Thursday, June 5, 2008

သုံးပွင့်ဆိုင် ကယ်ဆယ်ရေး စတင်

နေသွင်
ကြာသပတေးနေ့၊ ဇွန်လ 05 2008 14:14 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ဆိုင်ကလုန်း လေဘေး ကယ်ဆယ်ရေး လုပ်ငန်း လုပ်ဆောင်ရန် ဖွဲ့စည်းထားသော သုံးပွင့်ဆိုင် ကယ်ဆယ်ရေးအဖွဲ့ဝင် ၂ဝဝ သည် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသရှိ လုပ်ငန်းများကို ယနေ့ စတင် လုပ်ဆောင်တော့မည်။

ရန်ကုန်မြို့တွင် ၂ ရက်ကြာ ဆွေးနွေးပြီးနောက် အာဆီယံ၊ ကုလသမဂ္ဂနှင့် မြန်မာအစိုးရတို့ ပူးပေါင်းပါဝင်သော အရေးပေါ်အခြေအနေတွင် အလျင်အမြန် ပြုစုလုပ်ဆောင်ရေး အဖွဲ့မှ ကိုယ်စားလှယ်များသည် မုန်တိုင်းဒဏ် ခံရသော ဒေသများမှ အပျက်အစီး အခြေအနေကို သွားရောက်၍ လေ့လာစုံစမ်းရန် အဆင်သင့် ဖြစ်သွားခြင်း ဖြစ်သည်။

မုန်တိုင်းကျအပြီး တလကျော် အကြာတွင် စတင်မည့် ယခု အစီအစဉ်နှင့် ပတ်သက်၍ အာဆီယံ အထွေထွေ အတွင်းရေးမှူး ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဟောင်း ဒေါက်တာ ဆူရင်း ပစ်ဆူဝမ်း (Dr. Surin Pitsuwan) က “အဖွဲ့ ၂ ဖွဲ့ကို ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်ရဲ့ ရဟတ်ယာဉ်နဲ့ လပွတ္တာနဲ့ ဖျာပုံမှာ လုပ်ငန်းတွေ စတင်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။

မုန်တိုင်းဒဏ် ခံရသော ဒေသများတွင် သတင်းအချက်အလက် စုံစမ်းမှု လုပ်ငန်းစဉ်သည် ရက်သတ္တပတ် ၂ ပတ် ကြာမြင့်ဖွယ် ရှိသည်။

အောက်ခြေမှ ဖြစ်ပျက်နေသော သတင်း အချက်အလက်များကို စုဆောင်း ရရှိပြီးနောက် ရန်ကုန်တွင် ဖွင့်ထားသော အဖွဲ့၏ ရုံးမှတဆင့် အရေးပေါ် အကူအညီများအတွက် စီစဉ်သွားမည် ဖြစ်သည်။ နိုင်ငံတကာမှ ကျွမ်းကျင်သူများ၏ အကြံဉာဏ်များကိုပါ ရယူသွားမည်ဟု ဆိုသည်။

ယခု အစီအစဉ်အတွက် အာရှ ဖွံ့ဖြိုးရေးဘဏ်နှင့် ကမ္ဘာ့ဘဏ်တို့ကလည်း လိုအပ်သော နည်းပညာများ အကူအညီ ပေးသွားမည်။

သုံးပွင့်ဆိုင်အဖွဲ့၏ လက်ရှိ လုပ်ငန်းများတွင် အာရှဖွံ့ဖြိုးရေးဘဏ်မှ ဝန်ထမ်း ၈ ဦးနှင့် ကမ္ဘာ့ဘဏ်ဝန်ထမ်း ၁၈ ဦးလည်း ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်သည်။

ဒေါက်တာဆူရင်းက “သုံးပွင့်ဆိုင် အဖွဲ့ရဲ့ လောလောဆယ် တိုးတက်မှုအပေါ်မှာ ကျေနပ်မိပါတယ်။ ဒါပေမဲ့ ၂ ပတ် အတွင်းမှာ အာဆီယံ၊ ကုလသမဂ္ဂနဲ့ မြန်မာအစိုးရရဲ့ ပူးပေါင်း လုပ်ဆောင်မှုအပေါ်မှာ နိုင်ငံတကာရဲ့ ယုံကြည်မှုကို တည်ဆောက်ဖို့ အရေးကြီးပါတယ်” ဟု ပြောသည်။

မုန်တိုင်းအပြီး တလကြာ ထုတ်ပြန်သော ကုလသမဂ္ဂ၏ အစီရင်ခံစာတွင် ဒုက္ခသည် ၂ ဒဿမ ၄ သန်းအနက် ၁ ဒဿမ ၃ သန်းသည် အကူအညီ အချို့ ရရှိသော်လည်း အခြေခံ အနည်းဆုံး လိုအပ်ချက်ပင် အလုံအလောက် မရှိသေးဟု ဖော်ပြထားသည်။


ဇာဂနာ အဖမ်းခံရပြန်


ဖနိဒါ
ကြာသပတေးနေ့၊ ဇွန်လ 05 2008 12:39 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ နာဂစ်ဘေး ဒုက္ခသည်များ ကယ်ဆယ် ထောက်ပံ့ရေးအတွက် တက်တက်ကြွကြွ လုပ်ဆောင်နေသော နာမည်ကျော် သရုပ်ဆောင် ကိုဇာဂနာအား ရဲများက ယမန်နေ့ ညပိုင်းတွင် နေအိမ်မှ ဖမ်းဆီး ခေါ်ဆောင်သွားသည်။

အထူး ရဲသတင်းတပ်ဖွဲ့နှင့် ရပ်ကွက် အေးချမ်းသာယာရေး ၉ ဦးက နေအိမ်အတွင်း ရှာဖွေမှုများ ပိုက်စိတ်တိုက် လုပ်ခဲ့ပြီး ည ၁ဝ နာရီ ၄၅ မိနစ်ခန့်တွင် ခေါ်ဆောင်သွားခြင်း ဖြစ်သည်။

“အဝတ်ထည့်ပါ၊ ခေါ်သွားမယ် တဲ့။ ကျမက “ဦးတို့က ဘယ်လို ဖြစ်တာလဲ၊ ရှာဖွေရေးပဲ လုပ်မယ် ပြောပြီးတော့ ဘယ်လိုဖြစ်လို့ ခေါ်သွားမှာလဲ” ဆိုတော့၊ နှစ်ရက်လောက်ပါပဲတဲ့” ဟု ညီမဖြစ်သူ မငြိမ်းက မဇ္ဈိမကို ပြောသည်။

ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် ရှာဖွေရန် အတွက်ဟု ဆိုကာ အာဏာပိုင်များ နေအိမ်အတွင်း ဝင်ရောက်လာပြီး ကိုဇာဂနာ အိပ်ခန်းရှိ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသမီး သန္တာရွှေ၏ မင်္ဂလာဆောင် မှတ်တမ်းတင် ဗီဒီယိုခွေ ၊ ရမ်ဘိုအပိုင်း ၄ ၊ နာဂစ်ရဲ့ ဘဝဆိုးည အစရှိသည့် ဗီစီဒီခွေများ၊ နာဂစ်မုန်တိုင်းနှင့် ပတ်သက်ပြီး ကလေးသူငယ်များ သီဆိုထားသည့် သီချင်းခွေ၊ စာရင်းစာအုပ် ၂ အုပ်၊ FEC ၃ဝ ၊ ဒေါ်လာ ၁ဝဝဝ နှင့် ကွန်ပြူတာ အစိတ်အပိုင်းတခု တို့ကိုပါ သိမ်းဆည်းသွားကြသည်။

မငြိမ်းက “စက်တင်ဘာတုန်းက လာဆွဲတုန်းကလည်း သူပဲ၊ ခရိုင်မှူး ဆိုသူပါပဲ။ စကားပြောတာလည်း မိုက်ရိုင်းတယ်။ နိုင်ငံရေးနဲ့ နာဂစ် အတွက်တော့၊ ကယ်ဆယ်ရေး လုပ်နေလို့တော့ မဟုတ်ပါဘူးတဲ့။ နိုင်ငံရေးနဲ့ ပတ်သက်မှု ရှိ၊ မရှိ အဲဒါလေးကို ရှာချင်ပါတယ်တဲ့” ဟု ပြောသည်။

၁၉၈၈ ခုနှစ်မှ စတင်ကာ ကိုဇာဂနာသည် ယခုအကြိမ်နှင့် ဆိုလျှင် ၅ကြိမ်မြောက် ဖမ်းဆီး ခေါ်ဆောင်ခြင်း ခံရပြီး ၂ဝဝ၆ ခုနှစ် မေလမှ စတင်ကာ အနုပညာ လုပ်ငန်းများတွင် သရုပ်ဆောင် ဖျော်ဖြေခွင့်နှင့် ဒါရိုက်တာ လုပ်ခွင့်ကို အာဏာပိုင်များက ပိတ်ပင် တားမြစ်ထားသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates