Wednesday, June 4, 2008

ရန်ကုန်မိုး နေရာအနှံ့ ရေကြီး

ဇာနည်
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 04 2008 15:24 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ နေရာအနှံ့အပြားတွင် ရေကြီးခဲ့သည်။ နံနက် ၂ နာရီခန့် ကတည်းက နေ့လယ်ပိုင်းအထိ အဆက်မပြတ် သည်းထန်စွာ ရွာသွန်းသော မိုးကြောင့် ရန်ကုန်မြို့တွင်း ဆူးလေဘုရားတ၀ိုက်၊ ဆိပ်ကမ်းသာလမ်း၊ တာမွေ၊ လမ်း ၅၀၊ ဗိုလ်အောင်ကျော်လမ်းတွင် ရေများ လျှံနေရခြင်း ဖြစ်သည်။

"မနက်ကတည်းက ရွာတဲ့ မိုးက တော်တော်နဲ့ မတိတ်သေးဘူး။ ဒီဘက်မှာ ရေက ဒူးအထိ ရောက်နေတယ်။ မြောင်းတွေက ပိတ်နေတော့ လမ်းပေါ်ရေတွေ လျှံနေတယ်" ဟု ကန်တော်လေးမှ ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

တောင်ဥက္ကလာပ စာတိုက်လမ်းဆုံတွင် ရေများ ဒူးဆစ်နေရာခန့် ရောက်ခဲ့ပြီး၊ ၁၁ ရပ်ကွက်နှင့် ၉ ရပ်ကွက်တို့တွင်လည်း ၁ ပေခန့် ရေတက် သွားသည်။

ယခင်က ရေမတင်ဖူးသော သင်္ကန်းကျွန်းဘက်တွင်လည်း လမ်းပေါ်တွင် ရေများ တက်ခဲ့သည်။ "ကျနော်တို့ သင်္ကန်းကျွန်းမှာဆိုရင် အရင်က တခါမှ မကြုံဖူးတာ။ အခုဆို ရေတွေက တော်တော်တက်လာပြီ" ဟု ဒေသခံတဦးက ပြောသည်။

လမ်းပေါ်သို့ ရေများ တက်လာသောကြောင့် လမ်းသွားလမ်းလာများ အခက်ကြုံခဲ့ကြရသည်။ ယခုတွင်မူ မိုးစဲသွားပြီဖြစ်၍ ရေများလည်း ပြန်ကျနေပြီ ဖြစ်သည်။

"လမ်းအသွားအလာတွေကတော့ နည်းနည်းတော့ ဘလော့ဖြစ်တာပေါ့နော်။ အခုလောက်ဆိုရင်တော့ ပြန်ကျသွားပါပြီ။ မနက်ကတော့ မိုးတွေ အရမ်းရွာတော့ ရေက တော်တော်ကြီးသွားတယ်" ဟု ဆိပ်ကမ်းသာလမ်း အောက်ဘလောက်နေ ဒေသခံတဦးက ပြောသည်။

လှိုင်သာယာ၊ ရွှေပြည်သာနှင့် လသာမြို့နယ် လမ်းအမှတ် ၁၇၊ ၁၈ တို့တွင်လည်း ရေနုတ်မြောင်းများ ပိတ်ဆို့နေသဖြင့် လမ်းပေါ်သို့ ရေများ လျှံတက်ခဲ့သည်။

ပြီးခဲ့သည့်လ ၂ ရက်နှင့် ၃ ရက်နေ့များတွင် နာဂစ်မုန်တိုင်းနှင့်အတူ မိုးလည်း သည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ရန်ကုန်တိုင်းအတွင်း အိုးအိမ် ပျက်စီးဆုံးရှုံးမှု အမြောက်အမြား ဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်း ယခုအကြိမ်သည် ဒုတိယမြောက် မိုးသည်းထန် ရွာသွန်းမှု ဖြစ်သော်လည်း ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ခြင်း ရှိ၊ မရှိ မကြားသိရသေးပါ။


ဒုက္ခသည်များကို အာဏာပိုင်များ ဆက်လက်၍ နှင်ထုတ်နေ

ဝိုင်းပီး
အင်္ဂါနေ့၊ ဇွန်လ 03 2008 22:08 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ရန်ကုန်နှင့် ဧရာဝတီတိုင်းရှိ ဒုက္ခသည် အများအပြားကို နေရပ်ဒေသများသို့ ပြန်ရန် ဒေသအာဏာပိုင်များက ဆက်လက်၍ အတင်းအဓမ္မ နှင်ထုတ်နေသည်။

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်ရှိ ၂၆ ရပ်ကွက်ရှိ ယောက်ဖော်စံငြိမ် ဆွမ်းလောင်းဓမ္မာရုံရှိ ဒုက္ခသည်များကို လုံလောက်သည့် အကူအညီများ ပေးခဲ့ပြီးပြီဟု ဆိုကာ နေရပ်ဌာနေသို့ ပြန်ကြရန် မြို့နယ် မယကမှ မည်သည့် ထောက်ပံ့ကူညီမှုမှ မပေးဘဲ ပြောင်းခိုင်းခဲ့သည်။

ဓမ္မာရုံတွင် ယခင်က ဒုက္ခသည် ရာချီရှိသည့်အနက် ယခုအခါ လူဦးရေ ၂ဝ ခန့်သာ ကျန်ရှိပြီး မနက်ဖြန် နောက်ဆုံးထားကာ ပြောင်းရွှေ့ပေးရမည် ဖြစ်သည်။

ဂေါပကလူကြီးတဦးက “မင်းတို့ကို အစိုးရက လုံလောက်တဲ့ အကူအညီတွေ၊ အထောက်အပံ့တွေ ပေးပြီးပြီ၊ ကိုယ့်နေရပ်ရွာကို ပြန်ကြတော့၊ ဒီလ ၄ ရက်နေ့ နောက်ဆုံးထား ရွှေ့ပါ၊ အခုမပြောင်းကြရင် သက်ဆိုင်ရာ အာဏာပိုင်တွေကိုယ်တိုင် လာရွှေ့ခိုင်းလိမ့်မယ်တဲ့” ဟု ပြန်ပြောပြသည်။

ဓမ္မာရုံတွင် ခိုလှုံခဲ့သည့် ကာလအတွင်း ကုလသမဂ္ဂ ကလေးသူငယ်များ အရေးပေါ် ရံပုံငွေအဖွဲ့ (ယူနီဆက်) နှင့် အစိုးရ မဟုတ်သည့် အဖွဲ့များမှ အစားအသောက်နှင့် ဆေးဝါးများ အကူအညီရရှိကာ အာဏာပိုင်များဘက်မှ မည်သည့် အကူအညီမျှ မပေးခဲ့ဘဲ ယခုလို ပြောဆို၍ ပြောင်းခိုင်းခြင်း ဖြစ်သည်။

ဒေးဒရဲသို့ ပြန်ရတော့မည့် ဒုက္ခသည်တဦးက “ကျမမှာ ပြန်စရာ အိမ်မရှိဘူး။ မြေလည်း အပိုင်မရှိဘူး။ မြေတောင် ငှါးစရာ ပိုက်ဆံလည်း မရှိဘူး။ ဘာမှ မကျန်တော့တဲ့အတွက် ဘယ်လို နေထိုင်ရမယ် ဆိုတာ မစဉ်းစားနိုင်တာ့ဘူး” ဟု ပြောသည်။

အလားတူပင် ဧရာဝတီတိုင်း ဘိုကလေးမြို့ရှိ အထက ၁ ၊ ၂ နှင့် အလက ၁ ၊ ၂ ကျောင်းများတွင် ယာယီနေထိုင်ကြသည့် လေဘေး ဒုက္ခသည်များကို အာဏာပိုင်များက ကျောင်းများ ပြန်လည် ဖွင့်တော့မည် ဖြစ်သဖြင့် ပြန်လည်ပြုပြင်ရန် ဟုဆိုကာ ဒုက္ခသည်များကို ငွေကျပ် ၂ သောင်းနှင့် ဆန် ၅ ပြည်ပေးကာ နေရပ်သို့ အတင်းအဓမ္မ ပြန်ခိုင်းသည်။

အထက ၁ ကျောင်းမှ အမေအိုကြီးက “ရွာကို အတင်းပြန်ခိုင်းတယ်။ မပြန်ရဲတော့ဘူး။ လေမုန်တိုင်းကို ကြောက်တယ်။ လူတွေလည်း အားလုံးနီးပါး သေကုန်ပြီ။ အိမ်ယာလည်း မရှိတော့ဘူးတဲ့” ဟု ဆိုကာ ဆွေမျိုးနီးစပ်ရှိသည့် ဘိုကလေးမြို့သစ်တွင် ဆက်လက် နေထိုင်သည့် အမေအိုနှင့် အပျိုကြီး ၂ ဦးကို ကူညီခဲ့သည့် ဒေသခံတဦးက ပြောသည်။

ဘိုကလေးမြို့နယ်တွင် ဒုက္ခသည်များ ယခင်က နေထိုင်ကြသည့် ကျောင်း ၄ ကျောင်းတွင် ဒုက္ခသည်များကို မည်သည့်အကူအညီမှ မပေးဘဲ နှင်ထုတ်ခဲ့ပြီး၊ အမှတ် ၄ ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းတွင်သာ လူဦးရေပေါင်း ၇ဝဝ ကျော် ကျန်ရှိနေသည်ဟု ဒေသခံတဦးက ဆိုသည်။

သူက “အရင်က ဘိုကလေးမှာ ဒုက္ခသည် သောင်းချီနေအောင် ရှိတာ။ အခုတော့ ဖြေးဖြေးချင်း နည်းသွားပြီ။ စခန်းတွေမှာ မရှိတော့ဘူး။ နေရပ် ပြန်တဲ့လူလည်း ပြန်၊ တခြား နေလို့ရမယ့် နေရာတွေမှာ လိုက်ခိုတဲ့လူက ခိုပေါ့။ ပြန်ကုန်ပြီ” ဟု ပြောသည်။

ဒုက္ခသည်များအတွက် အကူအညီများ လုံလောက်မှု ရှိနေပြီဟု ဆိုသော်လည်း ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်ရှိ ကရင်ကျေးရွာများသို့ သွားရောက်သည့် မရမ်း လမ်းတလျှောက်တွင် ရာနဲ့ချီရှိသည့် ဒုက္ခသည်များသည် စေတနာရှင်၊ အလှူရှင်များ အလာကို လမ်းမပေါ်ထွက်ကာ စောင့်မျှော်နေဆဲ ဖြစ်သည်။


ကယ်ဆယ်အဖွဲ့များ လာရောက်ရန် ခွင့်ပြုချက်မလို ဟု စစ်တမ်းက ပြသ

ဇာနည်
အင်္ဂါနေ့၊ ဇွန်လ 03 2008 19:38 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ အကူအညီများနှင့် ပတ်သက်၍ ကယ်ဆယ်ရေးအဖွဲ့များ လာရောက်ရန် ခွင့်ပြုချက်ကို နအဖ စစ်အစိုးရထံမှ စောင့်ဆိုင်းနေစရာ မလိုကြောင်း မဇ္ဈိမ၏ စစ်တမ်းတရပ်တွင် သဘောထားပေးသူ အများစုက ဖြေဆိုခဲ့သည်။

သဘောထားပေးသူ ၁၁၆၀၄ ဦးမှ ၈၉ ရာခိုင်နှုန်းဖြစ်သော ၁၀၃၃၉ ဦးက နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ လေဘေး ဒုက္ခသည်များအတွက် အကူအညီများ ပေးပို့ရာတွင် စစ်အစိုးရ၏ ခွင့်ပြုချက်ကို တောင်းခံရန် မလိုပါဟု သဘောထားပေးခဲ့ကြခြင်း ဖြစ်သည်။ ကျန် ၁၁% ဖြစ်သော ၁၂၆၅ ဦးကမူ ခွင့်ပြုချက် တောင်းခံရန် လိုသည်ဟု ဆိုသည်။

စစ်တမ်းကို မဇ္ဈိမ အင်တာနက် စာမျက်နှာပေါ်တွင် မေလ ၁၇ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့အထိ လွှင့်တင်ပြီး သဘောထား တောင်းရာတွင် ကွန်ပြူတာတလုံးလျှင် ၂၄ နာရီအတွင်း စစ်တမ်းတခုကို တကြိမ်သာ မဲပေးနိုင်သည်။

နိုင်ငံတကာမှ အကူအညီပစ္စည်းများ ကယ်ဆယ်ရေး အဖွဲ့များနှင့် ပတ်သက်၍ လက်ခံရယူမှု အပိုင်းတွင် ၉၇% က ပစ္စည်းနှင့်တကွ ကယ်ဆယ်ရေး အဖွဲ့များကိုပါ လက်ခံသင့်သည်ဟု သဘောထားပေးသည်။ ကျန် ၃ % ကမူ ပစ္စည်းများသာ လက်ခံသင့်ကြောင်း သဘောထားပေးသည်။

ဆန္ဒပြုကြသူ ၉၅% က မြန်မာအစိုးရ၏ ခွင့်ပြုချက် မယူဘဲ လေကြောင်းမှ ဒုက္ခသည်များအတွက် အကူအညီများ ပေးပို့ခြင်းသည် လူပေါင်းများစွာ၏ အသက်ကို ကယ်တင်ခြင်း ဖြစ်သည်ဟု သဘောထားပေးကြပြီး ၅% က နိုင်ငံပိုင်နက်ကို ကျူးကျော်ခြင်း ဖြစ်သည်ဟု ဆိုသည်။

မြန်မာပြည်တွင်းသို့ တယ်လီဖုန်းဖြင့် ခေါ်ဆိုမှု ၅၄ ခုတွင် ရန်ကုန်၊ ဧရာဝတီတိုင်း၊ မန္တလေးနှင့် တောင်ကြီးမြို့မှ ဖုန်းဖြေဆိုသူ ၁၅ ဦးက နိုင်ငံတကာ အကူအညီများကို စိတ်ဝင်တစား မျှော်လင့်နေသည်ဟု ဖြေဆိုကြသော်လည်း ကျန် ၃၉ ဦးမှာ တစုံတရာ ဖြေဆိုရန် ငြင်းဆိုခဲ့ကြသည်။

ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့မှ မိမိတို့ ကိုယ်တိုင်လည်း လေဘေးဒဏ်ကြောင့် အိမ်ပျက်စီးသွားရပြီး ဒုက္ခသည်များအပေါ် စာနာထောက်ထားသူများက နိုင်ငံတကာမှ ကယ်ဆယ်ရေးအဖွဲ့များကို တတ်နိုင်သမျှ အမြန်ဆုံး လာရောက် စေလိုကြောင်း ပြောကြသည်။

“ဒီလိုအဖြစ်မျိုးက တခါမှ မဖြစ်ဖူးတော့ ကျွမ်းကျင်သူတွေရဲ့ အကူအညီတွေ အမှန်တကယ် လိုပါတယ်။ သူတို့ မြန်မြန်လာကြမှ၊ မဟုတ်ရင် တခြား ကပ်ရောဂါတွေဖြစ်လို့ သေကြရမှာတွေ ဖြစ်နေတယ်” ဟု ရန်ကုန် ဒေသခံတဦးက ပြောသွားသည်။

လက်ရှိတွင် နိုင်ငံတကာမှ ကယ်ဆယ်ရေး အဖွဲ့များကို သက်ဆိုင်ရာမှ ၀င်ရောက်ခွင့် ပြုထားသော်လည်း ရောက်လာနှုန်းမှာ နှေးကွေးနေ၍ အဆိုပါ အဖွဲ့များ အမြန်ဆုံး လာရောက်ရန် အလိုရှိနေကြခြင်း ဖြစ်သည်။

“အခု ဟိုင်းကြီးကျွန်း ၀န်းကျင်မှာဆိုရင် ကျွမ်းကျင်သူတွေ အများကြီး လိုအပ်နေပါတယ်။ ကျနော်တို့မှာ ပစ္စည်းတွေ ရှိနေတာတောင် ကျွမ်းကျင်သူတွေ မပါတော့ မလွယ်ပါဘူး။ အခု သူတို့ လုပ်နေတာတွေက အားရစရာ မရှိဘူး။ ဆင်ပါးစပ် နှမ်းပက်နေသလို ဖြစ်နေတယ်။ ဒီပုံအတိုင်း ဆက်သွားနေရင် မလွယ်ဘူး” ဟု နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) မှ ၀န်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။


တရုတ်ဘက်သို့ ဆန်စပါး မရောင်းရန် တိုင်းမှူးက ပိတ်ပင

မျိုးကြီး
အင်္ဂါနေ့၊ ဇွန်လ 03 2008 18:04 - မြန်မာစံတော်ချိန်

ရွှေလီ။ ။ မြန်မာ့ဆန်စပါးကို တရုတ်နိုင်ငံဘက်သို့ ရောင်းချခြင်း မပြုလုပ်ရန် အရှေ့မြောက်ပိုင်းတိုင်း တိုင်းမှူးက မူဆယ်နှင့်နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာဥက္ကဋ္ဌများနှင့် ပြည်သူ့စစ်ခေါင်းဆောင်များကို မေလ ၃၁ ရက်နေ့က ခေါ်ယူပြောကြားလိုက်သည်။

မူဆယ်၊ နမ့်ခမ်းမြို့နယ်များရှိ ကျေးရွာ ရယက ဥက္ကဋ္ဌများနှင့် ပြည်သူ့စစ်ခေါင်းဆောင်များကို အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လားရှိုးမြို့သို့ ဆင့်ခေါ်ကာ တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်က ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။

“အဓိကသူတို့ပြောတာတော့ ဆန်စပါးကိစ္စ။ တဖက်နိုင်ငံကို မှောင်ခိုရောင်းတာတွေ မလုပ်ဖို့ တားမြစ်ဖမ်းဆီးဖို့ပေါ့။ နောက်အခု နာဂစ်မုန်တိုင်း ကြောင့် ဆန်စပါးရှားပါးလာတဲ့ အချိန်မှာ ဆန်စပါးကို အစိုးရဆီ ရောင်းရမယ်။ ဒါကြောင့် အပြင်ထုတ်တာတွေ တားဖို့ကိစ္စတွေ ပြောတယ်” ဟု မူဆယ်မြို့နယ်ရှိ ရယက မိသားစုဝင်တဦးက မဇ္ဈိမကို ပြောသည်။

ရမခ တိုင်းမှူး အောင်သန်းထွဋ်ကိုယ်တိုင် မေလ ၂၈ ရက်နေ့က နမ့်ခမ်းမြို့သို့ ရောက်ရှိလာကာ မယက ဥက္ကဋ္ဌ ဦးတင်လှိုင်ကို အမိန့်ချမှတ်ကာ ကျေးရွာရယကများ ပြည်သူ့စစ်များကို လားရှိုးသို့ဆင့်ခေါ်၍ အစည်းအဝေး ပြုလုပ်ခြင်းဖြစ်သည်ဟု နမ့်ခမ်းဒေသခံ နောက်တစ်ဦးက ပြောသည်။

အစည်းအဝေးတွင် တိုင်းမှူးက ယခုနှစ် မိုးစပါး ထွက်ပေါ်ချိန်တွင် တရုတ်ဘက်သို့ ဆန်စပါးတင်ပို့ရောင်းချခြင်း မလုပ်ရန် ပြောကြားခဲ့ပြီး ပြုလုပ် ပါက လူ၊ ထော်လာဂျီ၊ စပါးများကို သိမ်းယူမည့်အပြင် ကုန်ကူးသူကိုလည်း ထောင်ဒဏ် ၁ဝ နှစ်ချမှတ်မည်ဟု ပြောဆိုခဲ့သည်။

ရှမ်းပြည်(မြောက်ပိုင်း)၏ ဆန်စပါးအထွက်အများဆုံး ဒေသတခုဖြစ်သည့် ရွှေလီချိုင့်ဝှမ်းရှိ မဘိန်းမြို့နယ် အတွင်းတွင်လည်း ပြည်နယ်ကုန်သွယ် လယ်ယာဌာနမှ ညွန်ကြားရေးမှူးနှင့် မဘိန်းမြို့နယ် ဆန်ကုန်သည်များ၊ ဆန်စက်ပိုင်ရှင်များသည် ယနေ့တွင် တွေ့ဆုံကာ အစည်းအဝေးလုပ်မည် ဖြစ်ကြောင်း မဘိန်းမြို့မှ ဆန်ကုန်သည်တဦးက ပြောသည်။

သူက “ဒီနေ့ အစည်းအဝေးလုပ်မယ်။ လားရှိုးက လယ်ယာဒုညွှန်မှူးကိုယ်တိုင် လာတယ်။ ဆန်ကုန်သည်တွေ၊ ဆန်စက်ပိုင်ရှင်တွေကို ခေါ်ထား တာပေါ့” ဟု ပြောသည်။

တရုတ်ဘက်သို့ မြန်မာဘက်မှ နည်းလမ်းမျိုးစုံနှင့် ဆန်စပါးမှောင်ခိုတင်သွင်းမှုကို ယခင်ကလည်း ပိတ်ပင်တားဆီးထားကြောင်းနှင့် တရုတ်ဘက် ဝင်သည့် ဆန်စပါးပမာဏ များစွာမရှိကြောင်း မူဆယ်မှ ကုန်သည်တဦးကလည်း ပြောသည်။

သူက “တရုတ်ဘက်ဝင်တဲ့ ဆန်ကတော့ အကုန် မှောင်ခိုလမ်းကြောင်းက ဝင်တာပဲ။ အရင်ကတည်းက တရားဝင် တင်သွင်းခွင့် မပေးဘူးလေ။ ဗမာဆန်ကို တရုတ်ကတော့ မစားဘူး။ ကြယ်ခေါင်-ရွှေလီ အဲဒီဘက်မှာ နေတဲ့ ဗမာတွေကပဲ ဆန်ကို မှာစားကြတာဆိုတော့ သိပ်များများ ဝင်မယ်လို့ မထင်ဘူး။ ထမင်းဆိုင်တွေနေတဲ့ မိသားစုဝင်တွေလောက်ပဲ မှာစားကြတာ။ အဲဒီဆန်တွေတော့ ဒီလို မှောင်ခိုလမ်းကြောင်းက သယ်နေတာပဲ” ဟု ပြောသည်။

နာဂစ် ဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်အပြီး လယ်ယာမြေ၊ မျိုးစပါးနှင့် ကျွဲနွားတိရစ္ဆာန်များ အကြီးအကျယ် ပျက်စီးဆုံးရှုံးခဲ့ရသဖြင့် ဆန်စပါး ရှားပါးမည့် အရိပ်အရောင်များ ပေါ်ပေါက်နေချိန်တွင် ရှမ်းပြည် (မြောက်ပိုင်း)အတွင်း မိုးရာသီစပါး စိုက်ပျိုးရန်အတွက် အာဏာပိုင်များဘက်မှ ဖိအားပေးမှုများ ရှိနေပြီး ဒေသတွင်း ဆန်စပါးအထွက်နှုန်း ကောင်းမွန်သည့် ဆင်းရွှေလီ စပါးမျိုးစေ့များကို မယူမနေရ ရောင်းချပေးနေရာ စပါးမျိုးစေ့များမှာ နှစ်ချို့မျိုးစေ့များ ဖြစ်နေသဖြင့် မူဆယ်နမ့်ခမ်းရှိ ဒေသခံလယ်သမားများ အထူးစိတ်ပျက်နေသည်။

နယ်စပ်ဒေသများတွင် ပြည်ပသို့တင်ပို့သည့် ဆန်စပါး တပိုင်တနိုင် ရောင်းဝယ်ဖောက်ကားမှုများကို ယခုလို ပိတ်ပင်မှုများ ပြုလုပ်နေသော်လည်း စစ်အစိုးရနှင့်ပတ်သက်နေသည့် ကုမ္ပဏီများက ဘင်္ဂလားဒေ့ရှ်နှင့် သီရိလင်္ကာသို့ ဆန်တန်ချိန်ပေါင်းများစွာ တင်ပို့ရောင်းချခွင့် ရနေဆဲဖြစ် ကြောင်း သိရသည်။


လေဘေးဒုက္ခသည်များ ကယ်ဆယ်ရေး စခန်းများမှ မောင်းထုတ်ခံရ

မုံပီး
အင်္ဂါနေ့၊ ဇွန်လ 03 2008 11:43 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ အရေးပေါ် ကယ်ဆယ်ရေး အဆင့်များ ပြီးဆုံးကြောင်း ပြသလိုသည့် အနေနှင့် ဆိုင်ကလုံး မုန်တိုင်းဒဏ်ခံ ဒေသများတွင် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံ နေကြရသည့် လေဘေး ဒုက္ခသည်များကို ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်း အတွင်းရှိ ကယ်ဆယ်ရေး စခန်းများမှ ထွက်ခွါရန် စစ်အစိုးရက အတင်းအကြပ် လိုက်လံ မောင်းထုတ်လျက်ရှိကြောင်း ဒေသခံ အကူအညီပေးရေး လုပ်သားများနှင့် လေဘေး ဒုက္ခသည်များက ပြောဆိုသွားပါသည်။

ရန်ကုန်တိုင်း ကွမ်းခြံကုန်း မြို့မှ မကြာသေးမီက ပြန်လာခဲ့သော အကူအညီပေးရေး လုပ်သားတဦးကလည်း အလားတူ ပြောဆိုသွားပါသည်။ မြို့နယ်အတွင်းရှိ ဒေသခံ အာဏာပိုင်များက ဒုက္ခသည်များကို စခန်းအသီးသီးမှ အတင်းအကြပ် မောင်းထုတ်နေပြီး၊ အကူအညီအချို့ ပေးလိုက်မည်ဟုဆိုကာ မိမိတို့ ကျေးရွာများသို့ အတင်းအကြပ် ပြန်ခိုင်းနေကြောင်း သိရသည်။

“ဘုန်းကြီးကျောင်း တကျောင်းနဲ့ စာသင်ကျောင်း ၂ ကျောင်းမှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေ သူတို့ ရွာတွေကို ပြန်နေကြတာ တွေ့ရတယ်။ မပြန်ချင်ဘူး ဆိုတဲ့လူတွေကို ကွင်းပြင်ထဲ အတင်းဆွဲထုတ်ပြီး ပစ်ထားလိုက်တယ်” ဟု သူ့အမည်နှင့် သူ့အဖွဲ့အစည်း အမည်ကို ထုတ်ဖေါ် ပြောကြားခြင်း မပြုပါရန် မေတ္တာရပ်ခံချက်ဖြင့် အဆိုပါ အကူအညီပေးရေး လုပ်သားက ပြောဆိုသွားပါသည်။

အစိုးရက ဒုက္ခသည်များအတွက် ယာယီ ဆောက်လုပ်ပေးထားသည့် စခန်းများမှာ ယခုအခါ ရှင်းလင်းနေပြီး ဒုက္ခသည်များမှာ အစိုးရက အတင်းအကြပ် ပြန်ပို့သဖြင့် မိမိတို့ ကျေးရွာများသို့ ပြန်သွားခဲ့ကြရသည်ဟု ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်မှ မတ်လ ၃၁ ရက်နေ့က ပြန်လာခဲ့သည့် ရန်ကုန်မြို့သား တဦးက ပြောဆိုပါသည်။

“ဒုက္ခသည်တွေ သူတို့ စခန်းတွေမှာ မရှိတော့ဘူးဗျ၊ အားလုံးကို သူတို့ရွာတွေကို ပြန်ပို့လိုက်ပြီ” ဟု အဆိုပါ ဒေသခံက ပြောသွားပါသည်။

ယခုအခါ အရေးပေါ် ကယ်ဆယ်ရေးအဆင့် ပြီးဆုံးသွားပြီ ဖြစ်ပြီး ပြန်လည် တည်ဆောက်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို အဓိကထား လုပ်ဆောင်နေပြီ ဖြစ်ကြောင်းဖြင့် မြန်မာစစ်အစိုးရက ကြာမြင့်စွာ ကတဲကပင် ကြေညာ ထားခဲ့သည်။

သို့သော် လေဘေး ဒုက္ခသည်များကို အကူအညီ ပေးနေသည့် ကုလသမဂ္ဂ၊ ဒေသခံ အကူအညီပေးရေး လုပ်သားများနှင့် ဒုက္ခသည်များကမူ အရေးပေါ် ကယ်ဆယ်ရေးအဆင့် ပြီးဆုံးရန်မှာ အဝေးကြီး လိုသေးသည်ဟု ပြောဆိုကြပါသည်။

နာဂစ် ဆိုင်ကလုံးမုန်တိုင်းဒဏ် အဆိုးဝါးဆုံး ခံခဲ့ရသည့် မြန်မာနိုင်ငံ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသို့ မေလအတွင်းက သွားရောက် လည်ပတ် ကြည့်ရှုခဲ့သည့် ကုလ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကမူ “အရေးပေါ် ကယ်ဆယ်ရေး အဆင့်” ကို နောက်ထပ် အနည်းဆုံး ၆ လကြာ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများနှင့် တွဲဘက် လုပ်ဆောင်ရဦးမည် ဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါသည်။

ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသို့ ကယ်ဆယ်ရေး ပစ္စည်းများ ရောက်ရှိလာနေပြီ ဖြစ်သော်လည်း နိုင်ငံတကာနှင့် ပြည်တွင်း အကူအညီများ လုံးဝ မရောက်ရှိသေးသည့် ဒေသ အများအပြား ကျန်နေသေးသည်ဟု ဒေသခံ အကူအညီပေးရေး လုပ်သားတဦးက ပြောပါသည်။

“ကျနော်တို့ ကွမ်းခြံကုန်းမှာ ရောက်နေတုံး ရွာသားတချို့ ကျနော်တို့ဆီ ရောက်လာပြီး သူတို့ဆီလဲ ကယ်ဆယ်ရေး ပစ္စည်းတွေ ပို့ပေးပါဦးလို့ လာပြောတယ်။ သူတို့ ရွာတွေကို ခုထိ ဘယ်ကမှ ဘာကယ်ဆယ်ရေးပစ္စည်းမှ မရောက်သေးဘူးလို့ ပြောကြတယ်” ဟု အဆိုပါ အကူအညီပေးရေး လုပ်သားက ပြောသွားပါသည်။

သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး အခက်အခဲကြောင့် အရောက် မသွားနိုင်သည့် ကျေးရွာ အများအပြား ရှိသေးသည်ဟု သူက ဆက်လက် ပြောဆိုသွားပါသည်။

“လမ်းမရှိလို့ ဒီရွာတွေကို ကားနဲ့ အရောက်သွားဘို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး၊ ရေလမ်းနဲ့ လေကြောင်းကသာ ဒီရွာတွေကို သွားလို့ရမှာ” သူက ထပ်မံ ပြောကြားသွားပါသည်။

သို့သော် ဤဝေးလံ ခေါင်ဖျား ချောင်ကျလှသည့် ကျေးရွာများသို့ ကယ်ဆယ်ရေး ပစ္စည်းများကို ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ပိုင် ရဟတ်ယဉ်များဖြင့် ပို့ဆောင်ပေးရန် စီစဉ်ရာတွင်လည်း အစိုးရ၏ လုပ်ထုံးလုပ်နည်းများ ကြိုးနီစနစ်များကြောင့် ကြန့်ကြာရသည်ဟု လွန်ခဲ့သော ရက်သတ္တပတ် ကုန်က မုန်တိုင်းဒဏ် ခံခဲ့ရသည့် ဒေသများသို့ သွားရောက် ကြည့်ရှုခဲ့သည့် ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ (WFP) ၏ အမှုဆောင်ညွှန်ကြားရေးမှူး Josette Sheeran က ပြောဆိုလိုက်ပါသည်။

ဤအတောအတွင်း မုန်တိုင်းဒဏ် ခံခဲ့ရသော ဒေသများမှ လယ်သမားများကို စစ်အစိုးရက အတင်းအကြပ် လယ်ထဲ ဆင်းခိုင်းနေသည်။ လယ်များမှာ ယခုအထိ ရေလွှမ်းနေဆဲ ဖြစ်ပြီး မုတ်သုန်မိုးကလည်း စတင်ရွာသွန်းနေပြီ ဖြစ်သည်။

“အာဏာပိုင်တွေက တရွာကို ထွန်စက် ၂ စီးပေးမယ်လို့တော့ ပြောတာဘဲ။ ဒါပေမဲ့ ခုထိတော့ တစီးမှ မရသေးဘူး။ အလုပ်စဘို့ သိပ်ခက်ပါတယ်” ဟု မုန်တိုင်းအတွင်း ကျွဲနွားအားလုံး ဆုံးရှုံးခဲ့ရသည့် ကွမ်းခြံကုန်းမှ လယ်သမားတဦးက ပြောသွားပါသည်။

လယ်အလုပ်ဆိုသည်မှာ သူတို့ မက်မောတွယ်တာသောအလုပ်ပင်ဖြစ်ပြီး ယခုကဲ့သို့ အကူအညီလည်း ဘာမှမပေး၊ လယ်လုပ် ကိရိယာလဲ ဘာမှမရှိဘဲနှင့် လယ်ထဲ အတင်း ပြန်ဆင်းခိုင်းခြင်းသည် အဓိပ္ပါယ် ကင်းမဲ့ကြောင်း၊ မုန်တိုင်းအတွင်း မိသားစုများ၊ ရင်းနှီးသော ဆွေမျိုးမိတ်သင်္ဂဟများ ဆုံးရှုံး၍ စိတ်သောက ရောက်နေကြရရှာသည့် ဒုက္ခသည်များကို ထပ်မံ နှိပ်စက်သလိုသာ ဖြစ်နေကြောင်းဖြင့်လည်း အဆိုပါ လယ်သမားကပင် ဆက်လက် ပြောဆိုသွားပါသည်။

“ဒါပေမဲ့ ခုတော့ ကျနော်တို့ လယ်ထဲ ပြန်ဆင်းပြီး အလုပ် ပြန်စရတော့မှာပေါ့” ဟု အဆိုပါ လယ်သမားက ဆိုလိုက်ပါသည်။

ပင်လယ်ဆားငံရေ ဝင်သွားသော လယ်များ အနေဖြင့် မြေဆီမြေနှစ်များ ပျက်စီးသွားပြီး ဆားငံရေများ လျော့ကျမသွားမချင်း၊ ဆားငံရေးများကို ထုတ်မပစ်နိုင်မချင်း ချက်ချင်း အသုံးပြု၍ ရနိုင်မည် မဟုတ်ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) ၏ သဘာဝကပ်ဘေး စီမံခန့်ခွဲမှုဌာန နယူးဒေလီအခြေစိုက် အရေးပေါ် အခြေအနေ လေ့လာသုံးသပ်သူ၏ အပြောအရ သိရပါသည်။

“လယ်ထဲမှာ ဆားပါဝင်မှုနှုံး သိပ်မြင့်ပြီး ဆားပေါက်နေလို့ ထွန်ယက် စိုက်ပျိုးဘို့ မဖြစ်နိုင်ပါဘူး၊ ဒီဒေသမှာ ထုတ်လုပ်ရေးကို ထိခိုက်နိုင်ပါတယ်” ဟု (UNDP) ၏ အရေးပေါ် အခြေအနေ လေ့လာသုံးသပ်သူ G. Padmanabham က မဇ္ဈိမသို့ အစောပိုင်းက ပြောဆိုသွားပါသည်။

မြန်မာ အာဏာပိုင်များသည် ဆိုင်ကလုံး မုန်တိုင်းဒုက္ခသည် အားလုံးကို ကယ်ဆယ်ရေး ပစ္စည်းများ အလျင်အမြန်ပင် ပေးအပ်ခဲ့ပြီးပြီ ဖြစ်ပြီး ယခုအခါ ပြန်လည် တည်ဆောက်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို အဓိကထား လုပ်ဆောင်နေပြီ ဖြစ်ကြောင်းဖြင့် ပြီးခဲ့သည့် ရက်သတ္တပတ်ကုန်က စင်္ကာပူနိုင်ငံတွင် ကျင်းပခဲ့သည့် အာရှလုံခြုံရေး အစည်းအဝေးတွင် မြန်မာ ဒုတိယကာကွယ်ရေးဝန်ကြီး အေးမြင့်က ပြောဆိုသွားပါသည်။

သို့သော် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အခြားနိုင်ငံများမှ ခေါင်းဆောင်များကမူ စစ်အစိုးရ ပြောသည်ကို လက်မခံကြပါ။ မြန်မာအစိုးရကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးသို့ တရားစွဲဆို တင်ပို့နိုင်ရေးအတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်ကျရေး အဆိုပြု တင်ပြရန် မိမိတို့ ပြင်သစ်အစိုးရကို တွန်းအားပေးသွားမည်ဟု ပြင်သစ် ကိုယ်စားလှယ်များက ခြိမ်းခြောက် ပြောဆိုသွားပါသည်။


လမ်းပြမြေပုံသည် အပြစ်အနာအဆာ ပြည့်နေဟု အတိုက်အခံများက ပြော

မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဇွန်လ 03 2008 11:34 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ စစ်အစိုးရ၏ ဒီမိုကရေစီစနစ်သို့ ပြောင်းလဲရေး လမ်းပြမြေပုံကို သူတို့ ခိုင်ခိုင်မြဲမြဲ ဆက်လက် ဆန့်ကျင်လျက်ပင် ရှိကြောင်းဖြင့် မြန်မာနိုင်ငံ၏ အဓိက အတိုက်အခံ ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ယနေ့ ပြောကြားလိုက်ပါသည်။ အတင်းအကြပ် ရေးဆွဲ အတည်ပြုထားသော 'ဖွဲ့စည်းပုံ ဥပဒေ' ကို သူတို့ ထောက်ခံမည် မဟုတ်ကြောင်းလည်း ဆိုလိုက်ပါသည်။

"ဒီဖွဲ့စည်းပုံက ဒီမိုကရေစီစနစ်ကို သွားနိုင်လိမ့်မယ်လို့ ကျနော်တို့ မမျှော်လင့်ဘူးဗျ၊ တလျှောက်လုံး တရားဝင်မှုမှ မရှိဘဲ" ဟု ဒီချုပ်ပြောရေး ဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောပါသည်။

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် တခဲနက်ထောက်ခံမဲရရှိခဲ့သည်ကို ကြည့်ခြင်းဖြင့် ဒီချုပ်ကအတင်းတွယ်ကပ် ဆုပ်ကိုင်ထားည့် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ပြည်သူများကလက်မခံတော့ကြောင်း ပြလိုက်ခြင်းပင်ဖြစ်သည်ဟု စစ်အစိုးရကပြောနေချိန်မှာပင် ဤသို့ (NLD) ၏ ကြေညာချက်ပေါ်ထွက်လာခြင်း ဖြစ်သည်။

ဆန္ဒခံယူပွဲတွင် စစ်အစိုးရ၏ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူလူထုတရပ်လုံးက သောင်းသောင်းဖျဖျထောက်ခံခဲ့ခြင်း က မြန်မာပြည်သူများ အနေဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲအပြီး ပေါ်ထွက်လာမည့်အစိုးရသစ်ကို ကြိုဆိုနေကြကြောင်း ပြသလိုက်ခြင်းပင်ဖြစ်သည်ဟု စစ်အစိုးရ၏ တနင်္လာနေ့ထုတ် မြန်မာ့အလင်းသတင်းစာ ဆောင်းပါးရှင်က ရေးသားထားပါသည်။

"ဒီချုပ်က ဆက်လက်စွဲကိုင်ထားဆဲဖြစ်သည့် ၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကို ပြည်သူများက ဆက်လက်အသိအမှတ် မပြုတော့ကြောင်း ပြသ လိုက်ခြင်းပင် ဖြစ်သည်။ ဤရလဒ်မှာ ခေတ်မမီတော့သောကြောင့် ပြည်သူများကသင်္ချိုင်းတွင် စွန့်ပစ်ခဲ့ကြပြီဖြစ်သည်" ဟု ဆောင်းပါးရှင်က ရေးသားထားသည်။

မေလ ၁ဝ ရက်နှင့် ၂၄ ရက်နေ့များတွင်ကျင်းပခဲ့သည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ၉၈.၁၂% လာရောက်မဲပေးခဲ့ကြ ပြီး ၉၂.၄၈% က ဖွဲ့စည်းပုံအခြခံဥပဒေကို ထောက်ခံဆန္ဒမဲပေးခဲ့ကြသည်ဟု စစ်အစိုးရက သောကြာနေ့ကကြေညာခဲ့သည်။

စစ်အစိုးရကကြေညာထားသော အဆင့် ၇ ဆင့်ပါလမ်းပြမြေပုံအရ နောက်အဆင့်သည် ၂ဝ၁ဝ ခုနှစ်တွင် ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ ဖြစ်သည်။

ဆန္ဒခံယူပွဲတွင်ပြည်သူများကထောက်ခံခဲ့ခြင်းသည် "၂ဝ၁ဝ ခုနှစ်ရွေးကောက်ပွဲအပြီးပေါ်ထွက်လာမည့် အစိုးရသစ်ကိုသာ ပြည်သူများက လိုလားကြကြောင်း ပြသလိုက်ခြင်းပင်ဖြစ်သည်" ဟု အဆိုပါ သတင်းစာဆောင်းပါးက ဆိုထားပါသည်။

သို့သော် (NLD) ကမူ ဤသို့စစ်အစိုးရက မိမိတို့၏အုပ်စိုးမှုပိုမိုခိုင်မာရေးအတွက် ရည်ရွယ်ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ဇွတ်အတင်းအကြပ် အတည်ပြုလိုက်ခြင်းအတွက် ဝမ်းနည်းရပါကြောင်း ပြောဆိုသွားပါသည်။

"ဒီဆန္ဒခံယူပွဲဟာ ပြည်သူ့ဆန္ဒကို ထင်ဟပ်ခြင်းလဲမရှိဘူး၊ စစ်အစိုးရက သူလိုချင်သလိုလုပ်သွားတာဘဲ" ဟု ဦးဥာဏ်ဝင်းကဆိုပါသည်။ ဤသို့ မဲဆန္ဒရှင်များကို ခြိမ်းခြောက်ခြင်း၊ ဆန္ဒခံယူပွဲတွင် မဲလိမ်မဲခိုးခြင်းဖြင့် အနိုင်ရရှိခြင်းသည်လည်း ဂုဏ်ယူစရာမဟုတ်ပါဟု သူကဆက်လက် ပြောဆိုသွားပါသည်။

အထိန်းသိမ်းခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့် (NLD) ပါတီသည် စစ်အစိုးရက ကျင်းပရန်စီစဉ်ထားသည့် ၂ဝ၁ဝ ခုနှစ်အထွေထွေရွေးကော်ပွဲနှင့်စပ်လျဉ်း၍ ထင်မြင်ချက်ပေးရန်ကိုမူ ငြင်းဆန်သွားပါ သည်။

ဤအတောအတွင်း ၁၉၉ဝ ခုနှစ်ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မီတီ (CRPP)ကလည်း စစ်အစိုးရ၏ဖွဲ့စည်းပုံဥပဒေကို သူတို့မထောက်ခံကြောင်းနှင့် ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပရန်စီစဉ်ထားသည့် ရွေးကောက်ပွဲ ကိုလည်း သပိတ်မှောက်မည်ဖြစ်ကြောင်း ထုတ်ဖေါ်ပြောကြားသွားခဲ့ပါ သည်။

(CRPP) နှင့်သူတို့၏မဟာမိတ်အဖွဲ့များအနေနှင့် စစ်အစိုးရက အနာဂါတ်အစိုးရအဖွဲ့တွင် မိမိတို့၏အခန်းကဏ္ဍကို ကြိုတင်သတ်မှတ်ပြီးဖြစ်သည့် အတွက် ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပရန်စီစဉ်ထားသည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း ဦးအေးသာအောင်က မဇ္ဈိမသို့ တနင်္လာနေ့က ပြောကြားသွားခဲ့ပါသည်။

"စစ်အစိုးရက သူတို့လိုချင်တာအကုန်လုံးရထားပြီး အားလုံကိုချုပ်ကိုင်ထားမှတော့ ရွေးကောက်ပွဲမှာဝင်ပြိုင်လဲ ဘာအဓိပ္ပါယ်ရှိတော့မှာလဲ" ဟု (CRPP) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးအေးသာအောင်က ပြောသွားပါသည်။

စစ်အစိုးရကကျင်းပပေးမည့် အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီအနည်းငယ်ကို ပေါ်ထွက်ယှဉ်ပြိုင်ခွင့်ပေးမည်ဖြစ်သော်လည်း အကန့် အသတ်များနှင့်သာ ဖြစ်လိမ့်မည်ဟု သတင်းရပ်ကွက်များကပြောကြားကြပါသည်။

စစ်အစိုးရ၏အစီအစဉ်အရ စစ်အစိုးရကျောထောက်နောက်ခံပြုထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး အသင်း (USDA) သည် အင်အား အကြီးဆုံးပါတီ ဖြစ်လာလိမ့်မည်ဟု ရန်ကုန်ရှိ ရဲသတင်းရပ်ကွက်တခုက ဆိုပါသည်။

"ဗိုလ်ချုပ်တွေကိုယ်တိုင် အနီးကပ်စောင့်ကြည့်ပြီး လမ်းညွန်မှုပေးနေတာဗျ" ဟု လက်တုံ့ပြန်ခံရမည်ကို စိုးရိမ်ရ၍ အမည်မဖေါ်လိုသည့် အဆိုပါ သတင်းရပ်ကွက်က ပြောသွားပါသည်။

ဤဖြစ်စဉ်တရပ်လုံးသည် အပြစ်အနာအဆာများနှင့်ပြည့်နှက်နေပြီး မည်သည့်နည်းနှင့်မျှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းမရောက်ရှိနိုင်ကြောင်းဖြင့် ဦးအေးသာအောင်က ဆိုလိုက်ပါသည်။


အကန့်အသတ်များက ကယ်ဆယ်ရေးတွင် အဟန့်အတားဖြစ်နေဟု စားနပ်ရိက္ခာအဖွဲ့ပြော

ဆော်လမွန်
တနင်္လာနေ့၊ ဇွန်လ 02 2008 22:43 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသရှိ ဝေးလံသော ဒေသများသို့ အကူအညီ ပစ္စည်းများ သယ်ပို့ပေးရေး အတွက် သူတို့၏ ရဟတ်ယာဉ် တစီးကို အသုံးပြုခွင့်ရရန် မြန်မာအစိုးရထံမှ ခွင့်ပြုချက် မရသေးဟု ကမ္ဘာ့အဖွဲ့အစည်း တရပ်ဖြစ်သော ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ (WFP) က ပြောကြားလိုက်ပါသည်။

“ကျနော်တို့ ရဟတ်ယာဉ်တစီး အခု ရန်ကုန်မှာ ပစ္စည်းတွေ သယ်ဘို့ အဆင်သင့် ဖြစ်နေပါပြီ၊ ဒါပေမဲ့ ခုအချိန်အထိ သုံးလို့ မရသေးဘူးဗျာ” ဟု ဘန်ကောက် (WFP) ရုံး ပြောရေးဆိုခွင့်ရှိသူ ပေါလ်ရစ်စလေ Paul Risley က ပြောကြား သွားပါသည်။ “ဘာဘဲဖြစ်ဖြစ် ဒီရဟတ်ယာဉ်က သုံးဘို့ အဆင်သင့် ဖြစ်နေပါပြီ” ဟု သူက ဆက်လက် ပြောဆိုလိုက်ပါသည်။

သယ်ယူပို့ဆောင်ရေး အခက်အခဲကြောင့် မြစ်ဝကျွန်းပေါ် ဒေသရှိ ဝေးလံသော ကျေးရွာ အများအပြားသို့ ပစ္စည်းများ သယ်ပို့ပေးရန် ရဟတ်ယဉ်များ အသုံးပြုခွင့် ရရေးမှာ အလွန်အရေးကြီးသည်ဟု ရစ်စလေက ပြောဆိုပါသည်။

“ထိုင်းနိုင်ငံမှာလည်း နောက်ထပ် ကျနော်တို့ ရဟတ်ယာဉ် ၉ စီး အဆင်သင့် ရှိနေပါတယ်။ ရက်ပိုင်းအတွင်း ဘန်ကောက်ကနေ မြန်မာပြည်ကို ယူလာဘို့ အသင့် ဖြစ်နေမှာပါ” ဟု ရစ်စလေက ပြောဆိုပါသည်။

WFP သည် ယခုအထိ ခန့်မှန်းခြေ ဆိုင်ကလုံး လေဘေးဒုက္ခသည် ၅၇၅ဝဝဝ ဦးထံသို့ ကယ်ဆယ်ရေး ပစ္စည်းများ ပေးအပ်နိုင်ခဲ့ပြီး ဖြစ်သည်။ သို့သော် အစိုးရ၏ ကန့်သတ်ချက်များကြောင့် နိုင်ငံတကာ အကူအညီပေးရေး လုပ်သားများ၏ ကယ်ဆယ်ရေး လုပ်ငန်းများ နှောင့်နှေးရသည်ဟု ဆိုလိုက်ပါသည်။ ယခု လောလောဆယ် အဆိုပါ ကယ်ဆယ်ရေး လုပ်သားများမှာ မြစ်ဝကျွန်းပေါ်ဒေသတွင် နေနေရသည်ဟု ဆိုသည်။

“ကျနော်တို့ ဝန်ထမ်းတွေကို မြစ်ဝကျွန်းပေါ် ဒေသမှာ နေပြီး အလုပ် လုပ်နေစေချင်ပါတယ်။ ဒါပေမဲ့ လိုအပ်တဲ့ ခွင့်ပြုချက်က မရသေးဘူး။ ဒါ ကျနော်တို့ မြစ်ဝကျွန်းပေါ်မှာ လုပ်နေတဲ့ အလုပ်တွေအတွက် တကယ့် စိန်ခေါ်မှုတရပ်ပါဘဲ” ဟု ရစ်စလေ က ပြောဆိုသွားပါသည်။

ဤအတောအတွင်း မြန်မာအစိုးရထံမှ ခွင့်ပြုချက် မရရှိသဖြင့် လွန်ခဲ့သော ၂ ပတ်လုံးလုံး ပင်လယ်ပြင်တွင် ကယ်ဆယ်ရေးပစ္စည်း အမြောက်အမြား၊ ရဟတ်ယာဉ် အများအပြား တင်ဆောင်ကာ စောင့်ဆိုင်းနေခဲ့သည့် မိမိတို့၏ ရေတပ် သင်္ဘော ၄ စီးကို ပြန်လည်ထွက်ခွါရန် အမိန့်ပေးတော့မည် ဖြစ်သည်ဟု အမေရိကန် ကာကွယ်ရေးဌာန အရာရှိများက ပြောဆိုသွားပါသည်။

“စစ်အစိုးရက ကျနော်တို့ကို ကူညီခွင့်ပေးမှာ မဟုတ်ဘူးဆိုတာ ဒီအချိန်မှာ အတော်ကို ရှင်းလင်းနေပါပြီ။ ကျနော်တို့ ခုအချိန်အထိတော့ ဘာမှ မဆုံးဖြတ်ရသေးပါဘူး။ ဒါပေမဲ့ ကျနော်တို့ သင်္ဘောတွေ အဲဒီနေရာမှာ ပတ်ချာလည် လှည့်ပြီး စောင့်နေရတာ အတော်ကို ကြာနေပါပြီ” ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ် Robert M. Gates က စင်္ကာပူနိုင်ငံတွင် ကျင်းပသည့် အာရှလုံခြုံရေး ကွန်ဖရင့်တွင် တနင်္ဂနွေနေ့က ပြောဆိုသွားပါသည်။

ယခင်အပတ်ကလည်း အလားတူ ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်ကာ မြန်မာ့ရေပိုင်နက် အပြင်တွင် စောင့်ဆိုင်းနေခဲ့သည့် ပြင်သစ် ရေတပ်သင်္ဘော 'Mistral' ကလည်း စစ်အစိုးရထံမှ ခွင့်ပြုချက် မရသဖြင့် ထိုင်းနိုင်ငံသို့ ပြန်သွားကာ မုန်တိုင်း ဒုက္ခသည်များအတွက် ကယ်ဆယ်ရေး ပစ္စည်းများကို ချထားပေးခဲ့သည်။

မြန်မာနိုင်ငံအတွင်းရှိ ဆိုင်ကလုံးဒဏ် ခံခဲ့ရသော ဒေသများသို့ သွားရောက် ကြည့်ရှုခဲ့သည့် WFP အမှုဆောင် ညွှန်ကြားရေးမှူး ဂျိုးဆက်ရှီးရန်း (Josette Sheeran) က မြစ်ဝကျွန်းပေါ်သို့ ကယ်ဆယ်ရေး လုပ်သားများ ချထားရေးကို နှောင့်နှေး ကြန့်ကြာစေသည့် ကြိုးနီစနစ်များ လျှော့ချပေးပါရန် စစ်အစိုးရကို တိုက်တွန်းသွားသည်။

ကယ်ဆယ်ရေး လုပ်သားများ စေလွှတ်ရေးအတွက် အစိုးရက ချမှတ်ထားသော လုပ်ထုံးလုပ်နည်းများသည် အနှောင့်အယှက် ဖြစ်မြဲဖြစ်နေပြီး ကယ်ဆယ်ရေး လုပ်ငန်း၏ ထိရောက်မှုကို ထိခိုက်စေသည် ဟု မြန်မာနိုင်ငံ ခရီးစဉ်မှအပြန် တနင်္ဂနွေနေ့တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်၌ သူမက ပြောဆိုသွားပါသည်။

လူပေါင်း ၆၆၃ဝဝဝ ဦးကို ပထမအသုတ် ဆန်ရိက္ခာများ ပေးအပ်နိုင်ရန် ရည်မှန်း လုပ်ဆောင်ခဲ့ရာ ယခုအထိ လူပေါင်း ၅၇၅ဝဝဝ ဦးကို အဆိုပါဆန်များ ပေးအပ်နိုင်ခဲ့ပြီး ဖြစ်သည်ဟု (WFP) က ပြောပါသည်။ ဒါပေမဲ့ လူအတော်များများ အဲဒီ ရိက္ခာကို မရသေးဘူးဟုလည်း ဆက်လက် ပြောဆိုသွားပါသည်။ ယခုအခါ အဆိုပါ ဒုက္ခသည်များကို ဒုတိယအသုတ် ဆန်များဝေရန် အချိန်ရောက်နေပြီဟု ဆိုသည်။

မြို့များပေါ်ရှိ ဆိုင်ကလုံး လေဘေး ဒုက္ခသည်များထံ အဆိုပါ ကယ်ဆယ်ရေးပစ္စည်းများ ရောက်ရှိပြီး ဖြစ်သော်လည်း သယ်ယူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး အခက်အခဲကြောင့် ကျေးရွာ အများအပြားထံ ကယ်ဆယ်ရေး ပစ္စည်းများ မရောက်သေးဘဲ ကျန်နေသေးသည်ဟု ရန်ကုန်တိုင်း ကွမ်းခြံကုန်း မြို့နယ်မှ ပြန်လာခဲ့သူ ရန်ကုန်မြို့မှ အကူအညီပေးရေး လုပ်သားတဦးက ပြောသွားပါသည်။


ကွမ်းခြံကုန်းရှိ ကျေးရွာအများစုမှ ကလေးများ ကျောင်းဖွင့်သော်လည်း မတက်ရောက်နိုင်သေး

ဝိုင်းပီး၊ ဖနိဒါ
တနင်္လာနေ့၊ ဇွန်လ 02 2008 18:45 - မြန်မာစံတော်ချိန်

ချင်းမိုင်-နယူးဒေလီ။ ။ မြန်မာနိုင်ငံရှိ ကျောင်းများ ယနေ့တွင် စတင် ဖွင့်လှစ်နေသော်လည်း ရန်ကုန်တိုင်းအတွင်း ကွမ်းခြံကုန်းမြို့နယ်ရှိ ကျေးရွာ အများစုတွင် ကလေးများ ကျောင်းတက်ရောက်နိုင်ခြင်း မရှိသေးပါ။

ကွမ်းခြံကုန်းမြို့နယ်နှင့် ၆ မိုင်လောက် ဝေးသည့် အင်းကွတ်၊ ကျိုက်ပတ်၊ ဘီလင်း၊ စမ်းကောက် စသည့် ကျေးရွာများရှိ လူအများစုသည် စားသောက်ရန်ပင် အလှူရှင်များကိုသာ အားကိုးနေရသည့်အတွက် ကလေးငယ်များ ကျောင်းမတက်နိုင်သေးခြင်း ဖြစ်သည်။

“ကျောင်းအပ်ဖို့ ငွေပေးနိုင်မယ်ဆိုရင်တောင် ကျောင်းသွားဖို့ အဝတ်အစား မရှိဘူး။ ကျောင်းမှာ စားဖို့ ဘာမှမရှိဘူး” ဟု လေဘေး ဒုက္ခသည်များကို ကူညီနေသည့် အလှူရှင်များကို လိုက်လံ ပို့ဆောင်ပေးနေသူ ကွမ်းခြံကုန်း ဒေသခံတဦးက ပြောသည်။

ကွမ်းခြံကုန်းမြို့နယ်ရှိ ဒုက္ခသည်များ ယာယီနေထိုင်သည့် အထက ၁၊ အလက ၂ နှင့် ဆရာတော် ဦးဘောဇ ဘုန်းကြီးကျောင်းမှ ဒုက္ခသည်များကို အာဏာပိုင်များက မည်သည့် အကူအညီ၊ အထောက်အပံ့မှ မပေးသည့်အပြင် ပြီးခဲ့သည့်လ ၂၂ ရက်မှ စတင်ပြီး ၃ ရက်အချိန်ပေးကာ နေရပ် ဒေသများသို့ ရွှေ့ပြောင်းခိုင်းနေသည်။ ရပ်ရွာဒေသသို့ မပြန်နိုင်သည့် သူများကို ယာယီတဲများတွင် နေခိုင်းသည်။

အခြေခံပညာကျောင်းများ ပြန်ဖွင့်နေရာတွင် ရန်ကုန်တိုင်းအတွင်းရှိ အချို့ကျောင်းများတွင် ကျောင်းအပ်ကြေး အပြင် ကျောင်းပြင်ဆင်ရန်ဟု ဆိုကာ အလှူငွေ ကျပ် ၂ သောင်း တောင်းခံနေသည်။

ဗိုလ်တထောင် အထက ၅ ကျောင်းတွင် ကျောင်းသွားအပ်ခဲ့သည့် မိဘတဦးက အထက်တန်း ကျောင်းသားတဦးလျှင် ကျပ် ၄၅ဝဝဝ ပေးရကာ ကျောင်းပြင်ဆင်ရေးအတွက် ထပ်မံ ပေးဆောင်ရမည်ဟု ဆိုသည်။

“ကျောင်းက အမိုးတွေ ပြင်ဖို့ဆိုပြီးတော့ ကျောင်းသားတယောက်ကို ၂ သောင်း တောင်းနေတယ်၊ နောက်တော့ ပေးရမယ်ပြောတယ်။ အခုတော့ မကောက်သေးဘူး။ တကယ်တမ်းတော့ အမိုးတွေက အဲဒီလောက်ကြီး ပျက်တာ မဟုတ်ဘူး။ ကျမ သား ၉ တန်း အပ်တာ ၄၅ဝဝဝ ကျော် ကုန်သွားတယ်။ စာအုပ်ဖိုး၊ ကျောင်းလခတွေ အပါအဝင် မနှစ်ကတော့ ဒီလောက်မကုန်ဘူး” ဟု သူက ပြောသည်။

ထို့အပြင် ရန်ကုန်တိုင်း သန်လျင်မြို့တွင်လည်း ကျောင်းများ စတင်ဖွင့်နေပြီ ဖြစ်ရာ ၅ တန်း ကျောင်းသားတဦး ကျောင်းအပ်ကြေးငွေမှာ ၃၅ဝဝ ကျပ် ထည့်ပြီးသော်လည် စာအုပ်ဖိုးအဖြစ် ထပ်မံ ပေးဆောင်ရမည်ဟု ဟု သံလျင် မြို့ခံတဦးက ပြောသည်။

သို့သော် ကျောင်းအပ်ကြေးငွေ မပေးရသည့် ကျောင်းလည်း ရှိနေသည်။

ရန်ကုန်မြို့ပေါ်ရှိ ပုဇွန်တောင် အထက ၄ ကျောင်းတွင်မူ ကျောင်းအပ်ရာ၌ လျှောက်လွာကြေး ၅ဝဝ ကျပ်သာ ပေးဆောင်ရသည်ဟု ပုဇွန်တောင် ကျောင်းတွင် ကျောင်းအပ်ခဲ့သူ မိဘတဦးက ပြောသည်။

“တပြားမှ မပေးရဘူး။ ရခိုင်ဘက်က အသစ် အသစ်တွေကအစ မပေးရဘူး။ ဘယ်သူ့ကိုမှ မပေးဘူး။ ပုဇွန်တောင် အထက ၄ ကျောင်းအပ်တာ ဖေါင်တစောင် ၅ဝဝ ပဲ ပေးရမှာ။ နယ်ကလာတဲ့ လူတွေကအစပေါ့နော်။ အစတော့ ပေးရမယ် အောက်မေ့လို့ လုပ်တာ မပေးရဘူး။ ဒါပေမဲ့ တခြား နာမည်ကြီးကျောင်းတွေကတော့ မသိဘူး။ နာမည်ကြီး ဗိုလ်တထောင်ကျောင်းဆိုရင် ကျောင်းသားသစ်ဆို ၁ သိန်းအထိ ပေးရတယ်လေ” ဟု သူက ပြောသည်။

မုန်တိုင်းသင့်ဒဏ်ခံနေရသည့် ကော့မှူးမြို့နယ်ရှိ မျက်စံနီကျေးရွာတွင် ကျောင်းများ ပြင်ဆင်မှုမရှိသေးသဖြင့် ကျောင်းသားများ အပ်နှံပြီးသော်လည်း ကျောင်းများ ဖွင့်လှစ်ခြင်း မရှိသေးကြောင်း ကျေးရွာ ဒေသခံတဦးက ပြောသည်။

“ဒီရွာမှာတော့ မဖွင့်သေးဘူး။ ဒလဘက်မှာတော့ ဒီနေ့ ဖွင့်မယ်လို့ ပြောတယ်။ မျက်စံနီ ကျေးရွာမှာတော့ မဖွင့်သေးဘူး။ ကျနော်တို့ ကျောင်းဝင်ကြေးတော့ ဘာမှ မပေးရသေးဘူး။ နောက်မှ ပြန်တောင်းလာမလားတော့ မသိသေးဘူး။ ကျောင်းဝင်းကြေးကို ၈ လပိုင်းမှ ပေးပါလို့ ပြောနေတယ်။ ဘယ်လောက် ကျမလဲတော့မသိဘူး” ဟု ပြောသည်။

မြောင်းမြမြို့တွင်လည်း ကျောင်းများ ဖွင့်နေသော်လည်း ယခင်နစ်လိုသာ ကျောင်းဝင်ကြေး ပေးဆောင်ရကာ အလှူငွေများ ကောက်ခံမည်ဟု ကျောင်းအပ်ခဲ့စဉ်က ပြောပြခဲ့သည်ကို ကျောင်းသားမိဘ တဦးက ပြောသည်။

“မြောင်းမြမှာ ဒီနေ့ စဖွင့်ပြီ။ ကျောင်းအပ်ခတော့ ခါတိုင်းလိုပဲ။ အလယ်တန်းက ၃ဝဝဝ လောက်ပဲ ကျတယ်။ အမိုးပျက်တဲ့ ကျောင်းတွေလည်း ပြင်ပြီးသွားပြီ။ အလှူငွေတွေ ဘာတွေတော့ အခု မကောက်သေးဘူး။ နောက် ဘယ်တော့ ကောက်မလဲ မသိဘူး” ဟု မြောင်းမြမြို့ ဒေသခံက ပြောသည်။

စစ်အစိုးရက ပြီးခဲ့သည့် မေလ ၂၆ ရက်တွင် ကျောင်းများ ဖွင့်ရန် အဆင်သင့် မဖြစ်သေးသဖြင့် ဧရာဝတီတိုင်း လေဘေးဒဏ်သင့် ငပုတော၊ ကျိုက်လတ်၊ ဘိုကလေး၊ ဖျာပုံ၊ လပွတ္တာ၊ မော်လမြိုင်ကျွန်းနှင့် ဒေးဒရဲမြို့နယ်များ အတွင်းက အခြေခံပညာ ကျောင်းဖွင့်ရက်များကို ရွှေ့ဆိုင်း လိုက်သည်။

ပညာရေးဝန်ကြီးဌာနမှ ၂ဝဝ၇ ခုနှစ် မေလ ၂၈ ရက်တွင် ကျောင်းအပ် လက်ခံချိန်တွင် အလှူငွေ မကောက်ခံရန်နှင့် ကောက်ခံပါက တိုင်းကြား နိုင်သည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။

“ဝန်ကြီးဌာနက အလှူငွေမကောက်ရဘူးဆိုတာ မနှစ်ကတည်းက ကြေညာထားတော့ ကျောင်းအုပ်တွေ၊ ဆရာ၊ ဆရာမတွေက မကောက်ကြဘူး။ အလှူငွေကောက်လို့ တိုင်တယ်ဆိုတာတော့ မကြားမိသေးဘူး။ နောက်ပြီး ကျောင်းမအပ်နိုင်တာလည်း မရှိသေးဘူး။ ဘာကြောင့်လဲဆိုတော့ ဒီ ပုဇွန်တောင်မှာက ကျောင်းအပ်ရင် ဘာမှ မကုန်သေးဘူးဆိုတော့လေ” ဟု ပုဇွန်တောင်မှ ကျောင်းသားမိဘတဦးက ပြောသည်။


ဒုက္ခသည်အကူအညီ ဇူလိုင်လလယ်တွင် ပြတ်လပ်မည်ဟု ကုလ ပြောကြား

နေသွင်
တနင်္လာနေ့၊ ဇွန်လ 02 2008 17:24 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များအတွက် နိုင်ငံတကာမှ ပေးထားသော အကူအညီသည် ဇူလိုင်လလယ်တွင် ပြတ်လပ်သွားမည် ဖြစ်ရာ ရေရှည် အကူအညီများ လိုအပ်နေသည်ဟု ကုလသမဂ္ဂက ပြောသည်။

ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေနေ့များက ရန်ကုန်တိုင်းရှိ မုန်တိုင်းဒဏ်သင့် ဒေသများသို့ သွားရောက်ခဲ့သူ ကုလသမဂ္ဂ အေဂျင်စီ၏ အကြီးအကဲက သူတို့အဖွဲ့သည် ယခုအချိန်အထိ မုန်တိုင်းဒဏ် အဆိုးရွားဆုံး ခံခဲ့ရသော ဒေသတွင် လူပေါင်း ၅၇၅ဝဝဝ ကို ရိက္ခာများ ဖြန့်ဝေနိုင်ခဲ့သော်လည်း အများစုမှာ ရိက္ခာ အထောက်အပံ့ မရကြသေးသလို ဇူလိုင် လလယ်နောက်ပိုင်း ရေရှည်အတွက် ဆက်လက် လိုအပ်ချက် ရှိနေသည်ဟု ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ကုလ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် အကြီးအကဲ Josette Sheeran က “နိုင်ငံတကာက ရေရှည် အကူအညီတွေရဖို့ လုပ်စရာတွေ အများကြီး ရှိနေပါတယ်။ လက်ရှိ အထောက်အပံ့တွေနဲ့ ဆိုရင် ဇူလိုင်လလယ်မှာ အားလုံး ပြတ်လပ် ကုန်ပါလိမ့်မယ်” ဟု ပြောသည်။

ကုလ အေဂျင်စီသည် မုန်တိုင်းဒဏ် အဆိုးဆုံးခဲ့ရသော ဒေသတွင် ဒုက္ခသည် ၆၆၃ဝဝဝ ကို အထောက်အပံ့ပေးရန် ရည်ရွယ်ထားသည်။

မုန်တိုင်းဒဏ်ခံရသော ဒေသများတွင် လူပေါင်း ၂ သန်းခွဲသည် အစားအစာ၊ နေရာထိုင်ခင်းနှင့် သောက်သုံးရေ အရေးတကြီး လိုအပ်ပြီး ၎င်းတို့အနက် ၆ဝ ရာခိုင်နှုန်းသည် အကူအညီ မရကြသေးဟု ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံးက ခန့်မှန်းထားသည်။

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် အကြီးအကဲသည် ကယ်ဆယ်ရေး လုပ်ငန်းများ ကြီးကြပ်ရေးအတွက် အသစ်ဖွဲ့ထားသော သုံးပွင့်ဆိုင် ကြီးကြပ်ရေးအဖွဲ့၏ ခေါင်းဆောင် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဦးကျော်သူနှင့် စနေနေ့က တွေ့ဆုံခဲ့သည်။

ဆွေးနွေးပွဲတွင် Josette Sheeran က အကူအညီပေးရေး အဖွဲ့များကို ဗီဇာထုတ်ပေးသည့် အစိုးရ၏ လုပ်ရပ်ကို ကျေးဇူးတင်စကား ဆိုခဲ့ပြီး အကူအညီပေးရေး လုပ်ငန်းများကို နှောင့်နှေးစေသော ဗျူရိုကရေစီ ယန္တယားများကို ရုပ်သိမ်းပေးရန်လည်း တိုက်တွန်းခဲ့သေးသည်။

ဆိုင်ကလုန်းဒဏ် ခံခဲ့ရသော ဒေသများမှ ဒုက္ခသည်များသည် ရိက္ခာရရှိရေးကို ပထမဦးစားပေးအဖြစ် တောင်းဆိုနေသည်ဟု ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် ဝန်ထမ်းများက ပြောကြောင်း Josette Sheeran က ပြောသည်။

“တိုးတက်မှုတွေ ရှိနေပါပြီ။ ဒါပေမဲ့ အရေးတကြီး ကိစ္စတွေ လုပ်ဆောင်ဖို့အတွက် နောက်ဆုံးခြေလှမ်းကို မလှမ်းရသေးပါဘူး” ဟု သူက ပြောသည်။

မုန်တိုင်းကျရောက်ပြီး တလကျော်လာသည့်အထိ နိုင်ငံတကာ အကူအညီ ပေးရေးတွင် စစ်အစိုးရဘက်က အကန့်အသတ်ဖြင့်သာ လက်ခံနေသည်။ အရေးပေါ် ကယ်ဆယ်ရေး ပစ္စည်းများဖြင့် မြန်မာ့ရေပိုင်နက် အနီးတွင် ၂ ပတ်ကျော်ကြာ စောင့်ဆိုင်းနေသော အမေရိကန်မှ USS Essex အပါအဝင် စစ်သင်္ဘော ၃ စင်းသည် မကြာမီတွင် နောက်ကြောင်း လှည့်ပြန်တော့မည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်စ် က စစ်အစိုးရဘက်က လက်ရှိပေါ်လစီကို အပြောင်းအလဲ မလုပ်လျှင် နောက်ထပ် လူပေါင်းများစွာ သေဆုံးမည်ဟု ယမန်နေ့က သတိပေးသည်။

အမေရိကန် စစ်သင်္ဘောများ၏ နောက်ကြောင်းပြန်မည့် အစီအစဉ်သည် ပြင်သစ်သင်္ဘော၏ နောက်ကြောင်းပြန် ခရီးနှင့် ရှေ့ဆင့်နောက်ဆင့် ဖြစ်သည်။

ပြင်သစ်သဘောင်္သည် မြန်မာပြည်သို့ ဝင်ရောက်ခွင့် မရသဖြင့် ထိုင်းကမ်းခြေသို့ လမ်းကြောင်းပြောင်းကာ မုန်တိုင်းဒုက္ခသည်များအတွက် ရည်ရွယ်သော ကယ်ဆယ်ရေးပစ္စည်း တန်ချိန် တသောင်းကို ကုလ စားနပ်ရိက္ခာ အဖွဲ့သို့ လွှဲပြောင်းပေးခဲ့သည်။

ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ကြီးက မုန်တိုင်း ဒုက္ခသည်များအား အကူအညီပေးရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၇ဝ လိုအပ်လျက်ရှိရာ ယခုအချိန်အထိ အမှန်တကယ် လိုအပ်သော ပမာဏ၏ သုံးပုံတပုံသာ ရရှိ သေးသည်ဟု ဆိုသည်။

မေလ ၂-၃ ရက်နေ့များတွင် လူပေါင်း တသန်းကျော် အသေအပျောက် ရှိခဲ့သော မုန်တိုင်းအလွန် အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများအတွက် ကုလသမဂ္ဂက အမေရိကန်ဒေါ်လာသန်း ၂ဝဝ တောင်းခံထားရာ ယခုအချိန်အထိ သန်း ၁၅ဝ ကျော်တန်ဖိုး ကတိကဝတ် ရရှိထားသည်ဟု ကုလသမဂ္ဂက ဆိုသည်။

စစ်အစိုးရက မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုမှာ အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ရှိသည်ဟု ဆိုသည်။


လေဒဏ်သင့် ကျောင်းပျက်များကြောင့် ကျောင်းသား တသန်းကျော် ပညာရေးထိခိုက်ရ

ဇာနည်
သောကြာနေ့၊ မေလ 30 2008 21:35 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ နာဂစ်မုန်တိုင်းသင့် ဒေသများတွင် ကျောင်းများ ပျက်စီးကြသဖြင့် ထိခိုက်နစ်နာရသူ ကျောင်းသားလူငယ် ဦးရေမှာ ၁ ဒဿမ ၁ သန်း ရှိသည်ဟု အစိုးရ ကိန်းဂဏန်းများက ဆိုသည်။

ရန်ကုန်နှင့် ဧရာဝတီတိုင်းတွင် ပျက်စီးသွားသော အခြေခံပညာ ကျောင်းပေါင်း ၄၁၀၆ ကျောင်း ရှိသည့်အနက် လုံးဝ ပျက်စီးသွားသော ကျောင်း ၁၂၅၅ ရှိကာ၊ ၈၀၄ ကျောင်းမှာ ဆိုးဝါးစွာ ပျက်စီးသွားသလို၊ ၁၉၉၆ ကျောင်းမှာမူ အမိုးများ ပျက်သွားသဖြင့် ကျောင်းသားများ ယခုလို ပညာသင်ကြားရေး ထိခိုက်ကြရသည်။

"ကျနော်တို့ မြို့ပေါ်မှာက အထက ကျောင်း ၂ ကျောင်းကပဲ အမိုးလန်သွားတာ ရှိတယ်။ အဲဒါတော့ လူကြီးတွေ လာကြည့်တော့ ပြင်ပြီးသွားပြီ။ တခြား မူလတန်း ကျောင်းလေးတွေဆိုရင် ကျောင်းဆောင်တခုလုံး ပြိုသွားတာ ရှိတယ်။ အနီးအနားက ရွာတွေဆိုရင် ဘာမှကို မကျန်တော့တာတွေ ရှိတယ်" ဟု ဘိုကလေး မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံတ၀ှမ်း ကျောင်းဖွင့်ရာသီကို ရောက်တော့မည် ဖြစ်သော်လည်း မုန်တိုင်းဒဏ်သင့် ဒေသများမှ ပျက်စီးသွားသော ကျောင်းအများစုတို့မှာ ယနေ့ထိတိုင် ပြန်လည် ပြင်ဆင်နိုင်ခြင်း မရှိသေးပါ။

ကျောင်းသားမိဘများ အနေနှင့်လည်း မိသားစု စားဝတ်နေရေးကိုသာ လုံးပန်းနေရ၍ ကလေးများ၏ ကျောင်းတက်ရန် ကိစ္စကို မတွေးဝံ့အောင် ရှိနေကြသည်။

"ကျမကလေးတွေကို ပညာတတ်ကြီးတွေ ဖြစ်စေချင်လို့ ကြိုးစားပြီး ကျောင်းထားခဲ့တယ်။ အခုက ကျောင်းကလည်း ပျက်နေပြီ။ ကျမတို့ အိမ်လည်း မရှိတော့ဘူးဆိုတော့ ကလေးတွေကို ကျောင်းမထားနိုင်တော့ဘူး။ ကလေးတွေက ကျောင်းတက်ချင်ကြတယ်" ဟု ဘိုကလေးမ ကျောင်းသားမိဘ တဦးက ပြောသည်။

ကျောင်းသားငယ်များသည် ကျောင်းတက်ရန်ထက် စားဝတ်နေရေး အခက်အခဲများကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှိနေကြသည်။

"သူများတွေက ကျောင်းအပ်နေရပြီလေ။ သမီးက မအပ်ရသေးဘူး။ စိတ်မကောင်းဘူး။ သမီးက ဒီနှစ် ၁၀ တန်းတက်မှာ၊ ၀ိဇ္ဇာဘာသာတွဲ ယူထားတယ်။ အဖေတို့က မရှိတဲ့ ကြားက မြို့မှာ ကျောင်းထားပေးထားတော့ ကြိုးစားပါတယ်။ အခုကတော့ အိမ်တောင် မရှိတော့ဘူး။ ကျောင်းတက်ရဖို့ကတော့ သမီးရဲ့ ကံတရားလို့ပဲ မှတ်ပါတယ်" ဟု ဘိုကလေးမြို့နယ်အပိုင် အတွဲနှစ်ရွာမှ မညိုညိုက ပြောသည်။
ဧရာဝတီတိုင်းအတွင်း လေဘေးဒဏ်သင့် ၇ မြို့နယ်တွင် အခြေခံ ပညာသင်ကျောင်းများ ဖွင့်ရက်ကို တလ နောက်ဆုတ်လိုက်ကြောင်း ဧရာဝတီတိုင်း ပညာရေးရုံးက ထုတ်ပြန်ထားသည်။

"ဒီလို ထုတ်ပြန်တာ ဟုတ်ပါတယ်။ ဧရာဝတီတိုင်းက အရင် ကြေညာပြီးတဲ့ ဘေးဒဏ်သင့် ၇ မြို့နယ်ကိုပါ။ တလ နောက်ဆုတ်လိုက်ပါတယ်" ဟု ပုသိမ်မြို့ တိုင်းပညာရေးရုံးမှ ၀န်ထမ်းတဦးက ပြောသည်။

ကျောင်းများ ဖွင့်ရန် အဆင်သင့် မဖြစ်သေး၍ ဧရာဝတီတိုင်းရှိ လေဘေးဒဏ်သင့် ငပုတော၊ ကျိုက်လတ်၊ ဘိုကလေး၊ လပွတ္တာ၊ ဖျာပုံ၊ ဒေးဒရဲ၊ မော်လမြိုင်ကျွန်းမြို့နယ် ၇ မြို့နယ်တို့အတွင်းမှ အခြေခံပညာ ကျောင်းဖွင့်ရက်များကို ရွှေ့ဆိုင်းလိုက်သည်။

တနိုင်ငံတ၀ှမ်းလုံး ကျောင်းအပ်ရက်ကို မေလ ၂၅ ရက်နေ့မှ စတင် သတ်မှတ်ထားသည်။ ကျောင်းဖွင့်ချိန်မှာ ဇွန်လ ၂ ရက်နေ့ ဖြစ်သည်။

ရန်ကုန်တိုင်းနှင့် အခြား ပြည်နယ်-တိုင်းများမှ ကျောင်းများသည် ပုံမှန်အတိုင်း ဖွင့်လှစ်သွားမည်ဟု သိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates