Thursday, June 5, 2008

လေဘေး ရံပုံငွေအတွက် ဗီဒီယိုဇာတ်ကားများ ရိုက်ကူးမည်

ဝိုင်းပီး
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 04 2008 19:42 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ လေဘေး ဒုက္ခသည်များအတွက် ရံပုံငွေရှာသည့် အနေဖြင့် နာမည်ကြီး ဒါရိုက်တာများနှင့် အနုပညာရှင်များ စုပေါင်းကာ ဗီဒီယို ဇာတ်ကားများ မနက်ဖြန်တွင် ရိုက်ကူးတော့မည်။

မုန်တိုင်းကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ကာ မိသားစု အသိုက်အမြုံများ ပြိုကွဲပျက်စီးရင်း ကျန်ရစ်ခဲ့သည့် လေဘေး ဒုက္ခသည်များကို ထောက်ပံ့ ကူညီရန်အတွက် ရံပုံငွေ ရှာဖွေရေး ဗီဒီယို ဇာတ်ကားများကို မြန်မာ့ရုပ်ရှင် အစည်းအရုံးမှ ငွေကြေး စိုက်ထုတ်ကာ ရိုက်ကူးမည့် အစီအစဉ် ဖြစ်သည်။

“ရလာတဲ့ငွေနဲ့ လေဘေး ဒုက္ခသည်တွေရဲ့ လိုအပ်တာတွေကို လှူဖို့ပါ။ ရံပုံငွေရှာတာ” ဟု ရုပ်ရှင် အစည်းအရုံး ပြန်ကြားရေးဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။

ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးမြင့်သိန်းဖေ ကိုယ်တိုင် ဦးဆောင်ကာ နာဂစ် လေမုန်တိုင်းကြောင့် လူအများအပြား သေဆုံး၊ အိုးအိမ်မဲ့ ဖြစ်ရပ်မှန်များကို ကျောရိုးပြု သရုပ်ဖော် ရိုက်ကူးသွားမည်ဖြစ်ကာ လာမည့် ၂ လအတွင်း အပြီးသတ် ထုတ်လုပ် ဖြန့်ချိသွားမည်။

နာမည်ကြီး ဒါရိုက်တာများ ဖြစ်သည့် မောင်မျိုးမင်း၊ မိုက်တီး၊ မီးပွား၊ ကျော်ဇောလင်း၊ မောင်သီ၊ ညီညီအောင် (ညွန့်မြန်မာ)နှင့် ကိုဇော် (အရုဏ်ဦး) က ညွှန်ကြား ရိုက်ကူးမည် ဖြစ်ကာ မင်းသား လူမင်း၊ လွင်မိုးနှင့် မင်းသမီး အိန္ဒြာကျော်ဇင်၊ ခိုင်သင်းကြည်တို့က အခကြေးငွေ မယူဘဲ မေတ္တာဖြင့် ပါဝင် သရုပ်ဆောင်မည် ဖြစ်ပြီး ဇာတ်ပို့၊ ဇာတ်ရံများကိုမူ အခကြေးငွေ အနည်းငယ်စီ ပေးမည် ဖြစ်သည်။

“ဇာတ်ပို့၊ ဇာတ်ရံတွေကိုတော့ ငွေးကြေး နည်းနည်းပါးပါးလောက်တော့ ပေးမယ်ပြောတယ်” ဟု ဟာသ သရုပ်ဆောင် ငှက်ပျောကြော်၏ ဇနီးသည်က ပြောသည်။

ယခုဇာတ်ကားများအတွက် အာဏာပိုင်များထံ ဆင်ဆာတင်ခြင်း မလုပ်နိုင်ဘဲ အရေးပေါ် အစီအစဉ်ဆွဲပြီး ဇာတ်ကားများကို အလျင်အမြန် ရိုက်ကူးကာ ရံပုံငွေရှာရန် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း ရုပ်ရှင်အစည်းအရုံး ပြန်ကြားရေးမှ တာဝန်ရှိသူတဦးက ပြောသည်။

သူက “ကားကြီး မဟုတ်တော့ ဆင်ဆာတင်စရာ မလိုဘူး။ ၂ ရက်အတွင်း ချက်ချင်း စီစဉ်တာ။ ဘယ်ဒါရိုက်တာက ဘာဇာတ်ညွှန်းကို ရိုက်မယ်ဆိုတာ ဥက္ကဋ္ဌတောင် သေချာ မသိသေးဘူး” ဟု သူက ပြောသည်။

မင်းသား၊ မင်းသမီး မည်ရွေ့မည်မျှ ပါဝင် သရုပ်ဆောင်မည်ကိုပင် ပြန်ကြားရေးဌာနသို့ ယနေ့ညပိုင်းတွင် ဥက္ကဋ္ဌ ဦးမြင့်သိန်းဖေက အတိအကျ လှမ်းအကြောင်းကြားမည်ဟု သိရသည်။

ရုပ်ရှင်အစည်းအရုံးတွင် စုဝေးကာ ယမန်နေ့ ၃ ရက်နေ့ နေ့လယ် ၂ နာရီတွင် ပြင်ဦးလွင် ခေါ် မေမြို့သို့ ကား ၆ စီးနှင့် လူဦးရေ ၃ဝဝ ခန့် သွားရောက်နေပြီ ဖြစ်သည်။

ရန်ကုန်မြို့တွင် မိုးများ ရွာသွန်းနေသဖြင့် ဇာတ်ကားများရိုက်ရန် အခက်အခဲ ရှိခြင်းနှင့် အနုပညာသည် များစွာ ပါဝင်သည့်အတွက် လုံခြုံ စိတ်ချရသည့် ရုပ်ရှင် ရိုက်ကူးနေကျ မေမြို့ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ဇာတ်ကားများကို ၁ဝ ရက်ခန့်အတွင်း အပြီးသတ် ရိုက်ကူးမည်ဖြစ်ကြောင်း သိရသည်။


မြန်မာတပ်သား ၃ ဦး ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ပစ်ခတ်ခံရ

ဇာနည်
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 04 2008 19:02 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ထိုင်းနိုင်ငံတောင်ပိုင်းတွင် သေနတ်သမားတဦး၏ ပစ်ခတ်မှုကြောင့် မြန်မာစစ်တပ်မှ အရာခံဗိုလ် ၂ ဦးနှင့် တပ်ကြပ်တဦး ယမန်နေ့က ဒဏ်ရာများ ရရှိသွားသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ကော့သောင်းခရိုင် ခမောက်ကြီးကျေးရွာမှ ရနောင်းခရိုင် ကနဘူရီသို့ ယမန်နေ့ နေ့လယ် ၁၂ နာရီခန့်က ဈေးဝယ်ရန်အသွား ပါချန်မြစ်ကို ဖြတ်ကူးစဉ် အပစ်ခံရခြင်း ဖြစ်သည်။

"သူတို့က ဒီဘက်မှာ ဆိုင်ကယ်နဲ့ အခြားပစ္စည်းတွေ လာဝယ်မလို့ ပြောတယ်။ မြစ်ကိုကူးတုန်း ဒီဘက်နား ရောက်တော့ အပစ်ခံရတာပဲ။ ၃ ယောက်လုံး ထိတယ်။ သေတော့ မသေဘူး" ဟု ဒေသခံတဦးက ပြောသည်။

ဘုတ်ပြင်းတပ်ရင်း ခလရ ၂၂၄ မှ အဆိုပါ တပ်သား ၃ ဦးသည် ၉ လုံးကျည် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။ တရားခံကို မသိရသေးဘဲ ရနောင်းခရိုင် ရဲတပ်ဖွဲ့မှ စုံစမ်းနေဆဲဖြစ်ကြောင်း အခင်း ဖြစ်ပွားသည့် နေရာမှ ဒေသခံများက မဇ္ဈိမကို ပြောသည်။

သူတို့ကို မြန်မာပြည်ဘက်ခြမ်း၊ ခမောက်ကြီးရွာရှိ ၆ မိုင် ကုတင် ၁၀၀ ဆန့် စစ်ဆေးရုံသို့ ပို့ဆောင်ထားသည်။ တဦးမှာ ညာဘက်နံစောင်း၊ တဦးက ရင်ပတ်တွင် ဒဏ်ရာများ ရသွားကြကြောင်း ဒေသခံများအဆိုအရ သိရသည်။ သူတို့၏ ဒဏ်ရာ အခြေအနေ အသေးစိတ်ကိုမူ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ပြီးခဲ့သည့် မေလအတွင်းက ထိုင်းနိုင်ငံသားပိုင် ဆင်တကောင်သည် မြန်မာပိုင်နက် အတွင်းသို့ ရောက်သွားရာ ခလရ ၂၂၄ မှ ဆင်ကို ထိန်းသိမ်းထားခဲ့ရာ ပိုင်ရှင်က ပြန်တောင်းရာတွင် မြန်မာတပ်က အဖိုးအခများ တောင်း၍ ငွေညှစ်ခဲ့ဖူးသည်ဟု ဆိုသည်။

၎င်းကိစ္စကို မကျေနပ်သူ ပိုင်ရှင်တို့က ယခုကဲ့သို့ ပြုလုပ်ခြင်း ဖြစ်နိုင်သည်ဟု အမှုကို စုံစမ်းနေသော ထိုင်းရဲများက ကောက်ချက်ချထားကြောင်း အခင်းဖြစ်ရာ ဒေသမှ သတင်းများက ဆိုသည်။

ယင်းအမှုကို ရနောင်းခရိုင် ရဲတပ်ဖွဲ့မှ တာဝန်ယူ စုံစမ်းစစ်ဆေးနေပြီး မြန်မာဘက်က တစုံတရာ တုံ့ပြန်ခြင်း မရှိသေးကြောင်း သိရသည်။

လေဘေးဒုက္ခသည် ၁ဝဝ ခန့် ထိုင်း-မြန်မာနယ်စပ်သို့ ခိုလှုံရောက်ရှိနေ

နေသွင်
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 04 2008 16:20 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ မုန်တိုင်းဒဏ် ခံရပြီးနောက် အိုးအိမ်စွန့်ခွာပြီး ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့သို့ ထွက်ခွာလာသူ စုစုပေါင်း ၁ဝဝ ကျော် ရှိသွားပြီဟု နယ်စပ်အခြေစိုက် လေဘေးဒုက္ခသည် အကူအညီပေးရေး အဖွဲ့က ပြောသည်။

နှစ်နိုင်ငံနယ်စပ်သို့ ဝင်ရောက်လာသော ဧရာဝတီတိုင်းမှ ဒုက္ခသည် ၁ဝဝ ခန့်သည် ဆိုင်ကလုန်းအပြီး လေဘေး ဒုက္ခသည်များအတွက် ထိုင်း-မြန်မာ နယ်စပ်တွင် ဖွဲ့စည်းခဲ့သော အရေးပေါ် ကူညီရေးအဖွဲ့ (မြန်မာနိုင်ငံ) Emergency Assistance Team – Burma (EATB) သို့ လာရောက်ကာ အကူအညီများ ရယူနေသည်။

“ဒီနေ့မနက်ပဲ ၇ ယောက်၊ ၈ ယောက် ရောက်တယ်။ လောလောဆယ် တလစာ ရိက္ခာနဲ့ အကူအညီ တယောက် တထောင်နှုန်း ပေးထားတာ ရှိတယ်” ဟု အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဆရာမန်းမန်းက မဇ္ဈိမကို ပြောသည်။

ထိုင်း-မြန်မာနယ်စပ်သို့ ဝင်ရောက်လာသော ဒုက္ခသည်များကို လိုအပ်သော အကူအညီပေးများ ဆက်လက် ထောက်ပံ့နိုင်ရေးအတွက် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် ဆက်လက်၍ ညှိနှိုင်း ဆောင်ရွက်သွားမည်ဟု EATB က ဆိုသည်။

“မေးကြည့်တာက တချို့က ကျွံလာကြတယ်။ ကလေးတွေလည်း ကျန်ခဲ့တယ်။ အကူအညီ ပေးနိုင်မယ်ဆိုရင် သူတို့ဒေသ၊ သူတို့ရွာပဲ ပြန်မယ်လို့ ပြောကြတာလည်း ရှိတယ်” ဟု ဆရာမန်းမန်းက ပြောသည်။

အမျိုးသား ကျန်းမာရေးနှင့် ပညာရေး ကော်မတီ၊ ဒေါက်တာ စင်သီယာမောင်၏ မယ်တော်ဆေးခန်း၊ လူ့အခွင့်ရေး ပညာပေးအဖွဲ့ (မြန်မာနိုင်ငံ)၊ မြန်မာနိုင်ငံ ဆေးပညာရှင်များ အသင်းနှင့် အခြား ပရဟိတအဖွဲ့များ ပါဝင်သော အဆိုပါ ထိုင်း-မြန်မာနယ်စပ် အခြေစိုက် EATB အဖွဲ့သည် မုန်တိုင်းဒဏ်ခံရသော ဒေသများမှ လူပေါင်း ၄ သောင်းကို အကူအညီပေးနေသော အဖွဲ့ဖြစ်သည်။

အဖွဲ့ကို နာဂစ်မုန်တိုင်း အပြီးတွင် အရေးပေါ် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကာ ပြည်တွင်းရှိ ကွန်ယက်ပေါင်း ၄ဝ နီးပါးနှင့် ချိတ်ဆက်၍ အစွန်အဖျား ဒေသများရှိ အကူအညီမရောက်သော ဒေသများကို ဦးစားပေး ကူညီပေးနေသည်။

အမျိုးသား ကျန်းမာရေးနှင့် ပညာရေးကော်မတီ ဥက္ကဋ္ဌ နော်ဖောရယ် “ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအဖွဲ့တွေ ပါဝင် ဖွဲ့စည်းထားတာ ဖြစ်တယ်။ အဲဒီ Team ကနေတဆင့် နာဂစ်ကိစ္စကို နိုင်ငံတကာက အလှူငွေတွေကို တောင်းဆိုပြီးတော့ ရလာတဲ့ အလှူငွေတွေကို ဘာသာရေးဆိုင်ရာ အဖွဲ့အစည်း အသီးသီးပေါ့၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ကက်သလစ်၊ တခြား လူမှုရေး အဖွဲ့အစည်းတွေနဲ့ ရလာတဲ့ အလှူငွေတွေကို ခွဲဝေပြီးတော့ ပေးမယ်။ သူတို့က ဗမာပြည်မှာရှိတဲ့ နေရာတွေကို ကူညီပံ့ပိုးပေးမယ်” ဟု ပြောသည်။

စတင်ဖွဲ့စည်းစဉ်က လူပေါင်း ၄ သောင်းအတွက် အကူအညီပေးရန် ရည်ရွယ်ထားသော်လည်း လက်တွေ့တွင် လက်လှမ်းမှီသော လူဦးရေသည် ၁ သိန်း ၂ သောင်းမှ ၁ သိန်းခွဲအထိ ရှိနေသည်ဟု အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဒုက္ခသည်များကို အကူအညီပေးရေးအတွက် ဘတ်ငွေ ၁၈ သန်း လျာထားပြီး ယခုအချိန်အထိ ၁ဝ သန်း သုံးစွဲပြီးပြီဟု သိရသည်။

အဖွဲ့သည် မုန်တိုင်းဒဏ်သင့် ဒေသတွင် အရေးပေါ် အခြေခံ လိုအပ်ချက် ထောက်ပံ့ရေးအပြင် လူမှုအဖွဲ့အစည်း ပြန်လည်ထူထောင်ရေး ရေရှည်လုပ်ငန်းများအထိ လုပ်ဆောင်သွားရန် စီစဉ်ထားသည်ဟု ဆရာမန်းမန်းက ဆိုသည်။

သူက “နည်းလမ်းကတော့ ဒီဘက်ကို ထွက်လာတာထက် ဟိုဘက်မှာ ရပ်တည်နိုင်တဲ့၊ အသက်ရှင်နိုင်တဲ့ ရပ်တည်ချက် တခုကို ထောက်ပံ့ပေးနိုင်မယ် ဆိုရင် ပိုပြီးတော့ အဆင်ပြေလိမ့်မယ်” ဟု ပြောသည်။

မေလ (၂-၃) ရက်နေ့များတွင် တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတွင် လူပေါင်း ၁ သိန်း ၃ သောင်းကျော် အသေအပျောက်ရှိခဲ့ပြီး ၂ သန်းခွဲ၏ အိုးအိမ်များ ထိခိုက်ပျက်စီးကာ လေဘေးဒုက္ခသည် ဘဝကို ဆိုက်ရောက်ခဲ့ရသည်။

ယခုအခါ မုန်တိုင်းကျရောက်ပြီး တလကျော်သွားပြီ ဖြစ်သော်လည်း မုန်တိုင်းဒဏ်ခံရသော ဒေသများတွင် လူပေါင်း တသန်းကျော်သည် ယခုတိုင် အကူအညီ မရကြသေးဟု မုန်တိုင်းဒဏ်ခံ ဒေသတွင် အကူအညီ ပေးနေသော ကုလသမဂ္ဂ အဖွဲ့များက ပြောဆိုကြသည်။


နအဖ ဖွဲ့စည်းပုံကို ပြည်တွင်းအဖွဲ့များ လက်မခံ

ဖနိဒါ၊ နေသွင်
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 04 2008 18:56 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ နအဖ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်တွင်းရှိ သံဃာ၊ ကျောင်းသားနှင့် တိုင်းရင်းသားအဖွဲ့ ၁၅ ဖွဲ့က အသိအမှတ်မပြု လက်မခံကြောင်း ယနေ့ ထုတ်ပြန် ကြေညာလိုက်ကြသည်။

နအဖ ဖွဲ့စည်းပုံကို အသိအမှတ် မပြုကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ၃ ဖွဲ့ပေါင်းနှင့် တိုင်းရင်းသားပါတီ ၁၂ ပါတီက ယနေ့တွင် ပူးတွဲ ကြေညာကြခြင်း ဖြစ်သည်။

ဗကသ ပြောရေးဆိုခွင့်ရှိသူ ကိုလင်းထက်နိုင်က “ဖွဲ့စည်းပုံ ရေးဆွဲနေတဲ့ လူတွေကို ကြည့်လိုက်ရင် အကုန်လုံးလိုလို ကြောက်ပြီးတော့ စစ်တပ်အတွက် ရေးဆွဲပေးနေတဲ့ လူတွေ ဖြစ်တယ်။ ပြည်သူလူထုအတွက် ဦးဆောက်ဦးရွက် လုပ်ပြီးတော့ ရေးဆွဲပေးတာ မဟုတ်ဘူး။ ပြည်သူအတွက် သူတို့မှာ သိပ်ခံစားချက် မရှိဘူး။ သူတို့ စားရေးသောက်ရေး အတွက်ပဲ ရေးဆွဲထားတာပါ” ဟု ပြောသည်။

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုထွန်းမြင့်အောင်ကလည်း “ပြည်သူလူထု ကိုယ်စားပြုတဲ့ အစိုးရတရပ် ပေါ်ပေါက်ပြီးတော့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်တဲ့ ဖွဲ့စည်းပုံတရပ်ကို ဖြစ်တည်သွားနိုင်ဖို့အတွက် ကျနော်တို့က လူထုအားကိုယူ၊ လူထုလှုပ်ရှားမှု ပုံသဏ္ဍာန်တွေဟာ ကျနော်တို့ နိုင်ငံတော်နဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားကို တကယ်လက်တွေ့ကျကျ ဖော်ဆောင်ပေးနိုင်မယ့် နည်းလမ်း ပေါင်းစုံကို ရှာဖွေပြီးတော့ လုပ်သွားမှာပါ” ဟု ပြောသည်။

၃ ဖွဲ့ပေါင်း ပူးတွဲ ကြေညာချက်တွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး စံချိန်စံနှုန်းများနှင့် ဆန့်ကျင်ခြင်း၊ တိုင်းရင်းသား လူမျိုးစုံ ပြည်သူတရပ်လုံး၏ အကျိုးစီးပွားနှင့် ဘဝလုံခြုံရေးကို ကာကွယ် ဖော်ဆောင်ခြင်း၊ အာမခံချက် ပေးထားခြင်းများ မတွေ့ရှိသဖြင့် စစ်အစိုးရ အာဏာ တည်မြဲရေး အတွက် ဖွဲ့စည်းပုံသာ ဖြစ်သည်ဟု ရေးသားထားသည်။

ထို့အပြင် ဥပဒေ အတည်ပြုရေးတွင် လွတ်လပ်ပြီး သန့်ရှင်း တရားမျှတသော ဆန္ဒခံယူပွဲဖြင့် ပြည့်သူ့ဆန္ဒကို ရယူမှု မရှိခြင်း၊ ပြည်သူကို မသမာသော နည်းပေါင်းစုံဖြင့် တိုက်ရိုက်၊ သွယ်ဝိုက် သော်လည်းကောင်း အကြပ်ကိုင် ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ပြည်သူ့ဆန္ဒကို အဓမ္မ အတည်ပြုခဲ့သည်များမှာ အသိအမှတ်ပြု လက်ခံနိုင်ဖွယ်ရာ မရှိဟု ဆိုထားသည်။

သံဃာ့တပ်ပေါင်းစုမှ အရှင်ဦးပညာဝံသက “ပါဠိလိုပြောရင် ပရဟိတကို ရှေ့တန်းထားပြီး ဖော်ဆောင်တဲ့ အစိုးရမျိုးကို ဦးဇင်းတို့က ဖော်ဆောင် သွားမယ်။ တိုင်းသူပြည်သား ဒါယိကာ၊ ဒါယိကာမတွေ အားလုံးဟာ စစ်အစိုးရရဲ့ အမိန့်အာဏာ မှန်သမျှကို ဖီဆန်နိုင်တဲ့ သတ္တိတွေ ရှိလာအောင် အလျင်းသင့်သလို ဟောပြောပွဲ၊ တရားပွဲတွေမှာ ဟောပြောစည်းရုံးသွားမယ်။ နောက် ပတ္တနိက္ကုဇ္ဇန ကံဆောင်တာကိုလည်း အရှိန်အဟုန် တိုးမြှင့်ပြီး ဆက်လက် ဆောင်ရွက်သွားမယ်” ဟု မဇ္ဈိမကို မိန့်ကြားသည်။

စစ်အစိုးရ၏ ဖွဲ့စည်းပုံသည် မသမာမှု နည်းမျိုးစုံသုံးပြီး ပြည်သူ့ဆန္ဒကို အနိုင်ကျင့်ဗိုလ်ကျ အဓမ္မ အတည်ပြုခြင်း ဖြစ်သဖြင့် ပြည်သူများအနေနှင့် လေးစား လိုက်နာစရာ မလိုကြောင်း အဖွဲ့အစည်းများက တိုက်တွန်းသည်။

ထို့အပြင် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို လေးစား တန်ဖိုးထားတတ်သော လက်တွေ့ မူဝါဒအားဖြင့်လည်းကောင်း၊ မြန်မာပြည်သူများ၏ အဖိနှိပ်ခံ အချယ်လှယ်ခံ ဘဝကို လူသားချင်း စာထောက်ထားသော ရပ်တည်ချက်များဖြင့် လည်းကောင်း နအဖ စစ်ဖွဲ့စည်းပုံအား အသိအမှတ် မပြုရန်လည်း တိုက်တွန်းထားသေးသည်။

အလားတူပင် ၁၉၉ဝ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီးနောက် ဖျက်သိမ်းခံပါတီ အများစုပါဝင်သော တိုင်းရင်းသား အင်အားစုများ၏ တရားဝင် ထုတ်ပြန်သော သဘောထားတွင် စစ်အစိုးရ၏ ဆန္ဒခံယူပွဲ ရလဒ်ကို အယုံအကြည် မရှိကြောင်း ပြည်တွင်းမှ တိုင်းရင်းသား ၁၂ ပါတီကလည်း ယနေ့တွင် ထုတ်ပြန် ကြေညာသည်။

နအဖ ကြိုးဆွဲ ရုပ်သေးများဖြစ်သော ဒေသအာဏာပိုင် အဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများ၊ ကြံ့ဖွံ့နှင့် စွမ်းအားရှင် ဆိုသူများက မသိရိုးသား နားမလည်သော ပြည်သူများအား ခြိမ်းခြောက် အကြပ်ကိုင်၊ ဖြားယောင်းသွေးဆောင် သိမ်းသွင်းခြင်း၊ မဲရုံတာဝန်ရှိသူများက ထောက်ခံမဲများကို မသမာသောနည်းဖြင့် အတင်းအဓမ္မ ရယူခြင်းများ ကျူးလွန်ခဲ့ကြောင်း ကြားမြင်တွေ့ရသည် ဖြစ်၍ ယခု ဆန္ဒခံယူပွဲသည် လွတ်လပ်၍ တရားမျှတမှု မရှိကြောင်း ရှုမြင်ပါသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အပြင် တရားမျှတမှု မရှိသော လူထုဆန္ဒ ခံယူပွဲ ရလဒ်၏ တရားမျှတမှု ကင်းမဲ့သည်ကို ခိုင်လုံ မှန်ကန်သော သက်သေ အထောက်အထားများ ဖော်ထုတ်ကြရန် တိုက်တွန်းလိုက်သည်။

ကြေညာချက်ကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ (MNDF)၊ ဇိုမီးအမျိုးသား ကွန်ဂရက် (ZNC)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)၊ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (CNLD)၊ ကရင်အမျိုးသား ဒီမိုကရေစီကွန်ဂရက် (KNCD)၊ ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီ ကွန်ဂရက် (KNCD)၊ ကယားပြည်နယ် လူမျိုးပေါင်းစုံ ဒီမိုကရေစီအဖွဲ့ချုပ် (KSANLD)၊ ကယန်းအမျိုးသား ညီညွတ်ရေးနှင့် ဒီမိုကရေစီအဖွဲ့ (DOKNU)၊ မရာပြည်သူ့ပါတီ (MPP)၊ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ် ပါတီ (SSKDP) နှင့် ရခိုင်ပြည်သူ့ ဒီမိုကရေစီ တပ်ပေါင်းစု (APDF) တို့က ပူးတွဲ ထုတ်ပြန်ခြင်း ဖြစ်သည်။

တိုင်းရင်းသား ၁၂ ပါတီအနက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နှင့် ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ် ပါတီ (SSKDP) မှလွဲ၍ ကျန်ပါတီများ အားလုံးသည် ဖျက်သိမ်း ခံထားရသော ပါတီများ ဖြစ်သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates