Thursday, June 19, 2008

ဒီချုပ် ရုံးချုပ်ရှေ့ စစ်အစိုးရ လုံခြုံရေးများ တိုးမြှင့်

နေသွင်
ကြာသပတေးနေ့၊ ဇွန်လ 19 2008 15:53 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ အန်အယ်ဒီ ရုံးချုပ်တွင် ယနေ့ ကျင်းပသည့် ပါတီ ခေါင်းဆောင်၏ မွေးနေ့ အခမ်းအနား ပြီးဆုံးသွားသော်လည်း လုံခြုံရေးကိုမူ ဆက်လက် တင်းကျပ်ထားဆဲ ဖြစ်သည်။

နံနက်ပိုင်းက ရဲ၊ လုံထိန်း၊ ကြံ့ဖွံ့၊ စွမ်းအားရှင် အင်အား ၁ဝဝဝ ခန့် ချထားစဉ် ကြံ့ဖွံ့များက ပါတီရုံးဝင်းအတွင်း အတင်းအကျပ် ဝင်ရောက်ကာ သံဃာတော် တပါးနှင့် ပါတီဝင် ၃ ဦးကို ဝင်ရောက် ဖမ်းဆီးပြီးနောက် အခမ်းအနား ဆက်လက် ကျင်းပရာ နေ့လယ် ၂ နာရီတွင် ပြီးဆုံးခဲ့ သော်လည်း အာဏာပိုင်များဘက်က လုံခြုံရေးကို ဆက်ချထားဆဲပင် ဖြစ်သည်။

အဖွဲ့ချုပ် လူငယ်တဦးက “လုံခြုံရေး အခြေအနေက သူတို့ဘက်က မလျှော့ဘူး။ တထောင်ကျော်တော့ ရှိမယ်။ ကြံ့ဖွတ်တွေရော၊ စွမ်းအားရှင် တွေရော၊ ရဲတွေရော။ အုတ်လမ်းဘက်၊ ရွှေတိဂုံဘက်မှာ ပိုဆိုးတယ်။ အဲဒီမှာ ပြည်ထဲရေးဌာန ဓမ္မာရုံ ရှိတယ်။ အဲဒီမှာ လုံထိန်း အကြမ်းဖက် နှိမ်နင်းရေးတပ်တွေ တပ်စွဲထားတယ်။ ဒိုင်နာကားက ၁ဝ စီး ကျော်တယ်။ ကျန်တဲ့ ကားကြီးတွေတော့ ရွှေတိဂုံ ဘုရားဘက်မှာ ဖျောက်ထား တယ်” ဟု ပြောသည်။ ထိပ်တိုက်တွေ့မှု ဖြစ်မည် စိုးရိမ်သဖြင့် အဖွဲ့ချုပ်ရုံးဝင်းကိုမူ ခေတ္တ ပိတ်ခဲ့ရသေးသည်။

ရန်ကုန်မြို့ရှိ ထင်ရှားသော နေရာများဖြစ်သော မြို့တော်ခမ်းမ၊ ရွှေဂုံတိုင်၊ မြေနီကုန်း၊ လှည်းတန်းဘက်တွင်လည်း လုံခြုံရေးများ ထူထပ်စွာ ချထားသည်ဟု မြို့ခံတဦးက ပြောသည်။

“လူတွေက သုံးယောက်တွဲနေပြီး စောင့်ကြည့်ကြတယ်။ ရဲကားတန်းရှည်လည်း ကင်းပတ်နေတယ်။ လူထုကို ခြောက်ပြတဲ့ သဘောပါ။ ဒေါ်စု အိမ်ရှေ့လမ်းကိုလည်း အင်အား ဖြည့်ထားတယ်” ဟု အဆိုပါ မျက်မြင်တဦးက ပြောသည်။

မြို့အနှံ့တွင် ဒိုင်း၊ ဒုတ် ကိုင်ထားသော ရဲသား ၃ဝ ခန့်ပါသော ကားများလည်း လှည့်နေပြီး ကုန်သည်ကြီးများ ဟိုတယ် တဝိုက်တွင် အရပ်ဝတ်များ စောင့်ကြည့်နေသည်ဟု အဆိုပါ မြို့ခံက ဆိုသည်။

ယနေ့ နံနက်ပိုင်းက အဖွဲ့ရုံးဝင်း အတွင်းသို့ စွမ်းအားရှင်များ ဝင်ရောက်ကာ ရုံးလုံခြုံရေး ယူထားသော လူငယ်များကို ဖမ်းဆီးခဲ့သေးသည်။

မနက်က အဖွဲ့ချုပ်ရုံးအတွင်း ဖြစ်ပျက်ခဲ့သည့် အခြေအနေနှင့် ပတ်သက်၍ မျက်မြင်သက်သေ တဦးက “ဝင်ဆွဲသွားတယ်။ ရုံးရှေ့မှာ၊ ကားတွေ အတင်းထိုးရပ်ပြီးတော့ ဒိုင်နာကားတွေ၊ ဒေါ်အောင်ဆန်း စုကြည်အတွက် ဆုမွန်ကောင်း တောင်းတဲ့ လူတွေကို အတင်းဆွဲသွားတာ၊ တချို့ မြို့နယ်က လူတွေက ကြောက်အားလန့်အားနဲ့ ရုံးထဲ ဝင်ပြေးကြတာပေါ့။ ရုံးမှာ အမြဲတမ်း လုပ်နေတဲ့ လူငယ်တွေက လုံခြုံရေးတာဝန် ယူထားတော့ သူတို့ကို ဆွဲတင်သွားတယ်” ဟု ပြောသည်။

ပရိသတ် ၇ဝဝ ခန့် တက်ရောက်သော အခမ်းအနားတွင် နိုင်ငံရေး အကျဉ်းသား မိသားစုများမှ ကလေးငယ်များအတွက် ပညာသင် ထောက်ပံ့ကြေး ပေးသည့် အစီအစဉ်တခု ပြုလုပ်ခဲ့သည်။ ကျောင်းသားအရွယ် ကလေးငယ် ၇၄ ဦးကို တဦးလျှင် ငွေကျပ် ၃ သောင်းနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးခဲ့သည်။

မွေးနေ့ ဆွမ်းကပ်လှူမည့် ပန္နိတရာမ ကျောင်းတိုက် (ရွှေတောင်ကုန်း သာသနာ့ရိပ်သာ) မှ သံဃာ ၅ ပါးကို ဆွမ်းကပ်လှူမည့် အစီအစဉ်မှာ ဆွမ်းချိန် နှောင်းသွားသဖြင့် အထမမြောက်တော့ပါ။ သံဃာတော်များကို ဆွမ်းစား မကြွရောက်ရန် အာဏာပိုင်များက ဖိအားပေးခဲ့ခြင်း ဖြစ်သည်။


ဒီချုပ် ရုံးအတွင်း ကြံ့ဖွံ့များ ဝင်ပြီး လူ ၄ ဦး ဖမ်းဆီး

နေသွင်
ကြာသပတေးနေ့၊ ဇွန်လ 19 2008 13:03 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၃ နှစ်မြောက် မွေးနေ့ အခမ်းအနား ကျင်းပမည့် ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ အဖွဲ့ချုပ်ရုံးအတွင်း ကြံ့ဖွံ့များ ဝင်ရောက်စီးနင်းကာ သံဃာတပါးနှင့် လူပုဂ္ဂိုလ် ၃ ဦးကို ဖမ်းဆီးသွားသည်။

ပြီးခဲ့သည့် နာရီပိုင်းက စွမ်းအားရှင်များသည် တားဆီးနေသည့် ကြားကပင် အခမ်းအနား ကျင်းပမည့် အချိန်ကို စောင့်ဆိုင်းနေသည့် အဖွဲ့ချုပ်ဝင် ၇ဝဝ ခန့်ရှိရာ ရုံးဝင်းအတွင်း ဝင်ရောက်ကာ အခမ်းအနား တက်ရောက်သူများထဲက သံဃာတော်တပါးနှင့် လူ ၃ ဦးကို ဖမ်းဆီးသွားခြင်း ဖြစ်သည်။

“ဆွမ်းလောင်းပြီးတော့ ငှက်တွေ လွှတ်တယ်။ လူတွေက အော်တာပေါ့။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေလို့။ အဲဒါ စွမ်းအားရှင်တွေ ရောက်လာတယ်။ ၄ ယောက်လောက်တော့ ပါသွားတယ်။ ဦးထွန်းမြင့်၊ ဘုန်းဘုန်းတပါးရယ်၊ နောက် ၂ ယောက်ရယ်” ဟု အဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောသည်။

အဖွဲ့ချုပ် လူငယ်တဦးက “လုံခြုံရေး ချထားတယ်။ ဝင်ဖမ်းမှာ စိုးလို့။ ဝင်ဖမ်းတာဗျ။ စွမ်းအားရှင်ကားတွေနဲ့ ရုံးအရှေ့မှာ ရပ်လိုက်ပြီးတော့ ဝင်ဖမ်းတယ်။ အခု အရင်နေတဲ့ ရွှေတိဂုံဘုရားဘက်ကို သွားတဲ့ကွေ့မှာ ပြန်ရပ်နေတယ်။ ထောက်လှမ်းရေးတွေလည်း သူ့နေရာမှ ပြန်နေနေ ကြတယ်” ဟု ပြောသည်။

ရုံးအနီးတွင် လက်နက်ကိုင် လုံထိန်းတပ်သား၊ ရဲနှင့် ကြံ့ဖွံ့ စုစုပေါင်း ဦးရေ ၁ဝဝဝ ခန့် လုံခြုံရေး ချထားသည်။

“အားလုံးပေါင်း ၁ ထောင်လောက် ရှိတယ်။ ဒိုင်နာတွေနဲ့ဆို ၅-၇ ကားရှိတယ်။ ရဲကားတွေလည်း အများကြီး” ဟု အဖွဲ့ချုပ် လူငယ်က ပြောသည်။

ဦးဉာဏ်ဝင်းကလည်း “မနက်က ဆွမ်းလောင်းပါတယ်။ သံဃာတွေရော၊ မယ်သီလရှင်တွေရော ဆွမ်းလောင်းပါတယ်။ ရုံးပတ်ဝန်းကျင်မှာတော့ လုံခြုံရေး အကြီးအကျယ် ချထားပါတယ်။ လက်နက်ကိုင် လုံထိန်းကား ၄-၅-၆ စီး ရှိတယ်။ အရပ်ဝတ်နဲ့ လူတွေလည်း အများကြီး ချထား ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

နံနက်ပိုင်းတွင် သံဃာနှင့် သီလရှင် ၂ဝဝ ကျော်ကို ဆွမ်းကပ် လှူပြီးကတည်းက အာဏာပိုင်များနှင့် အန်အယ်ဒီ အဖွဲ့ဝင်များအကြား ထိပ်တိုက် တွေ့မှုများဖြစ်နေပြီး ယခု သတင်းပေးပို့ချိန်အထိ အဖွဲ့ရုံးကို ယာယီ ပိတ်ထားရသည်။

အဖွဲ့ချုပ် လူငယ်တဦးက “အခု ရုံးတွေပိတ်ထားရတယ်။ ခဏ။ ဆွမ်းကျွေးဖို့ ရှိတယ်။ ဘုန်းဘုန်းတွေကို အင်္ဂါနေ့တိုင်း ဆွမ်းလောင်းတာတွေ ဘာတွေ လုပ်ပြီးသွားပြီ။ ဆွမ်းကျွေးမလို့၊ မကျွေးရသေးဘူး” ဟု မဇ္ဈိမကို ပြောသည်။

မဇ္ဈိမက နောက်ဆုံး ဆက်သွယ်သည့် မြန်မာစံတော်ချိန် ၁၂ နာရီခွဲအထိ အာဏာပိုင်များနှင့် အန်အယ်ဒီ လူကြီးများ အကြားတွင် ညှိနှိုင်းနေဆဲ ဖြစ်သည်။

မွေးနေ့ အထိမ်းအမှတ်အဖြစ် ၁ဝ နာရီခွဲ - ၁၁ နာရီခန့်တွင် သံဃာ ၅ ပါးကို နေ့ဆွမ်းကပ်ရန် ဖိတ်ကြားထားသော်လည်း အာဏာပိုင်များက တားမြစ်သဖြင့် မကြွရောက်နိုင်ဟု ဦးဉာဏ်ဝင်းက ပြောသည်။


မောင်ဝိတ် အဖမ်းခံနေရဆဲ ဖြစ်ဖွယ်ရှိ

မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ ဇွန်လ 19 2008 12:51 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မူးယစ်ဆေးဝါး ဖောက်ကားမှုတွင် ပတ်သက်သည်ဆိုသော စွပ်စွဲချက်ဖြင့် ခေါ်ယူ မေးမြန်းခြင်း ခံခဲ့ရသည့် လူငယ် စီးပွားရေး လုပ်ငန်းရှင် မောင်ဝိတ်သည် အထိန်းသိမ်းခံနေဆဲ ဖြစ်သည်ဟု ယုံကြည်ရသည်။

စစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များနှင့် သဟဇာတဖြစ်သူ အသက် ၃၅ နှစ်အရွယ် မောင်ဝိတ်နှင့် မိသားစု ကုမ္ပဏီ လီမိတက်၏ မန်းနေးဂျင်း ဒါရိုက်တာ မောင်ဝိတ်ကို မူးယစ်မှုဖြင့်ပင် စစ်ဆေးခံရသည့် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်၏သား အောင်ဇော်ရဲမြင့်ကို ဖမ်းဆီးပြီးနောက် နှစ်ရက် အကြာတွင် ဖမ်းဆီးခဲ့သည်ဟု သတင်းရပ်ကွက်များက ပြောသည်။

Maung Weikမဇ္ဈိမက ရန်ကုန်မြို့ လမ်းမတော်လမ်းရှိ မောင်ဝိတ်နှင့် မိသားစု ကုမ္ပဏီ လိမိတက်သို့ ဖမ်းဆီးထားသည် ဆိုသော သတင်းနှင့် ပတ်သက်၍ ဆက်သွယ် အတည်ပြုချက် ရယူရာ ကောလဟလသာ ဖြစ်ပြီး ကျိုက်လတ်မြို့နယ်တွင် နာဂစ်ဆိုင်ကလုံးဒဏ်သင့် ဒုက္ခသည်များအတွက် ကျန်းမာရေး ၀န်ဆောင်မှုနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်လျှက် ရှိသည်ဟု ပြန်လည် ဖြေကြားခဲ့သည်။

သို့သော် ကျိုက်လတ်တွင် မောင်ဝိတ် ရောက်ရှိနေခြင်း ရှိ မရှိ မဇ္ဈိမ အထောက်တော်များက သွားရောက် စုံစမ်းခဲ့ရာ ကုမ္ပဏီအနေဖြင့် လုပ်ငန်း များ ဆက်လက် လုပ်ဆောင်နေသော်လည်း ရောက်လာခဲ့ခြင်း မရှိဟု ၀န်ထမ်းများက ပြောသည်။

ရာထူးမြင့် စစ်တပ် အသိုင်းအ၀ိုင်း အပြောအရ ပြည်ထဲရေး ၀န်ကြီးဌာန လက်အောက်ခံ နေရာတခုတွင် ထိန်းသိမ်းခံထားရသည်ဟု ဆိုသည်။

ယခင်ကလည်း မောင်ဝိတ်ကို စစ်ဆေးပြီး ပြန်လွှတ်ပေးလိုက်သည် ဆိုသော သတင်းများ ထွက်ပေါ်ခဲ့သည်။

ဖယ်ရှားခံလိုက်ရသော ၀န်ကြီးချုပ်ဟောင်းဖြစ်သူ ဗိုလ်ချုပ်ကြီး ခင်ညွှန့်နှင့် ရင်းနှီးသူဖြစ်သည့် မောင်ဝိတ်ကို စွဲချက်တင်မည်ဟု စစ်ခေါင်းဆောင် များနှင့် နီးစပ်သည့် သတင်းရပ်ကွက်များက ပြောသော်လည်း မည်သည့် အမှုဖြင့် စွဲချက်တင်မည်ကို မဇ္ဈိမအနေဖြင့် ရှင်းရှင်းလင်းလင်း မသိရသေးပါ။

မောင်ဝိတ်သည် စစ်ဘက်ရေးရာ လုံခြုံရေးဌာန အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေ၏ တူမဖြစ်သူ မယဉ်မင်းခင်ကို လွန်ခဲ့သည့် လအနည်းငယ် အတွင်း မြန်မာကျပ်ငွေ သိန်းပေါင်း ၁ သိန်းပေးကာ ကွာရှင်းထားသူ ဖြစ်သည်။

ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင်နှင့်လည်း ဆွေမျိုးတော်စပ်ပြီး ယခင် ထောက်လှမ်းရေး အကြီးအကဲ ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွှန် နောက်ပိုင်း တန်ခိုး ထွားလာသူလည်း ဖြစ်သည်။

အောင်ဇော်ရဲမြင့်ကို ဖမ်းဆီးသော အမှုနှင့် ပတ်သက်၍ မဇ္ဈိမက သတင်းဦး ထုတ်ပြန်ပြီး ဖြစ်သည်။ လက်ရှိအချိန်တွင် အောင်ဇော်ရဲမြင့်ကို ပြန်လည် ပြုပြင်ရေး စခန်းတခုတွင် ပို့ထားကာ မူးယစ်ဆေး ဖြတ်လျက် ရှိသည်။

ယခုကဲ့သို့ စစ်အစိုးရ အသိုင်းအ၀ိုင်း၊ ရုပ်ရှင်မင်းသား မင်းသမီးများ အပါအ၀င် ရုပ်ရှင်နယ်ပယ်မှ လူ ၂ ဒါဇင်ခန့်ကိုပါ ခေါ်ယူ စစ်ဆေးမှု ပြုလာခဲ့သည်။

နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် မနန္ဒာလှိုင်နှင့် ကိုဇေသီဟတို့၏ မေလအတွင်းက ပြုလုပ်ခဲ့သော မင်္ဂလာဆောင် အခမ်းအနားသို့ တက်ရောက် ရန် ကာယကံရှင်များက နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ နံပါတ် ၃ အကြီးအကဲ ဗိုလ်ချုပ်ကြီး သူရရွှေမန်းကို သွားရောက် ဖိတ်ကြားမှုပြုရာမှ အစပြုခဲ့သည်ဟု ဆိုသည်။

မဇ္ဈိမက ကိုဇေသီဟရှိရာ မြရိပ်ညိုဟိုတယ်သို့ ဆက်သွယ် အတည်ပြုချက် ရယူရာတွင် ကိုဇေသီဟက တယ်လီဖုံး လာရောက်ကိုင်ကာ ဆဲရေးပြီး ဖုံးချသွားသည်။

မင်းသမီးများကို အာမခံဖြင့် ပြန်လွှတ်ပေးထားခြင်းမှာ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်း၏ မေတ္တာရပ်ခံချက်ဟု ပြန်ကြားရေး ၀န်ကြီး ဌာန သတင်းရပ်ကွက်က ပြောသည်။ နာဂစ်မုန်တိုင်းဒဏ် ဒုက္ခသည်များအတွက် ရန်ပုံငွေ ရှာရန် ပြန်ကြားရေး ၀န်ကြီးဌာနက ရုပ်ရှင် အစည်းအရုံးဝင် မင်းသား မင်းသမီးများဖြင့် ဗီဒီယို ၆ ကားကို ရိုက်ကူးလျှက် ရှိသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates