Friday, June 6, 2008

နောက်ထပ် ကုလ ရဟတ်ယာဉ် ၅ စင်းကို မြန်မာပြည်ထဲ ၀င်ခွင့်ပြုပြီ

မုံပီး
ကြာသပတေးနေ့၊ ဇွန်လ 05 2008 22:40 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ်အဖွဲ့၏ ရဟတ်ယာဉ် နောက်ထပ် ၅ စင်းကို ဆိုင်ကလုံးဒဏ်ခံ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသ ကယ်ဆယ် ထောက်ပံ့ရေး လုပ်ငန်းများတွင် အသုံးပြုရန် မြန်မာ အာဏာပိုင်များက ခွင့်ပြုလိုက်ပြီ ဖြစ်သည်။

အနည်းငယ်ပင် အချိန်နှောင်းမှ ပေါ်ထွက်လာသော ခွင်ပြုချက်အရ ထိုင်းနိုင်ငံ ဘန်ကောက်တွင် ရပ်နား စောင့်ဆိုင်းနေရသော ရဟတ်ယာဉ် ၉ စင်းအနက်မှ ၅ စင်းသည် သောကြာနေ့တွင် မြန်မာနိုင်ငံသို့ ပျံသန်းမည် ဖြစ်ကြောင်း စားနပ်ရိက္ခာ အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အီဒစ် ရှန်ပိန်းက ပြောကြားလိုက်သည်။

"စီစဉ်ထားတဲ့အတိုင်း အဆင်ပြေ ချောချောမွေ့မွေ့ဖြစ်ပြီး ရာသီဥတု ကောင်းမွန်မယ်ဆိုရင် မနက်ဖြန် မနက်ကို ငါးစင်း (ရဟတ်ယာဉ်) ထွက်ခွာမှာ ဖြစ်တယ်" ဟု ရှန်ပိန်းက မဇ္ဈိမသို့ ပြောသည်။

ရန်ကုန်တွင် ရပ်နားထားသော ယခင်က ကြိုရောက်နေသည့် ရဟတ်ယာဉ် တစင်းသည်လည်း အာဏာပိုင်များ၏ ခွင့်ပြုချက် ရရှိပြီးနောက် မြစ်ဝကျွန်းပေါ်သို့ ပျံသန်းနေခဲ့သည်ဟု သူမက ပြောသည်။

တင်္နလာနေ့မှစ၍ အဆိုးရွားဆုံး ဒဏ်ခံခဲ့ရသည့် မြစ်ဝကျွန်းပေါ် ဒေသသို့ ထောက်ပံ့ပစ္စည်းများ တင်ဆောင်ကာ အနည်းဆုံး လေးကြိမ် ပျံသန်းခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။

မုန်တိုင်းမှ သေကံမရောက် သက်မပျောက်ခဲ့သူများကို ထောက်ပံ့ရန် ကုန်ပစ္စည်းများ အပါအ၀င် ကုန်တင် ရဟတ်ယာဉ် ၁၂ စင်းနှင့် စစ်သား ၅ ထောင်ကျော်ပါသည့် အမေရိကန် စစ်သင်္ဘော USS Essex ဦးဆောင်သော ရေတပ်သင်္ဘော လေးစင်းကို မြန်မာ့ကမ်းလွန် အနီးမှ ဆုတ်ခွာ တော့မည်ဟု အမေရိကန်က ကြေညာခဲ့ပြီးနောက် စစ်အစိုးရ၏ ယခုခွင့်ပြုချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း မြန်မာ စစ်အစိုးရက ခွင့်မပြုသဖြင့် သုံးပတ်ကျော်ကြာ စောင့်ဆိုင်းနေပြီးမှ USS Essex သင်္ဘောအုပ်စုသည် ထိုင်းကမ်းလွန်သို့ ပြန်လည် ရွှေ့ပြောင်းတော့မည် ဖြစ်ကြောင်း အမေရိကန်က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။

ကုလသမဂ္ဂ၏ အဆိုအရ ဆိုင်ကလုံးဒုက္ခသည် ၂.၄ သန်းအနက် ၁ သန်းကျော်မှာ အထောက်အပံ့ အကူအညီ တစုံတရာ မရသေးဟု ဆိုသည်။

ဆက်သွယ်ရေးနှင့် ကူးသန်း ပို့ဆောင်ရေး အခက်အခဲကြောင့် ဆိုင်ကလုံးဒဏ် ဆိုးရွားစွာ ခံခဲ့ရသည့် ကျေးရွာ အများအပြားသို့ အကူအညီများ မရောက်ခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေး လုပ်သားများက ပြောကြသည်။

လပွတ္တာမြို့တွင် ထောက်ပံ့ရေး ပစ္စည်းများ ဖြန့်ဖြူးပေးရာတွင် ကိုယ်တိုင်ပါဝင်ခဲ့သူ ရန်ကုန်အခြေစိုက် ကယ်ဆယ်ရေး လုပ်သားတဦးက ဝေးလံ ခေါင်ဖျားရှိ ကျေးရွာသားများက သူတို့ အနေဖြင့် အကူအညီ မရရှိကြသေးကြောင်း ပြောပြပြီး အကူအညီ တောင်းခံမှုများ ရှိနေသည်ဟု ဆိုသည်။

"ပြောရရင်တော့ သူတို့တွေ ဘယ်အကူအညီမှ မရကြသေးဘူး။ ဘာဖြစ်လို့လည်းဆိုတော့ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲလို့" ဟု ကယ်ဆယ်ရေး လုပ်သားတဦးက မဇ္ဈိမသို့ တင်္နလာနေ့က ပြောသည်။


ဒုဗိုလ်ချုပ်ကြီး ရဲမြင့်၏သား မူးယစ်ဆေး ရောင်းဝယ်မှုဖြင့် အဖမ်းခံရ

မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ ဇွန်လ 05 2008 21:00 - မြန်မာစံတော်ချိန်

ရန်ကုန်။ ။ မြန်မာ ထိပ်တန်း စစ်ဗိုလ်ချုပ်တဦး၏ သားဖြစ်သူသည် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသည်ဟု စွပ်စွဲခံရပြီး ဖမ်းဆီး ချုပ်နှောင် ခံထားရသည်။

စစ်ထောက်လှမ်းရေးများနှင့် ရဲများ ပါဝင်သော ပူးပေါင်းအဖွဲ့ တဖွဲ့က အထူးစစ်ဆင်ရေး (၁) အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်၏သား အောင်ဇော်ရဲမြင့်ပိုင် ကြည့်မြင်တိုင်မြို့နယ်ရှိ ကုမ္ပဏီကို ၀င်ရောက်စီးနင်း ရှာဖွေပြီးနောက် ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

အောင်ဇော်ရဲမြင့်သည် ရုပ်ရှင် အသိုင်းအ၀ိုင်းရှိ နာမည်ကျော်များကို မူးယစ်ဆေးဝါး ရောင်းချနေကြောင်း သံသယရှိသည်ဟု ရဲသတင်း ရပ်ကွက်က ဆိုသည်။

စွပ်စွဲခံထားရသူသည် ကြည့်မြင်တိုင်မြို့နယ် ပန်းလှိုင်လမ်းထိပ်ရှိ ရဲတံခွန်တာဝါ အဆောက်အဦရှိ ရဲတံခွန် ဆောက်လုပ်ရေး ကုမ္ပဏီကို ပိုင်ဆိုင်သူ ဖြစ်သည်။

အသက် ၂၉ နှစ်အရွယ် အောင်ဇော်ရဲမြင့်ကို ရန်ကုန်တိုင်း စစ်ဌာနချုပ်အတွင်း ထိန်းသိမ်းထားသည်ဟု ယုံကြည်ရသည်။

ရုပ်ရှင်သရုပ်ဆောင် မင်းသမီးတဦးလည်း အမှုတွင် ပတ်သက်နေမှုဖြင့် အဖမ်းခံထားရသည်ဟု သိရသော်လည်း မဇ္ဈိမအနေဖြင့် မည်သူမည်ဝါ ဖြစ်သည်ကို ယခုအထိ အတည်ပြု၍ မရသေးပါ။

မြန်မာနိုင်ငံရှိ ရုပ်ရှင် အကျော်အမော်များအတွင်း အက်ကစီ၊ ရာဘ ခေါ် ရာမနှင့် ဘိန်းဖြူတို့ သုံးစွဲမှုများ ရှိသည်ကို လူသိများကြသည်။


ဘိုကလေးသို့ လက်တွန်းထွန်စက်များ ရောက်ရှိ

မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ ဇွန်လ 05 2008 17:15 - မြန်မာစံတော်ချိန်

ဘိုကလေး။ ။ လေးဘေးဒဏ်သင့် ဒေသတခု ဖြစ်သည့် ဧရာဝတီတိုင်း ဖျာပုံခရိုင် ဘိုကလေးမြို့နယ်သို့ အစိုးရမှ ထောက်ပံ့သော လက်တွန်းထွန်စက်များ ယနေ့ ရောက်ရှိလာသည်။

မိုးစပါးအတွက် ပျိုးစိုက်ချိန်အမှီ ထွန်ယက် စိုက်ပျိုးနိုင်ရန်အတွက် လယ်ယာနှင့် ဆည်မြောင်း ၀န်ကြီးဌာန အစီအစဉ်ဖြင့် လက်တွန်း လယ်ထွန်စက် (ဧရာ-၁) အမျိုးအစားများနှင့် စက်သုံး အပိုပစ္စည်းများကို စစ်ဘက် သယ်ယူပို့ဆောင်ရေး ကား ၁၀၀ ခန့်ဖြင့် ယနေ့ နံနက်ပိုင်းက ရောက်ရှိလာခြင်း ဖြစ်သည်။

ယခုလို လယ်ထွန်စက်များ ဘိုကလေးမြို့ပေါ်သို့ ရောက်ရှိ မလာခင်ကတည်းက မြို့နယ်အတွင်းရှိ ကျေးရွာများသို့ သက်ဆိုင်ရာမှ ကျွဲနွားများ ချပေးနေသည်ဟု ပြောဆိုခဲ့သော်လည်း ယခုထိ ရောက်ရှိလာခြင်း မရှိသေးပါ။

အထောက်အပံ့ အကူအညီများ အလျင်အမြန် ရမည်ဆိုလျှင် ပြန်လည် စိုက်ပျိုးခွင့် သာမည်ဟု ဒေသခံအချို့က ဆိုသည်။

ဘိုကလေးအပိုင် ဧရာတန်ကျေးရွာမှ ရွာသားတဦးက ''မုန်တိုင်းဒဏ်ကြောင့် စိုက်ပျိုးမြေတွေထဲ ရေငံတွေ ၀င်ပေမယ့် မိုးများတဲ့ ဒေသဖြစ်လို့ လယ်ယာတွေကို အချိန်မှီရင် ပြန်စိုက်ပျိုးနိုင်ပါတယ်'' ဟု ပြောသည်။

သူက ''လေနဲ့ရေ တပြိုင်ထဲ တိုက်ခတ်လို့ မျိုးစပါးတွေ ဆုံးရှုံးခဲ့ရတယ်။ ကျွဲတွေပါ ဆုံးရှုံးးခဲ့တယ်။ အခု ရွာမှာ ဧက ၇၀ ကျော်ကို ကျွဲ ၂ ကောင်နဲ့ အလှည့်ကျ ထွန်ယက်နေရတယ်။ လက်ရှိ အချိန်အထိတော့ မျိုးစပါးတွေ မရောက်သေးပါဘူး။ တကယ်လို့ မျိုးရရင် အလွယ်တကူ ပြန်စိုက်နိုင်ဖို့ အခုလို ထွန်နေတာပါ'' ဟု ဆက်ပြောသည်။

မြို့နယ်အတွင်းရှိ လေဘေးသင့် ကျေးရွာများမှာ အစားအသောက်အတွက် လာရောက်လှူဒါန်းသော စေတနာရှင်များကိုသာ မှီခိုနေရသေးသည်။

ပြီးခဲ့သည့်လ ၂-၃ ရက်နေ့များတွင် နာဂစ်မုန်တိုင်းသည် မြန်မာနိုင်ငံသို့ ဖြတ်သန်း တိုက်ခတ်သွားရာ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတို့တွင် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကာ ဆန်စပါး အဓိက ထွက်ရှိရာ ဧရာဝတီတိုင်းတွင် ဆုံးရှုံးမှု ကြီးမားခဲ့ပြီး လူအသေအပျောက် အများဆုံးနှင့် စိုက်ပျိုးမြေဧကများစွာ ထိခိုက် ဆုံးရှုံးခဲ့ရသည်။




 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates