Tuesday, June 24, 2008

ရုပ်ရှင်နယ် မူးယစ်ကိစ္စ ဂျာနယ်နှင့် အငြင်းပွား

နန်းဒေဝီ
တနင်္လာနေ့၊ ဇွန်လ 23 2008 21:15 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မူးယစ်ဆေးဝါး သုံးစွဲမှုဖြင့် ရုပ်ရှင် အနုပညာရှင် အများအပြားကို အာဏာပိုင်များက ခေါ်ယူ စစ်ဆေးမှုပြုအပြီး နောက်ဆက် တွဲ ပြဿနာကတော့ ဂျာနယ်တစောင်နှင့် အနုပညာရှင်အချို့ အငြင်းပွားမှု ဖြစ်သည်။

ယနေ့ထုတ် First Music ဂျာနယ်က ရုပ်ရှင်နယ်ပယ်မှ အကျော်အမော် အချို့၏ ပုံများ ဖော်ပြခဲ့ပြီး မူးယစ်ဆေးဝါး သုံးစွဲခြင်း၏ ဆိုးကျိုးများ ကြောင့် သုံးစွဲခြင်းမပြုရန် ရေးသားခဲ့ခြင်းအပေါ် တောင်းပန်စာ ထည့်သွင်း ဖော်ပြခဲ့ရသည်။

“အနုပညာရှင်များအား တောင်းပန်ခြင်း” ခေါင်းစီးဖြင့် “သက်ဆိုင်ရာ ကာယံရှင်များအား ထင်ယောင်ထင်မှား ဖြစ်စေခြင်း၊ ဂုဏ်သိက္ခာကို ထိပါးရာ ရောက်ခြင်းတို့ ရှိခဲ့ပါက ကာယကံရှင် အနုပညာရှင်များနှင့် တကွ အနုပညာရှင်များ၏ ပရိသတ်များကို First Music Journal မှ အနူးအညွတ် တောင်းပန်အပ်ပါသည်” ဟု ပါရှိသည်။

ယခင် အပတ်ထုတ် First Music ဂျာနယ်တွင် ရုပ်ရှင်ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)၊ မင်းသား ဖိုးကျော်၊ မင်းသမီး စိုးမြတ်သူဇာ၊ နန္ဒာလှိုင်၊ နဝရတ်၊ ဂန္ထဝင်နှင့် အဆိုတော် ဖြိုးကြီးတို့၏ ဓာတ်ပုံများ ဖော်ပြခဲ့ပြီး စာသားတွင်မူ “မူးယစ်ဆေးဝါး သုံးစွဲခြင်းဖြင့် အနုပညာရှင်များ၏ အောင်မြင်မှုနှင့် ဘဝခရီးအား ကြီးမားသော ဆုံးရှုံးမှု ဖြစ်စေနိုင်” ဟု ရေးသားခဲ့သည်။

အမှန်တကယ်က နဝရတ်၊ နန္ဒာလှိုင်တို့ အပါအဝင် အနုပညာသည် ၂ ဒါဇင်ခန့်ကိုပင် မက်တာဖီတမင်း မူးယစ်ဆေးပြား သုံးစွဲမှုဖြင့် ရဲက သံသယရှိကာ ခေါ်စစ်ခံခဲ့ရသူများ ဖြစ်သည်ဟု မဇ္ဈိမက စုံစမ်း သိရှိရသည်။

သို့သော်လည်း ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်း၏ မေတ္တာရပ်ခံချက်ဖြင့် ပြန်လွတ်ပေးခဲ့ခြင်း ဖြစ်သည်ဟုလည်း ထပ်မံ သိရှိခဲ့ရသည်။

“ဂျာနယ်က အဲဒီလို တောင်းပန်စာ ရေးရတာကလည်း အာဏာပိုင်တွေဘက်က ဖိအားပေးလို့ အခုလို ရေးလိုက်ရတာ” ဟု ရန်ကုန် စာပေ အသိုင်းအဝိုင်းမှ အယ်ဒီတာတဦးက ပြောသည်။

ပြည်ထဲရေး ဝန်ကြီးဌာန၏ ခေါ်ယူ စစ်ဆေးခံရသူများတွင် မကြာခင်ကမှ ရာထူးမှ အနားယူသွားပြီ ဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်၏သား အောင်ဇော်ရဲမြင့်၊ လူငယ်စီးပွားရေး လုပ်ငန်းရှင်ကြီး မောင်ဝိတ်တို့လည်း ပါဝင်ခဲ့သည်။

နာမည်ကျော် မင်းသမီး မင်းသားများ ပါဝင်မှုက လူအများ စိတ်ဝင်တစား ဖြစ်စေပြီး အမှုနှင့် ပတ်သက်သော ကောလာဟလများ ရေပမ်းစား နေခဲသည်။ သို့သော် စစ်အစိုးရက တရားဝင် သတင်း ထုတ်ပြန်ပေးခြင်း မရှိဘဲ သတင်းမီဒီယာများက ရေးသား ဖော်ပြခွင့်ကိုလည်း ပိတ်ပင် ခဲ့သည်။


ကိုရီးယား သတင်းထောက်ကို မြန်မာအာဏာပိုင်များ နှင်ထုတ်

ဇာနည်
တနင်္လာနေ့၊ ဇွန်လ 23 2008 21:04 - မြန်မာစံတော်ချိန်

ဘန်ကောက်။ ။ ရန်ကုန်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးသို့ သွားရောက်ခဲ့သဖြင့် ကိုရီးယားလူမျိုး သတင်းထောက်တဦးကို အာဏာပိုင် များက ယမန်နေ့က ပြန်လည် နှင်ထုတ်လိုက်သည်။

အလွတ် သတင်းထောက် မစ္စ လီယူဂျွန်း (Ms. Lee Yu Kyung) သည် ဇွန်လ ၁၈ ရက်နှင့် ၁၉ ရက်နေ့များက အန်အယ်ဒီ ရုံးချုပ်သို့ သွားရောက် ခဲ့ခြင်းကြောင့် အာဏာပိုင်များက သူတည်းခိုနေရာ ၃၂ လမ်းရှိ အိုကီနာဝါ ဧည့်ရိပ်သာမှ တင်္နဂနွေ နံနက်ပိုင်းတွင် လာရောက် စစ်ဆေးပြီး ထိုင်းနိုင်ငံသို့ လေယာဉ်ဖြင့် တင်ပို့လိုက်ခြင်း ဖြစ်သည်။

လီယူဂျွန်းသည် ဇွန်လ ၁၆ ရက်နေ့က မြန်မာနိုင်ငံသို့ ၀င်ရောက်ခဲ့ပြီး ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ၃၂ လမ်းရှိ အိုကီနာဝါ တည်းခိုခန်းတွင် တည်းခိုနေခဲ့သည်။

"မနက် ၇ နာရီမှာ လူ ၅ ယောက် ရောက်လာတယ်။ ပြီးတော့ ဇွန် ၁၈ နဲ့ ၁၉ မှာ ဘယ်ကို သွားခဲ့လဲလို့ မေးတယ်။ တိုးရစ် ဗီဇာနဲ့ လာတဲ့အတွက် အဲဒီကို မသွားသင့်ဘူး။ ဒါ တရားမ၀င်ဘူးလို့ ပြောတယ်" ဟု မစ္စလီက မဇ္ဈိမကို ပြောပြသည်။

"ကျမက ကိုးရီးယား သံရုံးကို ဖုန်းခေါ်မယ်ပြောတော့ သူက မရဘူး၊ အခု ချက်ချင်း ဒီက ပြန်ရမယ်ဆိုပြီး ပြောတယ်။ တယောက်က မနက် ၁၀ နာရီ ထွက်တဲ့ ထိုင်းအဲယားဝေးနဲ့ ပြန်ဖို့ ဖုန်းဆက် စီစဉ်နေတယ်" ဟု သူက ပြောသည်။

သို့သော်လည်း မပြန်ခင်တွင် ကိုးရီးယား ကောင်စစ်ဝန်ကို ဆက်သွယ်ခွင့် ရခဲ့သည်။ သူဝယ်ထားသော နာဂစ်မုန်တိုင်း ပုံရိပ်များ ပါသည့် စီဒီ အခွေ ၄ ချပ်ကို သိမ်းဆည်းသွားသော်လည်း သူ၏ လက်တော့ပ် ကွန်ပြူတာနှင့် ကင်မရာကိုမူ စစ်ဆေးခြင်းမပြုဟု သိရသည်။

သူ့ကို လာရောက် ခေါ်ဆောင်ချိန်တွင် အရပ်ဝတ် ရဲသတင်းတပ်ဖွဲ့မှ အရာရှိတဦးနှင့်အတူ ယူနီဖောင်းဝတ် တဦး၊ အခြား အရပ်ဝတ်နှင့် ၃ ဦး ပါဝင်ကာ မည်သည့် အကြောင်းကြောင့် သူ့ကို ပြန်ပို့ရသည်ကို သေချာ ရှင်းမပြပါဟု သူက ဆိုသည်။

"လေဆိပ်ရောက်တော့ လူဝင်မှုကြီးကြပ်ရေး ရုံးခန်းကို သွားရတယ်။ အဲဒီမှာ ကျမ ပတ်စ်ပို့ပေါ်မှာ ကြယ်အကြီးကြီးနဲ့ ပြန်လည် စေလွှတ်ခြင်း ခံရသူ (Deportee) ဆိုတာကို ရိုက်လိုက်တယ်။ နောက် ကျမကို ဘက်ပေါင်းစုံကနေ ဓာတ်ပုံတွေရိုက်ပြီး ကျမ ပြန်ခဲ့ရတာပါပဲ" ဟု မစ္စလီက ပြောသည်။

သူမအနေဖြင့် မုန်တိုင်းဖြစ်ပွားပြီးကာစ မေလအတွင်းကတည်းက မြန်မာနိုင်ငံသို့ ၀င်ရောက်ရန် ကြိုးစားခဲ့ဖူးသည်။ သို့သော် သူ၏ နိုင်ငံကူး လက်မှတ်အဟောင်းတွင် အခြား နိုင်ငံများသို့ သတင်းထောက် ဗီဇာဖြင့် သွားရောက်ခဲ့ခြင်းများ ရှိနေ၍ မြန်မာဗီဇာ မရခဲ့ပါ။ ယခု နိုင်ငံကူး လက်မှတ် အသစ်တွင်မူ အဆိုပါ အထောက်အထားများ မပါရှိသောကြောင့် ခရီးသွား တိုးရစ် ဗီဇာ ရရှိခဲ့ခြင်း ဖြစ်သည်ဟု သူက ဖြည့်စွက်ပြောသည်။

သူသည် ဇွန်လ ၁၆ ရက်နေ့ ကတည်းက မြန်မာပြည်သို့ ရောက်ရှိနေသူ ဖြစ်သည်။ နာဂစ်မုန်တိုင်းဒဏ် သင့်သူများနှင့် ပတ်သက်သည်များကို လေ့လာရန် သွားခြင်းဖြစ်သည်ဟု သူက ပြောသည်။

ဇွန်လ ၁၈ ရက်နေ့က အမျိုးသား ဒီမိုကရေစီ ရုံးချုပ်သို့ သွားရောက်ခဲ့ပြီး မုန်တိုင်းနှင့် ပတ်သက်သည်များကို မေးမြန်း စုံစမ်းခဲ့သည်။ ဇွန် ၁၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အဖွဲ့ဝင်များကို ဖမ်းဆီးခြင်းများကိုလည်း တွေ့ခဲ့ရသည် ဟု သူက ပြောသည်။

"ကျမက အဲဒီမှာ ဓာတ်ပုံ ထွက်ရိုက်တော့ အဲဒီမှာ သူတို့ ကျမကို သတိထားမိသွားတယ် ထင်ပါတယ်" ဟု သူက ပြောသည်။

မြန်မာ အာဏာပိုင်များသည် သတင်း လွတ်လပ်ခွင့်နှင့် နိုင်ငံတကာမှ သတင်းထောက်များ ၀င်ရောက်ခြင်းကို ကန့်သတ်လျက်ရှိရာ နာဂစ်မုန်တိုင်းအပြီး နိုင်ငံတကာမှ သတင်းထောက်များကို ပြန်လည် နှင်ထုတ်ခြင်းမှာ ယခု အကြိမ်သည် ဒုတိယအကြိမ် ဖြစ်သည်။

ပြီးခဲ့သည့် မေလ အတွင်းကလည်း ဘီဘီစီမှ သတင်းထောက်တဦးကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှပင် ပြန်လည် နှင်ထုတ်ခဲ့ သေးသည်။


မုန်တိုင်းသင့် လယ်ယာမြေအချို့ သစ်တောကြိုးဝိုင်းထဲ ရောက်သွားမည်

မြင့်မောင်
တနင်္လာနေ့၊ ဇွန်လ 23 2008 20:08 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် ကတုန်းကနီ ကျေးရွာအုပ်စုအတွင်းရှိ လယ်ယာမြေဧက နှစ်သောင်းခွဲခန့်သည် တိုးချဲ့ သစ်တောကြိုးဝိုင်းအတွင်း ဝင်ရောက်သွားတော့မည် ဖြစ်သည်။

ယခုလ ၁၅ ရက် နေ့စွဲဖြင့် ထွက်ပေါ်လာသည့် ဧရာဝတီတိုင်း သစ်တောဦးစီးဌာန လမ်းညွှန်ချက်ဖြင့် ဘိုကလေးမြို့နယ် သစ်တောဦးစီးဌာန ဦးစီးမှူး ဦးကံထွန်းက ၁၇ ရက်နေ့တွင် ထပ်ဆင့်ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြပါ စာရင်းအင်းအရ မုန်တိုင်းသင့် မြေဧက ၂ သောင်းခွဲ ကျော်သည် သစ်တောကြိုးဝိုင်းအတွင်း ဝင်ရောက်သွားမည်ဟု ဒေသခံများက ပြောဆိုခြင်း ဖြစ်သည်။

“ကြေညာတဲ့ အတိုင်းဆိုရင် မြေဧက ၂ သောင်းခွဲကျော် ထိန်းသိမ်းလာနိုင်တယ်” ဟု ဘိုကလေး မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

သစ်တောမြေဧရိယာ ၃၃၃၄ဝ ရှိပြီး မြေဧက တိုးချဲ့လိုက်ပါက ဧကပေါင်း ၅၈၄၄၃ အထိ ရောက်ရှိလာမည်။

သစ်တောကြိုးဝိုင်းအတွင်း ပါဝင်သွားမည့် လယ်ယာများကို ပိုင်ဆိုင်သည့် လယ်သမားများ ပြောင်းရွှေ့ရမည်ကို တိုင်း သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးက ဧရာဝတီတိုင်းရှိ ပုသိမ်၊ မြောင်းမြ၊ ဘိုကလေး အစရှိသည့် မြို့များမှ ဌာနဆိုင်ရာများအပြင် ဘိုကလေးမြို့နယ် ကတုန်းကနီ ကျေးရွာအုပ်စုအတွင်းရှိ ကျင်ချောင်းနှင့် ကျွန်းသာယာကျေးရွာ ရယက ဥက္ကဋ္ဌ များထံ အမိန့်စာမိတ္တူ ပေးပို့ထားပြီး ဖြစ်သည်။

ဧရာဝတီတိုင်းရှိ မုန်တိုင်းထိ လယ်သမားများ အနေဖြင့် မကြာခင် မြေယာလက်မဲ့ဘဝ ကျရောက်မည့် အခြေအနေသို့ သက်ရောက်နေကြာင်း ဘိုကလေး မြို့ခံများက ပြောဆိုသော်လည်း လယ်သမား အရေအတွက် မည်ရွေ့မည်မျှ ပါရှိသွားမည်ကို အသေးစိတ် မသိရပေ။

ဘိုကလေး ဒေသခံတဦးက “တချို့ လယ်သမားတွေက ထွန်ယက် စိုက်ပျိုးနေတာ ရှိသလို၊ တချို့ကလည်း စက်ပစ္စည်းတွေ မစုံသေးတဲ့ အတွက် ကြောင့်လည်း မလုပ်နိုင်သေးတဲ့ လူတွေလည်း ရှိသေးတယ်” ဟု ပြောသည်။

သူက ဆက်ပြီး “သစ်တော အာဏာပိုင်တွေဘက်က အတင်းအဓမ္မ လုပ်လာမယ်ဆိုရင် မူလတုန်းက ဒီမြေတွေကို ကုန်သွယ်လ ယ်ယာဆီက ဝယ်ခဲ့ဖူးတယ်ဆိုတဲ့ အထောက်အထား စာရွက်စာတမ်းတွေ၊ ဒီလယ်ယာမြေတွေဟာ အရင်ကတည်းက စာရင်းပေါက်ဖြစ်တယ်ဆိုတဲ့ အထောက်အထားတွေ၊ သစ်တောနဲ့လည်း အပြန်အလှန် သဘောတူညီမှု ရှိတယ်ဆိုတဲ့ အထောက်အထားတွေကို စုပြီးတော့ အသနားခံစာ တင်မယ်” ဟု ပြောသည်။


ဖားကန့်တွင် ရေကြီး

ဖနိဒါ
တနင်္လာနေ့၊ ဇွန်လ 23 2008 19:03 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ နာမည်ကျော် ကျောက်စိမ်းထွက်ရှိရာ ကချင်ပြည်နယ် ဖားကန့်မြို့နယ် ရပ်ကွက်အချို့တွင် ရေလွှမ်းမိုးမှု ဖြစ်ပေါ်နေသည်။

ယခုလ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ မိုးများစွာ ရွာသွန်းသဖြင့် ဖားကန့်မြို့ပေါ်ရှိ ဖားကန့်၊ အေးမြသာယာ၊ ငှက်ပျောတော၊ ဆိုင်းတောင်၊ လုံးခင်း၊ မြို့မ ရေတက်လာခြင်း ဖြစ်သည်။

“ရေက တော်တော်ကို ကြီးတာ။ ဖားကန့်မှာ ပထမဦးဆုံး စ ရေကြီးတယ်ဆိုပေမယ့် မနှစ်တုန်းကထက် တအားလွန်သွားတဲ့ အခြေအနေ ဖြစ်သွားတာပေါ့။ မနှစ်တုန်းက စံချိန်ထက်ဆိုရင် ၇ ခေါက် ၈ ခေါက်လောက် ရေကြီးပြီးမှ ဒီအဆင့်ကို ရောက်တယ်လေ။ အခုဟာက ပထမဆုံး စကြီးတဲ့ ရေကိုက ဒီအဆင့် ရောက်တာ” ဟု ဖားကန့်မြို့ ငှက်ပျောတော ရပ်ကွက်နေ ဒေသခံတဦးက ပြောသည်။

ဥရုချောင်းသည် မြောက်ဘက် အိန္ဒိယ-မြန်မာနယ်စပ်ရှိ ကျောကန် တောင်တန်းဒေသမှ အစပြုကာ အနောက်မြောက်မှ တောင်ဘက်သို့ စီးဆင်းကာ ချင်းတွင်းမြစ်ထဲသို့ စီးဝင်သွားသည်။

ယခုရက်ပိုင်းအတွင်း ဆိုင်းတောင်မြို့မှ ဖားကန့်မြို့သို့ စက်လှေနှင့် သွားရာ စက်လှေမှောက်သဖြင့် ကျောက်ကုန်သည်တဦး သေဆုံးကာ လူတဦး ပျောက်ဆုံးနေသည်။

နှစ်စဉ်လိုပင် ရေကြီးမှုသည် ဇူလိုင်တွင် စဖြစ်တတ်ပြီး လက်ရှိ ရေတက်နှုန်းသည် သြဂုတ်နှင့် စက်တင်ဘာ၌ ဖြစ်ပေါ်လေ့ ရှိသော်လည်း ယခုနှစ်တွင် စောစွာ ရေတက်လာခြင်း ဖြစ်သည်။

“နှစ်တိုင်းလုပ်နေတဲ့ ကျောက်တွင်း မြေဇာတွေကို ဥရုမြစ်ထဲ ပုံတော့ မြစ်က ကျဉ်းသွားတာပေါ့။ တရက်နှစ်ရက်ကြီးပြီး ပြန်ကျသွားတယ်လေ” ဟု ဖားကန့်မြို့ရှိ အေးမြသာယာ ရပ်ကွက်မှ ဒေသခံတဦးက ပြောသည်။

ဖားကန့်တွင် နှစ်စဉ် ရေလွှမ်းမိုးမှု ဖြစ်ခြင်းမှာ ၁၉၉၄ ခုနှစ်အတွင်းက ဝင်ရောက်လာသည့် ကျောက်တူး ကုမ္ပဏီများက မြေဇာများကို ဥရုချောင်းထဲ စွန့်ပစ်သဖြင့် ရေသွားလမ်း ပိတ်ဆို့ရာမှ ဘေးသို့ စီးဆင်းလာခြင်း ဖြစ်သည်ဟု ကချင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့များက ပြောသည်။

“ဥရုချောင်းရဲ့ အောက်မှာ ကျောက်တွေ ရှိတယ်။ မြေဇာတွေနဲ့ မူလရေကြောင်းကို ပိတ်လိုက်မယ်၊ ရေစီးကြောင်းက လွဲသွားတယ်။ ဒါကြောင့် ဆိုင်းတောင်မြို့ဘက် မိုးရာသီ ရေကြီးတာ ဖြစ်တယ်။ ကုမ္ပဏီတွေ များလာလို့လည်း ဟုတ်တာပေါ့နော်။ သူတို့က လွတ်တဲ့နေရာတွေ ချောက်တွေမှာ မြေဇာတွေ ပုံလိုက်တယ်၊ ရေသွားလမ်းက တဖြည်းဖြည်းနဲ့ လွဲပြီး မိုးရာသီဆိုရင် ရေလွှမ်းတာတို့ ဖြစ်လာတာပေါ့လေ” ဟု ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ လက်အောက်ခံ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနခွဲမှ တာဝန်ခံ အမျိုးသမီး Ban Yong က မဇ္ဈိမကို ပြောသည်။

ယခုအခါ ဖားကန့်မြို့ပေါ် ဥရုချောင်း ပတ်ဝန်းကျင်တွင် အနည်းဆုံး ကုမ္ပဏီ ၆ဝ ခန့် ရှိသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates