Thursday, June 19, 2008

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လွတ်တော်ခေါ်ရန် တောင်းဆ

ဆော်လမွန်
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 18 2008 22:13 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ နိုင်ငံတွင် ဆိုးရွားလာနေသည့် အကျပ်အတည်းများကို ဖြေရှင်းရေးအတွက် ပြည်သူ့လွှတ်တော် အမြန်ဆုံး ခေါ်ယူပေးရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က နအဖ ကို ယနေ့ တောင်းဆိုလိုက်သည်။

ယနေ့ ထုတ်ပြန်သည့် အဖွဲ့ချုပ်၏ ကြေညာချက်တွင် နာဂစ်မုန်တိုင်း ဖြစ်ပွားမှု အပါအဝင် လက်ရှိ အမျိုးသား စီးပွားရေး အကျပ်အတည်းကို ဖြေရှင်းရေးအတွက် နိုင်ငံရေး ပြုပြင်ပြောင်းလဲရန်ဟု ဆိုကာ ယခုလို တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ပါတီ အထူးပြန်ကြားရေးအဖွဲ့ဝင် ဦးသိန်းညွန့်က “ပြည်သူ့ လွှတ်တော်ဟာ တရားဝင် ရှိနေတယ်။ အမျိုးသား အကျပ်အတည်းလို့ ဆိုရာမှာ စီးပွားရေး အကျပ်အတည်းအပြင် အခြေခံဥပဒေ တရားဝင်မှု၊ မဝင်မှုဆိုတဲ့ အကျပ်အတည်း ပြဿနာလည်း ရှိတယ်။ အဲဒီ အကျပ်အတည်း ဝန်းကျင်ကြီး တခုလုံးကို ဖြေရှင်းနိုင်ဖို့က ဥပဒေကြောင်းအရ အမြင့်ဆုံး ဆောင်ရွက်နိုင်တာ ပြည်သူ့လွှတ်တော်ပဲ” ဟု ပြောသည်။

ထုတ်ပြန်ရတဲ့ အရင်းခံ အကြောင်းကတော့ နာဂစ်ကြောင့် ပြည်သူလူထုတွေပေါ်မှာ ကျရောက်နေတဲ့ ဘေးဒုက္ခတွေကို ကုစားတဲ့အခါမှာ နိုင်ငံတကာ အကူအညီတွေ ထိထိရောက်ရောက် ရစေချင်တဲ့ ကျနော်တို့ရဲ့ အရင်းခံ သဘောထားပါပဲ” ဟု သူက ဆက်ပြောသည်။

ကြေညာချက်တွင် နိုင်ငံတကာ အကူအညီများ၊ ကျွမ်းကျင် ပညာရှင်များနှင့် အလှူငွေ အမြောက်အမြား လိုအပ်နေသဖြင့် တိုင်းပြည်တပြည်၊ တဦးတယောက်တည်းနှင့် လုပ်ဆောင်ရန် မဖြစ်နိုင်ဟု ရေးသားထားသည်။

ငွေကြေးဖောင်းပွမှု အဆမတန် မြင့်မားနေပြီး အခြေခံ စားသောက်ကုန်များမှာလည်း အလွန် မြင့်တက်နေကာ ယခုကဲ့သို့သော အကျပ်အတည်း များသည် နိုင်ငံရေးနှင့် ဆက်စပ်နေသောကြောင့် မည်သည့် နိုင်ငံတွင်မဆို နိုင်ငံရေးကို ချန်လှပ်၍ ရမည်မဟုတ်ဟု ဆိုသည်။

ဦးသိန်းညွန့်က မုန်တိုင်းကြောင့် တိုင်းပြည် စီးပွားရေး ပိုပြီး ထိခိုက် ဆိုးရွားလာကာ တောင်းခံထားသည့် ငွေကြေးနှင့် အမှန်တကယ် ရရှိနေသည့် အခြေအနေ ကွာခြားပြီး ပြန်လည် တည်ဆောက်ရေးနှင့် နိုင်ငံတကာ အကူအညီများ ထိရောက်စွာ ရရှိနိုင်ရေးအတွက် ဝိုင်းဝန်းဖြေရှင်းပေးရန် လွှတ်တော် ခေါ်လိုသည်ဟု ပြောသည်။

ကြေညာချက်ကလည်း တိုင်းပြည်တွင် အကျပ်အတည်းမျိုးစုံ ဖြစ်ပေါ်နေမှုကို ဖြေရှင်းရန်အတွက် နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် တိုက်ရိုက် အချိုးကျနေကြောင်းနှင့် နိုင်ငံရေးကို ဖြေရှင်းရာတွင် ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရ ပါတီစုံ ဒီမိုကရေစီ အင်အားစုများ၊ နိုင်ငံရေး ပါတီများ၊ တိုင်းရင်းသား လူမျိုးစုများနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ပြန်လည် တည်ဆောက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

“အခက်အခဲကြားက ပေါ်ပေါက်လာတဲ့ အခွင့်အရေးကို ကျနော်တို့ မီးမောင်းထိုးပြတာပါပဲ။ အချုပ်ကတော့ အဲဒါပါပဲ” ဟု ဦးသိန်းညွှန့်က ကြေညာချက်နှင့် ပတ်သက်ပြီး ပြောဆိုသွားသည်။

၂ဝဝ၈ ခုနှစ် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေနှင့် နည်းဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ ဆောင်ရွက်ခဲ့ခြင်း မဟုတ်သောကြောင့် လုံးဝ လက်မခံကြောင်းလည်း ကြေညာချက်က ဆိုထားသေးသည်။


မန္တလေး အငြိမ့်သဘင်များက လေဘေးအကူ သိန်း ၉ဝ ကျော် ကောက်ခံရရှိ

ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 18 2008 20:16 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ မန္တလေး လူရွှင်တော်များနှင့် ဇာတ်သဘင် အနုပညာသည်များက နာဂစ်လေဘေးသင့် ပြည်သူများကို ထောက်ပံ့ရန် အလှူငွေ ကောက်ခံရာ ကျပ် ၉၂ သိန်း ရရှိခဲ့သည်။

နာမည်ကြီး လူရွှင်တော် ဦးပါပါလေး ညီအကိုနှင့် အခြားလူရွှင်တော်များ၊ ဆိုင်းဝိုင်း၊ အငြိမ့်၊ ဘိသိတ်မှ အနုပညာရှင်များက ယခုလအတွင်း ၆ ရက်ခန့် မော်တော်ကား၊ ခြေလျင်တို့ဖြင့် မန္တလေးမြို့ပေါ်နှင့် တိုင်းအတွင်း ဒေသအချို့တွင် ဖျော်ဖြေ တင်ဆက်မှုများ ပြုလုပ်ကာ စေတနာရှင်များ ထံက ကောက်ခံ ရရှိခဲ့ခြင်း ဖြစ်သည်။

လူရွှင်တော် ဦးပါပါလေးက “ကျနော်တို့က ပြည်သူတွေ ကျွေးလို့ စားခဲ့ရတယ်လေ။ ပြည်သူက ပေးပြီးပြီ။ ဒီတခါ လမ်းမှာ မူးမေ့လို့ သေချင် သေသွားပါစေ၊ ပြည်သူတွေကို ဒို့ ပြန်ပေးရမယ်၊ ဒို့မှာ တာဝန်ရှိတယ်လေ။ ဒါကြောင့် ကျနော့် ဆောင်ပုဒ်လေးက “ပြည်သူ့ကိုယ်စား ပါးစပ် အငှားဖြင့် မထောက်မညှာ ရဲဝံ့စွာနဲ့ မှန်ရာကိုပြော ကိုယ့်သဘော” ဆိုတဲ့အတိုင်း ပြည်သူတွေရှေ့ကနေ မားမားမတ်မတ် ရပ်တည်ရမယ်။ ဒါကြောင့် ကျနော်က နာဂစ် ပြည်သူတွေအတွက် အဖြူရောင် သန့်သန့်ကလေးနဲ့ နေပူထဲမှာ ခေါင်းပေါင်းပေါင်း၊ ပုဆိုးဝတ်ပြီးတော့ အလှူခံ ခဲ့ပါတယ်” ဟု ပြောသည်။

အလှူခံထွက်ရာတွင် ပါဝင်ခဲ့သူ အနုပညာရှင် တဦးက “၁၂ ရက်မှာ အောင်တော်မူ၊ ၁၃ ရက်နေ့မှာ စံပြကွက်သစ်၊ ၁၄ ရက်နေ့မှာ ခြေကျင် လျှောက်ပြီးတော့ ၁၄ ရက်နေ့မှာ ကျောက်ဆည်မှာလည်း ကပြခဲ့တယ်၊ အလှူခံတယ်” ဟု ပြောသည်။

လူရွှင်တော် ဦးပါပါလေး၊ ဦးဒီပါ၊ ဦးမြသာ၊ ဦးပေါက်စိန်၊ ဦးထင်ပေါ်၊ ဦးရန်အောင်နှင့် ဆိုင်း၊ ဘိသိတ် ဆရာကြီးများ၊ မင်းသမီးများ၊ လူငယ်များ အပါအဝင် အနုပညာရှင်များ ဝိုင်းဝန်း လုပ်ဆောင်ရာ ငွေသားအပြင် အဝတ်အစားများ၊ စားသုံးကုန်များ၊ သင်္ကန်းများလည်း ရရှိခဲ့သည်။

ဧရာဝတီတိုင်း ဘိုကလေးမြို့ရှိ တောရကျောင်း ဆရာတော်ကြီးထံ အဝတ်အထည်နှင့် ကျပ်သိန်း ၅ဝ ကျပ်၊ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်ရှိ ဦးအောင်ဇေယျ ပရဟိတ မိဘမဲ့ ကလေးကျောင်းသို့ ကျပ် ၁၅ သိန်းနှင့် ကလေးပစ္စည်းများ၊ သင်္ကန်းများကို ဇွန်လ ၂၁ ရက်နေ့တွင် သွားရောက် လှူဒါန်းမည်ဖြစ်ကာ မုန်တိုင်းသင့်ခံရသည့် ခေတ်လူဇော် ဇာတ်သဘင်အဖွဲ့ဝင် ၄၈ ဦးကိုမူ ယနေ့တွင် ကူညီ ထောက်ပံ့ကြသည်။

ယနေ့ ကျင်းပသည့် အလှူငွေ ပေးအပ်ပွဲသို့ စာနယ်ဇင်း၊ ဇာတ်သဘင်၊ အငြိမ့်၊ ဆိုင်းဝိုင်း၊ ကုန်စည်ပွဲစားများနှင့် ဧည့်ပရိသတ် ၃ဝဝ ခန့် တက်ရောက်ကာ ခေတ်လူဇော် ဇာတ်အဖွဲ့သား ၄၈ ဦးကို တဦးလျှင် ကျပ် တသောင်း၊ ဆန်နှစ်ပြည်၊ အဝတ်အထည်တစုံနှင့် ပန်းကန် ခွက်ယောက်များ ပေးအပ်ခဲ့သည်။ ခေတ်လူဇော်အဖွဲ့သည် လပွတ္တာမြို့နယ် ပင်တောင်ကျေးရွာအုပ်စုမှ သဲကုန်းရွာသို့ ဇာတ်ကရန် သွားရောက်စဉ် နာဂစ်မုန်တိုင်း သင့်သဖြင့် ဇာတ်ပစ္စည်းများ ဆုံးရှုံးပြီး အသက်မသေ ပြန်လည် လွတ်မြောက်ခဲ့သည်။

ခေတ်လူဇော် ဇတ်သဘင်မှ ကပြရေး တာဝန်ခံ ကိုတဘာသာပြုံးချိုက “ပိုက်ဆံရဲ့ တန်ကြေး၊ ပစ္စည်းရဲ့ တန်ကြေးကိုတော့ မပြောလိုပါဘူး။ ကိုယ်နဲ့တန်းတူ လုပ်ကိုင်နေတဲ့ အနုပညာသမားတွေကို ကိုယ့်ကို ပြန်ကြည့်တယ်၊ ဒီလို နာဂစ် ဒဏ်မိလာတဲ့ ပြည်သူတွေအပေါ်မှာ မန္တလေးက ပြည်သူတွေက လှိုက်လှိုက်လှဲလှဲ စေတနာထားပြီး ပေးကမ်းတဲ့အတွက် မျက်ရည်ဝိုင်းပြီး ပီတိတွေ ဖြစ်မိတယ်။ ကျနော်တို့က စေတနာ ထားခဲ့တာကို ပရိသတ်က ကျနော်တို့ကို ချစ်တယ်ဆိုတာ၊ လူရွှင်တော်တွေ ကိုယ်တိုင် သွားရောက်လှူဒါန်းမယ် ဆိုတာကို သူတို့ ပျော်နေတာကို ကြည့်ပြီးတော့ ဝမ်းသာမိပါတယ်။ အဲလို ခံစားရတယ်” ဟု ပြောသည်။

အလှူငွေ ပေးအပ်ပွဲကို လွန်ခဲ့သည့် ၂၅ နှစ်ခန့်ကတည်းက သဘင်လုပ်သားများ စုပေါင်း တည်ဆောက်ခဲ့သည့် လောကနတ် ဇာတ်သဘင် ခန်းမ၌ နေ့လယ် ၁ နာရီတွင် ကျင်းပရန် စီစဉ်ခဲ့သော်လည်း သဘင်အစည်းအရုံးက တားမြစ်သည့်အတွက် လမ်း ၈ဝ နှင့် ၈၁ လမ်းကြား၊ ၃၉ လမ်းပေါ်ရှိ ဂီတကြယ်လေး စိန်ဓူဝံတိုက်တွင် ကျင်းပခဲ့ရသည်။

သဘင်အစည်းအရုံးက တားမြစ်ခြင်းမှာ လူရွှင်တော် ပါပါလေး ပါဝင်ခြင်းကြောင့် ဖြစ်သည်ဟု အစည်းအဝေး တက်ရောက်ခဲ့သူတဦးက ပြောသည်။

ပြီးခဲ့သည့်လ ၂၉ ရက်နေ့ကလည်း လူရွှင်တော် အနုပညာရှင်များအား ရန်ကုန် ဗဟိုသဘင် အစည်းအရုံးမှ ဦးအောင်တင်ဝင်း၊ ဦးရဲဒွေး၊ မန္တလေး အစည်းအရုံးမှ ရွှေနန်းတင်၊ နန်းဌေးအောင်၊ ဦးစိန်လှမြိုင်၊ ဦးဝင်းကြိုင်၊ ဆိုင်းဆရာ ပစ်တိုင်းထောင်၊ အမှုဆောင်အတွင်းရေးမှူး ဦးဗိုလ်ဟိန်းတို့မှ အလှူကောက်ခံမှု မလုပ်ရန် တားမြစ်ခဲ့သေးသည်။

လူရွှင်တော် ပါပါလေးကို အာဏာပိုင်များက ၁၉၉၆ ခုနှစ်မှ ၂ဝဝ၂ ခုနှစ်အထိ ၇ နှစ်ကြာ အကျဉ်းချကာ ဇာတ်သဘင် ကပြခွင့်ကို ရာသက်ပိုင် ပိတ်ပင်ထားသည်။

မန္တလေးရှိ အထက်မြန်မာပြည် စာပေအင်အားစုကလည်း နာဂစ် ဒုက္ခသည်များအတွက် ကျပ် ၅၂ သိန်း ကောက်ခံ ပေးလှူခဲ့ကြသေးသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates