါပေမဲ့ လတ်တလောက တနေ့ကို ၂ ခါလောက်လာပြီး မေးလား မြန်းလား လုပ်နေတော့ စိတ်က အနှောင့်အယှက် ဖြစ်လာတယ်" ဟု ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်တွင် ကျောင်းထိုင်ကာ ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်နေ သော ရွှေည၀ါဆရာတော် အရှင်ပညာသီဟက မဇ္ဈိမကို မိန့်ကြားသည်။

မည်သည့် အလှူရှင်မဆို ဒုက္ခ ရောက်နေသူများအတွက် ရိုးသားစွာ ကူညီကြခြင်းဖြစ်၍ မိမိအနေဖြင့် လက်ခံခဲ့သည်ဟု ဆရာတော်က ဆက်လက် မိန့်ဆိုသည်။

"မည်သည့် ပုဂ္ဂိုလ်မဆို တခြား ပယောဂ ကင်းကင်း ရှင်းရှင်းနဲ့ ရိုးရိုးသားသားလေး လှူရင် အကုန်လုံး လက်ခံပါတယ်" ဆရာတော်က ဆိုသည်။

ဘိုကလေးတွင် ကယ်ဆယ်ရေး လုပ်ကိုင်နေသော ပုဂ္ဂလိက အဖွဲ့တခုမှ အဖွဲ့ဝင်တဦးကလည်း "ကျနော်တို့ကိုတော့ အဲလို လာမေးတာမျိုး မရှိပေမယ့် ဘာတွေ လုပ်တယ်ဆိုတာကို စောင့်ကြည့် နေတာမျိုးတွေတော့ ရှိတယ်။ စိတ်ကျဉ်းကျပ်တာပေါ့။ ကိုယ်က ဘာမှ လုပ်တာ မဟုတ်တော့လေ" ဟု ပြောသည်။

အာဏာပိုင်များ အနေဖြင့် ကယ်ဆယ်ရေး လုပ်ငန်း လုပ်ကိုင်နေသော အဖွဲ့များတွင် နိုင်ငံရေး လှုပ်ရှားမှုများ ပါဝင်ခြင်း ရှိလာမည်ကို စိုးရိမ် နေကြ၍ ဤသို့ စောင့်ကြည့်ခြင်း ဖြစ်သည်ဟု သူက ထင်ကြေးပေး ပြောဆိုသည်။


အိုလံပစ်တွင် မြန်မာများလည်း ဝင်ရောက် ယှဉ်ပြိုင်မည်

မြင့်မောင်
ကြာသပတေးနေ့၊ ဇွန်လ 26 2008 18:29 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ တရုတ်နိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ အိုလံပစ်ပွဲတော်တွင် မြန်မာအားကစားမောင်မယ် အနည်းဆုံး ၄ ဦး ဝင်ရောက် ယှဉ်ပြိုင် မည်။

လာမည့် သြဂုတ်လတွင် တရုတ်နိုင်ငံ မြို့တော်ဘီဂျင်းတွင် ကျင်းပမည့် အိုလံပစ်တွင် မြန်မာနိုင်ငံ အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ပြေးခုန်ပစ်၊ ရေကူး၊ မြားပစ်နှင့် လှေလှော်ပြိုင်ပွဲများအတွက် အားကစား မောင်မယ် ၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်ထားသည့်အနက် အနည်းဆုံး ၄ ဦး သေချာသွားပြီ ဖြစ်သည်။

“လှေလှော်မှာ မရွှေဇင်လတ်က ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရတယ်လေ။ ကျန်တဲ့ ကစားသမားတွေက အိုလံပစ် ဝင်ဖို့၊ မဝင်ဖို့ဆိုတာ အကြောင်းပြန် စာ မလာသေးဘူး။ တလလောက်အလိုမှာ အတည်ပြုချက် ရမယ်ထင်တယ်။ ရေကူးနဲ့ ပြေးခုန်ပစ်ကတော့ မြန်မာနိုင်ငံအတွက် အိုလံပစ်မှာ ပထမဆုံး အားကစားဆိုတော့ အဆင့်မီ၊ မမီ ဝင်ရောက်ယှဉ်ပြိုင်လို့ ရပါတယ်” ဟု အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး (ယှဉ်ပြိုင်၊ လေ့ကျင့်) က ဦးနော်တောင်က မဇ္ဈိမကို ပြောသည်။

ကျော်ဇင် (ရေကူး)၊ မရွှေဇင်လတ် (လှေလှော်)၊ ပြေးခုန်ပစ်မှ စိုးမင်းသူနှင့် လဲ့လဲ့ဝင်းတို့သည် သွားရောက်ရန် သေချာသွားပြီ ဖြစ်သော်လည်း ဘုန်းမြင့်တေဇာ (လှေလှော်) နှင့် နေမျိုးအောင် (မြားပစ်) တို့အတွက် အကြောင်းကြားစာ မရရှိသေးပါ။

ဦးနော်တောင်က “အိုလံပစ်ကို ဝင်ရောက် ယှဉ်ပြိုင်မယ်ဆိုရင် သူတို့ရဲ့ စံချိန်စံညွှန်းနဲ့မီမှ ယှဉ်ပြိုင်ခွင့် ရပါတယ်။ ဥပမာ မြားပစ် ပြိုင်မယ်ဆိုရင် ကမ္ဘာ့အဖွဲ့ချုပ်က မြားပစ်အသင်းက အတည်ပြုရတယ်။ လှေလှော်ဆိုရင်လည်း ကမ္ဘာ့လှေလှော် အသင်းက ခွင့်ပြုချက်ရမှ ယှဉ်ပြိုင်ခွင့်ရတယ်” ဟု ပြောသည်။

၂၄ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆုရရှိခဲ့သူ မြန်မာ အားကစားသမားများအား စေလွှတ်ရန် ရွေးချယ်ထားသော်လည်း နိုင်ငံပေါင်း ၂ဝ၅ နိုင်ငံ ပါဝင်ယှဉ်ပြိုင်သွားမည့် ကမ္ဘာ့အိုလံပစ် ဖြစ်သည့်အတွက် ဆုတံဆိပ်ရရန် မျှော်မှန်းမထားသော်လည်း ကြိုးစားသွားမည်ဟု ဦးနော်တောင်က ပြောသည်။

၂ဝဝ၄ ခုနှစ် အိုလံပစ်ပွဲတော်၌ မြားပစ်နှင့် အလေးမပြိုင်ပွဲများတွင် မြန်မာနိုင်ငံက ပါဝင်ယှဉ်ပြိုင် နိုင်ခဲ့သော်လည်း ယခုနှစ်တွင်မူ အလေးမတွင် အရည်အသွေး မပြည့်မီသည့်အတွက် ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ပေ။ သို့သော်လည်း ယခုနှစ်တွင် မြန်မာ အားကစားသမား အရေအတွက် ပိုမို၍ ယှဉ်ပြိုင်ခွင့်ရခြင်း ဖြစ်သည်။

သြဂုတ်လဆန်းပိုင်းတွင် ကစားသမားများနှင့်အတူ မြန်မာ အားကစား ကော်မတီဝင် ၁၄ ဦး လိုက်ပါသွားမည်။

ယခုနှစ် မတ်လအတွင်းက တိဘက်ပြည်နယ် မြို့တော်လာဆာနှင့် အခြားနေရာများတွင် ဘုန်းတော်ကြီးနှင့် ပြည်သူများ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများ ပြုလုပ်ရာ တရုတ်အစိုးရက အကြမ်းဖက် ဖြိုခွဲသဖြင့် ဘီကျင်းတွင် ကျင်းပမည့် ၂ဝဝ၈ အိုလံပစ်ပွဲကို သပိတ်မှောက်ရန် ပြည်ပရောက် တိဘက် များနှင့်အတူ မြန်မာ့ဒီမိုကရေစီ အင်အားစုများကလည်း လှုံ့ဆော်စည်းရုံးမှုများ လုပ်ဆောင်ခဲ့ကြသည်။

မြန်မာနိုင်ငံ မြို့ကြီးအများအပြားတွင် ၂ဝဝ၇ ခုနှစ် သြဂုတ်နှင့် စက်တင်ဘာလအတွင်း ဓာတ်ဆီဈေးနှင့် ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြပွဲကြီး များတွင် မြန်မာ စစ်အစိုးရက ပစ်ခတ်နှိမ်နင်းမှုအပြီး ၆ လခန့်အကြာတွင် တိဘက်လှုပ်ရှားမှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates