Tuesday, June 3, 2008

အန်ဒီဒီ ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာ ဆွီဒင် လူ့အခွင့်အရေးဆု ချီးမြှင့်ခံရ

ဖနိဒါ
အင်္ဂါနေ့၊ ဇွန်လ 03 2008 18:14 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ထိုင်း-မြန်မာနယ်စပ်တွင် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေသည့် အမျိုးသမီးခေါင်းဆောင်တဦးဖြစ်သူ ဒေါ်ခင်ဥမ္မာကို ဆွီဒင်နိုင်ငံက လူ့အခွင့်အရေးဆု ချီးမြှင့်လိုက်သည်။

ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု (အန်ဒီဒီ) ဥက္ကဋ္ဌ မခင်ဥမ္မာကို ကွယ်လွန်သူ ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး Anna Lindh အား ဂုဏ်ပြု ချီးမြှင့်သောအားဖြင့် ကမ္ဘာတလွှားရှိ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး လှုပ်ရှားမှုတွင် စွမ်းစွမ်းတမံ လုပ်ဆောင်သူများနှင့် အဖွဲ့အစည်းများကို နှစ်စဉ်ပေးအပ်သည့် ဆုကို ချီးမြှင့်လိုက်ခြင်းဖြစ်သည်။

ဆုရရှိသူ ဒေါ်ခင်ဥမ္မာက “နိုင်ငံတကာက မြန်မာပြည် ဒီမိုကရေစီ လှုပ်ရှားမှု၊ လူ့အခွင့်အရေး လှုပ်ရှားမှုတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ တတ်နိုင်တဲ့ ဘက်ကနေ စဉ်ဆက်မပြတ် ဝိုင်းပြီးအားပေးနေကြတယ်။ အဲဒီအပေါ်မှာတော့ အမ တကယ်ဝမ်းသာပါတယ်။ ရှင်းရှင်းပြောမယ်ဆိုရင် ကိုယ့် နာမည်နဲ့ အသိအမှတ်ပြုဖို့ ပေးတယ်ဆိုပေမယ့် တကယ်တမ်းက ကိုယ့်နာမည်ထက်စာရင် ကိုယ့်ရဲ့ လှုပ်ရှားမှုကြီးတခုလုံးကို အသိအမှတ်ပြု တယ်လို့ အမြဲတမ်း ခံစားရတယ်” ဟု မဇ္ဈိမကို ပြောသည်။

ဆုငွေအဖြစ် အမေရိကန်ဒေါ်လာ ၄၂ဝဝဝ ချီးမြှင့်မည်ဖြစ်ကာ၊ ဆုပေးပွဲ အခမ်းအနားကို ယခုလ ၁၈ ရက်နေ့တွင် ရုံးစိုက်ရာ ဆွီဒင်နိုင်ငံ စတော့ဟုမ်း Stock Holm မြို့၌ ကျင်းပမည်ဖြစ်ရာ ဒေါ်ခင်ဥမ္မာက ကိုယ်တိုင် တက်ရောက်လက်ခံမည်ဖြစ်သည်။

၂ဝဝ၃ ခုနှစ်တွင် လုပ်ကြံသတ်ဖြတ်ခံရသူ ဆွီဒင်အမျိုးသမီး နိုင်ငံခြားရေးဝန်ကြီးကို ဂုဏ်ပြုသည့်အနေဖြင့် ၂ဝဝ၄ ခုနှစ်မှစတင်ကာ Anna Lindh ဆုကို နှစ်စဉ် ပေးအပ်ခဲ့သည်။

ဒေါ်ခင်ဥမ္မာက “Anna Lindh ကို နိုင်ငံရေးခေါင်းဆောင်တွေကြားမှာ အားကိုးအားထားရှိကြတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူလည်း ဖြစ်တယ်။ ပြောရဲဆိုရဲ၊ အမှန်တရားကို ပြောရဲတယ်။ တဖက်က သူအခုလို မသေသင့်ဘဲ သေသွားရတဲ့ သတင်းကြားရတော့ သူက တော်တော် ထွန်းပေါက်ခဲ့တဲ့ အမျိုးသမီးတယောက်ဖြစ်တယ်။ ထွန်းတောက်ခဲ့တဲ့ သူ့နာမည်နဲ့ ပေးတယ်ဆိုတော့ ဂုဏ်ယူတယ်” ဟု မဇ္ဈိမကို ပြောသည်။

ဒေါ်ခင်ဥမ္မာသည် ၁၉၉၇ ခုနှစ်တွင် Capital Area peace maker award မြို့တော်ဒေသ ငြိမ်းချမ်းရေးတည်ဆောက်သူနာမည်ဆု၊ နယူးယောက် မြို့ ကမ္ဘာ့ကုလသမဂ္ဂမှ ဒုက္ခသည် အမျိုးသမီးနှင့် ကလေး သူငယ်များ ကော်မရှင် (New Youk Refugee Woman and Children Commission) မှ ချီးမြှင့်သောဆု၊ အစိုးရမဟုတ်သောအဖွဲ့ Vital Voices Global Partnership က ပေးအပ်သော ၂ဝဝ၈ ကမ္ဘာ့ခေါင်းဆောင်မှုဆု (2008 Global Leadership Awards) ဆုများကို ရရှိခဲ့သည်။

“ကိုယ့်ရဲ့ တိုက်ပွဲက တရားမျှတတဲ့ တိုက်ပွဲဖြစ်တယ်။ ဒီတိုက်ပွဲကို နိုင်ငံတကာက သူနိုင်တဲ့ဘက်ကနေ ပံ့ပိုးမှု၊ အားပေးမှုတွေ စဉ်ဆက်မပြတ် လုပ်ပေးနေတယ်။ သူတို့အားပေးတာကို ဝမ်းသာတယ်၊ ကျေးဇူး တင်တယ်။ မှန်တဲ့လမ်းကို လျှောက်နေတဲ့ စစ်မှန်တဲ့တိုက်ပွဲအပေါ်မှာ နိုင်ငံ တကာက မှတ်ကျောက်တင်တယ်လို့ မှတ်တယ်၊ ဝမ်းသာတယ်။ တိုက်ပွဲဝင်နေတဲ့ ပြည်တွင်းပြည်ပက ကိုယ့်ရဲ့ ရဲဘော်ရဲဘက် ညီအကို၊ မောင်နှမ တွေအတွက် ဂုဏ်ယူတယ်၊ အားလုံးအတွက် ပေးတယ်လို့ ခံယူတယ်။ တချိန်ထဲမှာပဲ မပြီးသေးတဲ့ တိုက်ပွဲကို ပြီးဆုံးတိုင် ဆက်သွားရမယ်ဆိုတဲ့ စိတ်ကို ပိုပြီး အားတက်စေပါတယ်” ဟု ဒေါ်ခင်ဥမ္မာက ပြောဆိုသည်။

သူသည် ဒေသတွင်းမှ ကုလသမဂ္ဂဆိုင်ရာ အဆင့်အထိ မြန်မာ့ဒီမိုကရေစီရေး စည်းရုံးလှုံ့ဆော်မှုနှင့် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ မြန်မာအမျိုး သမီးများအတွက် အမျိုးသမီး စွမ်းအင်မြှင့်တင်ရေးလုပ်ငန်းများကို ဦးစားပေး လုပ်ဆောင်နေသူ ဖြစ်သည်။


ဘန်ကောက် မြန်မာသံရုံး မီးလောင်

မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ မေလ 26 2008 17:29 - မြန်မာစံတော်ချိန်

ဘန်ကောက်။ ။ သံအမတ်ကြီးရုံး အပါအဝင် ဘန်ကောက်ရှိ မြန်မာနိုင်ငံ သံရုံး ၇ဝ% ခန့် တနင်္လာနေ့က မီးလောင်ကျွမ်းသွားကြောင်း သံရုံး ဝန်ထမ်းတဦးက ပြောပါသည်။

မီးမှာ (ဒေသစံတော်ချိန်) မနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် စတင် လောင်ကျွမ်းခဲ့ပြီး၊ ထိုင်းမီးသတ်က လာရောက် ငြှိမ်းသတ်ခဲ့သဖြင့် (ဒေသစံတော်ချိန်) မနက် ၉ နာရီခန့်တွင် ငြိမ်းသွားသည်ဟု အမည်မဖေါ်လိုသူ သံရုံးဝန်ထမ်းတဦးက မဇ္ဈိမသို့ ပြောပါသည်။

မီးမှာ သံရုံးအဆောက်အဦအတွင်း ဝါယာရှော့ဖြစ်ရာမှ စတင် လောင်ကျွမ်းခြင်း ဖြစ်ပြီး၊ မည်သည့် သံရုံးဝန်ထမ်းတဦး တယောက်မျှ ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်းလည်း သူက ဆက်လက် ပြောဆိုသွားပါသည်။

“လောင်တဲ့အချိန်က မနက် ၈ နာရီလောက်ဆိုတော့ ဘယ်သံရုံးဝန်ထမ်းမှ မရောက်သေးပါဘူး” ဟု သူက ပြောသွားပါသည်။

ဤသို့ မီးလောင်ကျွမ်းမှု ဖြစ်ပွါးခဲ့သော်လည်း သံရုံး ဗီဇာဌာနနှင့် အခွန်ဌာနတို့မှာ ဆက်လက် ဖွင့်ထားပြီး လူအများအပြား အလုပ်လုပ်နေသည်ကို တွေ့ခဲ့ရကြောင်း ကိုယ်တိုင် မြင်ခဲ့ရသူတဦးက ပြောပါသည်။

သံရုံးအပြင်ဘက်တွင် ချထားသော လုံခြုံရေးများမှာလည်း ပုံမှန်ပင်ဖြစ်ကြောင်း အဆိုပါ ကိုယ်တွေ့မြင်ခဲ့သူက ဆက်လက် ပြောဆိုသွားပါသည်။


ဒွန်မောင်းလေဆိပ်ကို ထောက်ပို့ အခြေစိုက်စခန်းအဖြစ် သတ်မှတ

မဇ္ဈိမသတင်းဌာန
စနေနေ့၊ မေလ 24 2008 22:20 - မြန်မာစံတော်ချိန်

ဘန်ကောက်။ ။ နာဂစ်မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များအတွက် ထောက်ပံ့ရေး ပစ္စည်းများ တင်ပို့ရန် အခြေစိုက်စခန်း တခုအဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ်ကို အသုံးပြုရန် တရားဝင် သတ်မှတ်လိုက်ပြီ ဖြစ်သည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၊ ထိုင်းဝန်ကြီးချုပ် ဆမတ် ဆွန်ထော်ရဝေ့ခ်ျ၊ အာဆီယံ အထွေထွေ အတွင်းရေးမှူး ဆူရင်း ပစ်ဆူဝမ်းနှင့်အတူ နိုင်ငံအသီးသီးမှ တာဝန်ရှိသူများနှင့်အတူ စနေနေ့ ညနေ ၅ နာရီက ပြုလုပ်သော ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

မစ္စတာ ဘန်ကီမွန်းက အကူအညီပေးတဲ့ ပစ္စည်းတွေ လိုအပ်တဲ့ နေရာတွေကို ရောက်ဖို့ အရေးကြီးကြောင်းနှင့် လက်ရှိ အနေအထားမှာ ကယ်ဆယ်ရေး အဆင့်မှာသာ ရှိသေးကြောင်း ပြောကြားသွားသည်။

မြန်မာနိုင်ငံ သယ်ယူ ပို့ဆောင်ရေး လမ်းကြောင်းဟာ ဖြစ်နိုင်သမျှ စွမ်းအင် ပြည့်ပြည့်၀၀နဲ့ ခိုင်မာတဲ့ သယ်ယူပို့ဆောင်ရေး ဖြစ်သင့်သည်ဟုလည်း သူက ပြောကြားသွားသည်။

မြန်မာစစ်အစိုးရခေါင်းဆောင်များက နိုင်ငံတကာ စစ်ဖက်ဆိုင်ရာ ပုဂ္ဂိုလ်များနှင့် စက်ဖက် ပစ္စည်းများကို ကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် တွန့်ဆုတ်နေကြောင်းလည်း ကုလ အတွင်းရေးမှူးချုပ်က ထည့်သွင်း ပြောကြားသွားသည်။


ကေအန်ယူ ဥက္ကဋ္ဌကြီး စောဘသင်စိန် ကွယ်လွန

နေသွင်
ကြာသပတေးနေ့၊ မေလ 22 2008 15:07 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ကရင် အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဥက္ကဋ္ဌ စောဘသင်စိန်သည် ယနေ့ နံနက်ပိုင်းက ထိုင်း-မြန်မာ နယ်စပ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားသည်။

ကေအန်ယူ ဥက္ကဋ္ဌနှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအန်အယ်အေ) ၏ စစ်ဦးစီးချုပ် တာဝန် ထမ်းဆောင်နေသူ စောဘသင်စိန် (၈၂ နှစ်) သည် ယနေ့နံနက် ၂ နာရီတွင် ထိုင်း-မြန်မာ နယ်စပ်ရှိ နေအိမ်တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

သူ ကွယ်လွန်သွားသဖြင့် လစ်လပ်သွားသော နေရာတွင် ဒုဥက္ကဋ္ဌ ဖြစ်သူ စောတာမလာဘောက ဖွဲ့စည်းပုံ စည်းမျဉ်းအရ အလိုအလျှောက် ဥက္ကဋ္ဌတာဝန် လွှဲပြောင်းယူရမည် ဖြစ်ကာ ကေအန်ယူ ခေါင်းဆောင်ပိုင်းအတွင်း ယခုတကြိမ် ရာထူး အပြောင်းအလဲသည် ၃ လအတွင်း ဒုတိယမြောက် ဖြစ်သည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့က အထွေထွေ အတွင်းရေးမှူး ပဒိုမန်းရှာ လုပ်ကြံခံရအပြီး ဗိုလ်မှူး တူးတူးလေးသည် အထွေထွေ အတွင်းရေးမှူး ဖြစ်လာပြီး စောဒေးဗစ် သကပေါမှာ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဖြစ်လာသည်။

ခေါင်းဆောင်ပိုင်း၌ ရာထူး အပြောင်းအလဲ အချို့ ရှိမည် ဖြစ်သော်လည်း မူလလမ်းစဉ်တွင် ထိခိုက်မှုရှိမည် မဟုတ်ကြောင်း ကေအန်ယူ တွဲဖက် အထွေအထွေ အတွင်းရေးမှူး စောဒေးဗစ် သကပေါက “ပုဂ္ဂိုလ်ဆုံးသွားလို့ လမ်းစဉ်ပြောင်းတာ မရှိဘူး။ ကျနော်တို့က အခြေအနေ ပြောင်းရင် လမ်းစဉ်ပြောင်းမယ်။ ပကတိ အခြေအနေက နအဖ က မပြောင်းဘူး။ ကျနော်တို့က ပြောင်းဖို့မရှိဘူး” ဟု ပြောသည်။

ကေအန်ယူအနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းရေးလမ်းစဉ်ကို ဆက်လက်ကိုင်စွဲမည်ဖြစ်သော်လည်း လက်တွေ့လုပ်ငန်းစဉ်အချို့ အပြောင်းအလဲဖြစ်လာနိုင်သည်ဟု စောဒေးဗစ်သကပေါက ပြောသည်။

“ကျနော်တို့က ရန်ကုန်သွားတယ်။ မော်လမြိုင်သွားတယ်။ အခုတော့ ကျနော်တို့ သွားချင်မှ သွားမယ်။ နိုင်ငံခြားမှာ တွေ့ချင်တွေ့မယ်။ ကျနော်တို့ နယ်ထဲကို လာဆိုတော့ မလာဘူး။ ကျနော်တို့က သက်စွန့်ဆံဖျား သွားရတယ်။ သူတို့က စစ်ရေးအရ အမြတ်ထုတ်ဖို့ပဲ လုပ်တယ်။ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လုပ်ပါ။ ကျနော်တို့ နယ်တွေမှာ အပစ်အခတ် ရပ်စဲရေး လုပ်ပါဆို မလုပ်ဘူး” ဟု သူက ပြောသည်။

ကေအန်ယူနှင့် စစ်အစိုးရကြားတွင် ၂ဝဝ၄ ခုနှစ်က မော်လမြိုင်မြို့တွင် နောက်ဆုံး တွေ့ဆုံခဲ့သည်။

ပဒိုစောဘသင်စိန်သည် ၂ဝဝ၄ ခုနှစ် ကေအန်ယူ ကွန်ဂရက် အပြီးတွင် ဗိုလ်ချုပ် စောဘိုမြထံမှ ဥက္ကဋ္ဌရာထူးကို လွှဲပြောင်းယူခဲ့သူ ဖြစ်သည်။ ယခုအခါ ကေအန်ယူ ဒုဥက္ကဋ္ဌသည် အလိုအလျှောက် ဥက္ကဋ္ဌ ဖြစ်လာမည်ဖြစ်ရာ လစ်လပ်နေသော ဒုဥက္ကဋ္ဌ နေရာအတွက် မကြာခင်ကျင်းပမည့် ၁၄ ကြိမ်မြောက် ကွန်ဂရက်တွင် ရွေးချယ်မည်ဟု သိရသည်။

ပဒိုစောဘသင်စိန်သည် ၁၉၄၉ ခုနှစ် အင်းစိန် တိုက်ပွဲမှ စ၍ ကရင့် တော်လှန်ရေးတွင် စတင်ပါဝင်ခဲ့ပြီး ၁၉၈၃ တွင် ကေအန်ယူ၏ အထွေထွေ အတွင်းရေးမှူး၊ ၂ဝဝ၄ ခုနှစ်တွင် ဥက္ကဋ္ဌ စသော နိုင်ငံရေး တာဝန်များကို အဆင့်ဆင့် ထမ်းဆောင်ခဲ့သည်။

ကွယ်လွန်ချိန်တွင် တိုင်းရင်းသား လူမျိုးများ ကောင်စီ (အီးအန်စီ) ၏ ဥက္ကဋ္ဌ၊ အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု (အန်ဒီအက်ဖ်) ၏ ဥက္ကဋ္ဌ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (အန်စီယူဘီ) ၏ သဘာပတိ တာဝန်များကို ထမ်းဆောင်နေဆဲ ဖြစ်သည်။

တိုင်းရင်းသား လူမျိုးများ ကောင်စီ၏ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်းက ပဒိုစောဘသင်စိန် ကွယ်လွန်ခြင်းသည် တော်လှန်ရေး တခုလုံးအတွက် ခေါင်းဆောင်ကောင်း တယောက် ဆုံးရှုံးမှု ဖြစ်သည်ဟု ပြောသည်။

ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်းက “ပဒို စောဘသင်စိန်ရဲ့ ဦးဆောင်မှုဟာ အင်မတန်မှ အရေးကြီးပါတယ်။ လူပုဂ္ဂိုလ်တယောက် အနေနဲ့ သူ့ရဲ့ သိက္ခာသမာဓိဟာ ကျနော်တို့ အားလုံးအတွက် အင်မတန်မှ အထင်ကြီးတဲ့ ဦးဆောင်မှု ဖြစ်ပါတယ်။ ဒါပေမဲ့ တဖက်မှာလည်း ကျနော်တို့ တော်လှန်ရေးဟာ နှစ်ပေါင်း ၅ဝ ကျော်နေပါပြီ။ ခေါင်းဆောင်တယောက် ဆုံးရှုံးတာ အင်မတန်မှ ကြီးလေးပေမယ့် အဲဒီ ခေါင်းဆောင် ဆုံးရှုံးတဲ့အတွက် တော်လှန်ရေးဟာ ရပ်သွားမှာ မဟုတ်ပါဘူး။ ဆက်ပြီး တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်။ တိုက်ပွဲဝင်တဲ့ နေရာမှာ ခေါင်းဆောင်ကြီး ပဒိုစောဘသင်စိန် ချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း တော်လှန်ရေးကို ဆက်သွားမယ်လို့ ပြောချင်ပါတယ်” ဟု ပြောသည်။

ကေအန်ယူ ဥက္ကဋ္ဌကြီး၏ ဈာပနကို ကေအန်ယူ ထိန်းချုပ်နယ်မြေ တနေရာတွင် ရက်ပိုင်းအတွင်း ကျင်းပမည်ဟု သိရသည်။ ကွယ်လွန်ချိန်တွင် ဇနီးသည်၊ သမီး ၃ ဦးနှင့် သား ၁ ဦး ကျန်ရစ်သည်။


အကူအညီပေးရေးအေဂျင်စီများ အာဆီယံကို မျှော်လင့်နေ

ဆော်လမွန်
ဗုဒ္ဓဟူးနေ့၊ မေလ 21 2008 11:57 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ မြန်မာနိုင်ငံ ဆိုင်ကလုံးမုန်တိုင်းဒဏ်ခံခဲ့ရသောဒေသများသို့ အကူအညီများပေးပို့ဖြန့်ချိရာတွင် လွယ်ကူချောမွေ့စေရေးအတွက် အာဆီယံ (ASEAN) အဖွဲ့ကြီးက အကူအညီပေးရေးအလုပ် အဖွဲ့တရပ်ထူထောင်ရေး အစပြုလုပ်ဆောင်ချက်ကို အကူအညီပေးရေးအေဂျင်စီ အများအပြားက ကြိုဆိုလိုက်ကြသည်။

တနင်္လာနေ့က စင်္ကာပူတွင်ကျင်းပခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက အာဆီယံခေါင်းဆောင်သည့် ညှိနှိုင်းဆောင်ရွက် ရေး ယန္တရားတရပ်ထူထောင်ရေးကို သဘောတူညီခဲ့ကြသည်။ ဤယန္တရားဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ ပေးပို့သောအကူအညီများကို အသုံး ပြုရေး၊ အကူအညီများ ဝေငှဖြန့်ချိရေးလုပ်ငန်းများ လွယ်ကူသွက်လက်စေရေးတို့အတွက် ဆောင်ရွက်ပေးမည် ဖြစ်သည်။

"ဒီယန္တရားနဲ့အစီအစဉ်က အကူအညီပေးတဲ့ပစ္စည်းတွေ ဒုက္ခသည်တွေဆီရောက်ဘို့ အာမခံနိုင်တယ်ဆိုရင် ဒါကောင်းတဲ့ကိစ္စလို့ ကျနော် ထင် ပါတယ်" ဟု နိုင်ငံတကာရွှေ့ပြောင်းသူများ ကူညီရေးအဖွဲ့ (IOM) မှပြောရေးဆိုခွင့်ရှိသူ Chris Lom က ပြောကြားသွားပါသည်။

"ဒီအစီအစဉ်ကို ကျနော်တော့ မတွေ့ရသေးပါဘူး။ အလုပ်ဖြစ်မယ်ဆိုရင် အားလုံးကကြိုဆိုကြမှာဘဲလို့ ထင်ပါတယ်" ဟု သူကပြောသွားပါသည်။

ယခုကာလအထိမူ အကူအညီပေးရေးအေဂျင်စီများသည် မိမိတို့၏ဒေသခံလက်တွဲဖော်များ၊ သို့မဟုတ် တွဲဖက်အဖွဲ့အစည်းများကို အဓိကအားကိုးပြီး အစိုးရထံ အကူအညီပေးရေးပစ္စည်းများ တိုက်ရိုက်မရောက်ရှိသွားရေးကို ရှောင်ရှားလုပ်ဆောင်နေကြရသည်။

သို့သော် မြန်မာအစိုးရက နိုင်ငံခြားအကူအညီပေးရေး လုပ်သားများဝင်ရောက်နိုင်ရေးကို ကန့်သတ်မှုများ ပြုလုပ်ထားသည့်အတွက် အကူအညီပေးရေး အေဂျင်စီအတော်များများသည် မိမိတို့၏ အကူအညီပစ္စည်းများကို ပြန်လည် ဝေငှဖြန့်ချိနိုင်ရေးအတွက် အစိုးရ၏လက်သို့သာ လွှဲပြောင်းပေးနေရသည်။

IOM ကမူ မိမိတို့၏အကူအညီပစ္စည်းများကို ပြန်လည်ဝေငှဖြန့်ချိရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် မြန်မာကျန်းမာရေးဝန်ကြီးဌာန တို့နှင့် ယခုထိ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

မြန်မာအစိုးရက အကူအညီပေးရေးပစ္စည်းများကို နိုင်ငံတကာအကူအညီအဖြစ် အာဆီယံအဖွဲ့ကြီးကခေါင်းဆောင်သော ယန္တရားတရပ်မှတဆင့် လက်ခံရန်ဆန္ဒရှိကြောင်း အာဆီယံအစည်းအဝေးတွင် တနင်္လာနေ့က ပြောကြားသွားသည်။ ဤအကူအညီများကို နိုင်ငံရေးကိစ္စအတွက် အသုံးမ ချရန် လည်း ပြောဆိုခဲ့သည်။

ဆိုင်ကလုံးမုန်တိုင်းဒဏ်ခံ ဒုက္ခသည်များအတွက် စားနပ်ရိက္ခာတန်ပေါင်းများစွာ ပေးပို့ခဲ့သည့် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) အဖွဲ့ကြီးကမူ စင်္ကာပူတွင်ရရှိခဲ့သော သဘောတူညီချက်သည် အပြုသဘောဆောင်သော ဖြစ်ထွန်းမှုဖြစ်သည်ဟု ပြောဆိုသွားပါသည်။

(WFP) အဖွဲ့ကြီးသည် ယခုအထိ မုန်တိုင်းဒဏ်မှအသက်မသေလွတ်မြောက်ခဲ့သူ ၂၅ဝဝဝဝ အတွက် စားနပ်ရိက္ခာများ ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ကြောင်းနှင့် မုန်တိုင်းဒဏ် အဆိုးဝါးဆုံးခံခဲ့ရသည့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသို့လည်း နောက်ထပ်အကူအညီများ ဆက်လက်ပေးပို့ဦးမည် ဖြစ်ကြောင်းလည်း (WFP)၏ ပြောရေးဆိုခွင့်ရှိသူ Marcus Prior က ပြောကြားသွားပါသည်။

"WFP ကအခုထဲက အာဆီယံအဖွဲ့ကြီးနဲ့ လက်တွဲဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံမှာဆောင်ရွက်နေတဲ့ လူသားချင်းစာနာတဲ့ အကူအညီပေး ရေး ဆောင်ရွက်နေတဲ့ ကြိုးးပမ်းမှုတွေကို တိုးချဲ့ရေးလုပ်ငန်းမှာ ကျနော်တို့ဘယ်လိုအကောင်းဆုံး ကူညီဆောင်ရွက်ပေးနိုင်သလဲဆိုတာ နားလည် နိုင်ဘို့ပါ" ဟု Prior က ဆက်လက်ပြောကြားသွားပါသည်။

ရရှိခဲ့သောသဘောတူညီချက်အရ အာဆီယံအတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ် (Surin Pitsuwan) က အလုပ်အဖွဲ့ကို ခေါင်းဆောင်မည်ဖြစ်ပြီး ကုလသမဂ္ဂနှင့် လက်တွဲဆောင်ရွက်သွားမည် ဖြစ်သည်။ အာဆီယံခေါင်းဆောင်သည့် ယန္တရားအကောင်အထည် ပေါ်လာစေရန် မြန်မာနိုင်ငံတွင် ဗဟိုညှိနှိုင်းရေးအဖွဲ့တရပ်ကို ဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံအကူအညီပေးရေး ကွန်ဖရင့်တရပ်ကို ရန်ကုန်မြို့တွင် မေလ ၂၅ ရက် ၂ဝဝ၈ ခုနှစ်၌ အာဆီယံနှင့်ကုလသမဂ္ဂ ပူးတွဲကျင်းပရန်လည်း အာဆီယံအစည်းအဝေးကြီးက ဆုံးဖြတ်ခဲ့ကြသည်။

ဤတရက်ကြာအစည်းအဝေးတွင် ဆိုင်ကလုံးဒုက္ခသည်များအတွက် ကယ်ဆယ်ရေးပစ္စည်းများ၊ အထောက်အပံ့များ ပိုမိုရရှိရေးအတွက် နိုင်ငံတ ကာအသိုင်းအဝိုင်းကို လော်ဘီလုပ်ရေး အာရုံစိုက်ဆွေးနွေးကြမည်ဟု ကုလသမဂ္ဂလူသားချင်း ကူညီစောင့်ရှောက်ရေး ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့ရုံး (UNOCHA) ထိုင်းနိုင်ငံရုံးခွဲက ပြောဆိုလိုက်ပါသည်။

"မုန်တိုင်းဒဏ်ခံခဲ့ရတဲ့သူတွေရဲ့ လိုအပ်ချက်တွေကို ကွန်ဖရင့်မှာ အဓိကထား ဆွေးနွေးပါမယ်။ လူသားချင်းစာနာတဲ့ တုံ့ပြန်မှုအနေနဲ့ နိုင်ငံတကာ ထောက်ခံမှုနဲ့ အကူအညီတွေပိုရဘို့ ဆွေးနွေးသွားမှာပါ" ဟု ဘန်ကောက် (UNOCHA) ရုံး မှအရာရှိတဦးက ပြောဆိုသွားခဲ့ပါသည်။

မြန်မာနိုင်ငံသို့ ဗုဒ္ဓဟူးနေ့တွင်သွားရောက်မည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်လည်း ထိုအစည်းအဝေးကို တက်ရောက်မည်ဖြစ် ကြောင်း သူက အတည်ပြုပြောကြားသွားခဲ့ပါသည်။

တနလာင်္နေ့တွင်ကျင်းပခဲ့သည့် အာဆီယံအစည်းအဝေးအပြီးတွင် အကူအညီပေးရေးအုပ်စုများအကြား၌ အကောင်းမြင်အယူအဆများ ပိုမိုရှိလာ ခဲ့သော်လည်း ထိုင်းနိုင်ငံရှိ မြန်မာသတင်းစာဆရာတဦးကမူ မုန်တိုင်းဒဏ်ခံဒုက္ခသည်များထံ အကူအညီများရောက်ရှိရေးအတွက် ဤမျှအချိန် ကြာမြင့်ခဲ့ခြင်းအတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ရှက်စရာပင်ဖြစ်သည်ဟု သူ့အမြင်ကို ထုတ်ဖေါ်ပြောကြားသွားခဲ့ပါသည်။

"အစည်းအဝေးရဲ့စိတ်ကူးကတော့ ကောင်းပါတယ်။ ဒါပေမဲ့ အခုလိုအကူအညီမရလို့ မြန်မာပြည်ထဲကလူတွေ မိနစ်နဲ့အမျှသေနေရတဲ့အချိန်မှာ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ကွန်ဖရင့်တွေ၊ အစည်းအဝေးတွေလုပ်နေရတာကိုက ရှက်စရာကောင်းပါတယ်" ဟု မြန်မာမီဒီယာအဖွဲ့ (BMA) ၏ အတွင်းရေးမှူးနှင့် သတင်းစာဆရာတဦးဖြစ်သူ ဦးစံမိုးဝေက ပြောကြားသွားပါသည်။


ဘန်ကီမွန်း မြန်မာပြည် သွားမည်

နေသွင်
တနင်္လာနေ့၊ မေလ 19 2008 20:46 - မြန်မာစံတော်ချိန်





ချင်းမိုင်။ ။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းသည် လာမည့် ဗုဒ္ဓဟူးနေ့တွင် မြန်မာနိုင်ငံသို့ ၃ ရက်တာ ခရီးသွားရောက်မည်ဟု သူ၏ ပြောခွင့်ရသူ Michele Montas က ယနေ့ ကြေညာသည်။

မစ္စတာ ဘန်ကီမွန်းက သူ၏ ခရီးစဉ်အတွင်း ထိပ်တန်း မြန်မာ စစ်ခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဟု ဆိုထားသော်လည်း လွန်ခဲ့သော ရက်ပိုင်းက သူ၏ ဖုန်းခေါ်ဆိုမှုနှင့် ပေးစာအပေါ် တစုံတရာ တုံ့ပြန်မှု မပြုခဲ့သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့် ရ၊ မရကိုမူ မသိရသေးပါ။

“ကျနော်တို့ အနေနဲ့ ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး နအဖ ဆီကနေ အကောင်းဆုံး တုံ့ပြန်မှုတွေ ရလာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်” World Food Program ကမ္ဘာ့စားနပ် ရိက္ခာအဖွဲ့ကြီး၏ ထိုင်းနိုင်ငံရုံးခွဲမှ ပြောခွင့်ရပုဂ္ဂိုလ် Mr. Marcus Prior က မဇ္ဈိမကို ပြောသည်။

မြန်မာ လေဘေးဒုက္ခသည်များအတွက် အကူအညီပေးနေသည့် အစိုးရ မဟုတ်သော အဖွဲ့အစည်း World Vision ၏ ထိုင်းနိုင်ငံရုံးခွဲ ပြောခွင့်ရပုဂ္ဂိုလ် Mr. James East ကလည်း “သူတို့ ဒီခရီးစဉ် နောက်ပိုင်းမှာ အရင်ကထက် ပိုပြီး တိုးလုပ်လာနိုင်တာတွေ ရှိလာမယ်လို့ မျှော်လင့်မိပါတယ်။ ဥပမာ လေဘေး ကယ်ဆယ်ရေး လုပ်သားတွေကို ဧရာဝတီတိုင်းထဲအထိ ဝင်ရောက်ခွင့်တွေ ရလာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်” ဟု ပြောသည်။

ယမန်နေ့ကလည်း မစ္စတာ ဘန်ကီမွန်း၏ အထူး သံတမန်ဖြစ်သူ လူသားချင်းဆိုင်ရာ အရေးပေါ် ကယ်ဆယ်ရေးဌာန အကြီးအကဲ Mr. Holmes ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး ယနေ့ နံနက်တွင် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှ မုန်တိုင်းဒဏ် အဆိုးဆုံးခံရသည့် ဒေသများသို့ သွားရောက် လေ့လာပြီးအပြန် ရန်ကုန်ရှိ ကုလသမဂ္ဂနှင့် နိုင်ငံခြားသံတမန်များနှင့် တွေ့ဆုံရန် ရှိသည်ဟု ရန်ကုန်မှ လာသော သတင်းများက ဆိုသည်။

Mr. Holmes သည် မစ္စတာ ဘန်ကီမွန်းထံမှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ လိပ်မူထားသော တတိယမြောက် ပေးစာတစောင်နှင့်အတူ တနင်္ဂနွေနေ့က ရန်ကုန်မြို့သို့ ရောက်ရှိနေခြင်း ဖြစ်သည်။

ကုလ အထွေထွေ အတွင်းရေးမှူးချုပ်နှင့် သူ၏ သံတမန်တို့ ကိုယ်တိုင် လာရောက်သဖြင့် နအဖ အနေနှင့် မလွှဲမရှောင်သာ အနည်းငယ် အလျှော့ပေးရမည့် အခြေအနေ ရှိလာနိုင်သော်လည်း ကမ္ဘာ့ပြည်သူများ မျှော်လင့်ထားသည့် အခြေအနေအထိ ဖြစ်လာလိမ့်မည်ဟု ယူဆ၍ မရနိုင်ကြောင်း ရန်ကုန်ရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းတခုမှ အမည်မဖော်လိုသူ အရာရှိတဦးက ပြောသည်။

“ဘန်ကီမွန်းကိုယ်တိုင် လာမယ်ဆိုရင်တော့ တကမ္ဘာလုံးရဲ့ အာရုံစူးစိုက်ခြင်းကို ခံရတာမို့ မလွှဲမရှောင်သာ တချို့ဟာလေးတွေကို လိုက်လျောလာလိမ့်မယ်လို့ မြင်မိပါတယ်။ ဘာမှ မလုပ်နိုင်တာထက် စာရင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကို အားနာပြီး မလွှဲမရှောင်သာ အထိုက်အလျောက် လိုက်လျောတာလေးတွေက ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် အထိုက်အလျောက် အသက်ရှူချောင်မယ်လို့ ကျနော် မျှော်လင့်ပါတယ်” ဟု သူက ပြောသည်။

ဧရာဝတီတိုင်း လပွတ္တာမြို့၌ ဒုက္ခသည် ကယ်ဆယ်ရေး လုပ်ဆောင်နေသူ လပွတ္တာအမတ် ဒေါက်တာ အေးကြူကလည်း “ကျနော်ကတော့ ဒီခရီးစဉ်ကနေ ရလဒ်ကောင်းတွေ ရလာမယ်လို့ မြင်မိပါတယ်။ ရလာပါစေလို့လည်း မျှော်လင့်ပါတယ်။ ပုဂ္ဂလိက ကူညီ ကယ်ဆယ်မှုတွေ ဆိုတာ ရေတိုပဲ။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အကူအညီတွေက ရေရှည်ပေးမှာ။ ဒါတွေလာမှ ဒုက္ခသည်တွေဟာ လူစဉ်မီမယ်၊ သူတို့ရဲ့ ရှေ့လုပ်ငန်းစဉ်တွေ လုပ်လို့ရမယ်၊ သူတို့ဘဝ ပြန်လည် ကောင်းမွန်လာမယ်” ဟု ပြောသည်။

တဖက်တွင် အာဆီယံနိုင်ငံ ခေါင်းဆောင်များကလည်း မြန်မာပြည်၏ အကျပ်အတည်း ဖြေရှင်းရေးနှင့် ပတ်သက်၍ ယနေ့တွင် စင်ကာပူနိုင်ငံ၌ အစည်းအဝေးတရပ် ကျင်းပကာ ဆွေးနွေး ညှိနှိုင်းသွားကြသည်။

အသင်းဝင် နိုင်ငံများ၏ ပြည်တွင်းရေး ဝင်မစွက်ဖက်ရေး မူဝါဒကို လက်ကိုင်ထားသော အာဆီယံ အသင်းကြီးက နအဖ စစ်အစိုးရအပေါ်သို့ ထူးခြားထိရောက်သည့် တွန်းအားပေးမှုများ ပေးလာလိမ့်မည်ဟူ၍ မမျှော်လင့်မိကြောင်းလည်း ရန်ကုန်ရှိ NGO အရာရှိက ဆက်ပြောသည်။

“အာဆီယံ ခေါင်းဆောင်တွေကတော့ သူတို့ တွန်းအားပေးနိုင်သလောက် အမြဲတမ်း တွန်းအားပေးနေမှာပါ။ အရင်ကလည်း တွေ့ဆုံ ဆွေးနွေးရေးအတွက် တွန်းအားပေးနေခဲ့တာပဲ။ သို့သော် သူတို့အနေနဲ့ အခုအချိန်လည်း ဥရောပနိုင်ငံတွေလို အင်နဲ့အားနဲ့ တွန်းပြီးပြောမှာ မဟုတ်ဘူး။ ကျနော့်အမြင်ကတော့ သူတို့က ဝတ်ကျေ တမ်းကျေလောက်ပဲ ပြောမှာပါ” ဟု သူက ပြောသည်။

ဤအတောအတွင်း အမေရိကန်အခြေစိုက် Save The Children အဖွဲ့က မုန်တိုင်းဒဏ်ခံရသော ဒေသတွင် ၅ နှစ်အောက် ကလေးငယ် ၃ သောင်းကျော်သည် အာဟာရ ပြတ်လတ်မှုများ ဖြစ်နေပြီး မကြာခင် အသက် သေဆုံးနိုင်ဖွယ် ရှိသည်ဟု သတိပေးထားသည်။

နိုင်ငံတကာမှ ဝေဖန်မှုများ ပြင်းထန်လာချိန် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် ယမန်နေ့က ရန်ကုန်မြို့နယ်အတွင်းရှိ မုန်တိုင်းသင့် ဒေသများသို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့ကာ လေ့လာခဲ့သည်။

ရန်ကုန်ရှိ ကုလသမဂ္ဂနှင့် နိုင်ငံခြားသံတမန် ၆ဝ ကိုလည်း နအဖ စစ်အစိုးရက မုန်တိုင်းဒဏ်ထိ ဧရာဝတီတိုင်းအတွင်း ဒေသအချို့သို့ တနင်္ဂနွေနေ့က လေယာဉ်ဖြင့် ပို့ဆောင် ပြသပေးခဲ့သေးရာ ယခုလုပ်ရပ်အပေါ် အကောင်းမြင်သူများလည်း ရှိသလို သံသယ ရှိနေသူများလည်း ရှိနေသည်။

ခရီးစဉ်တွင် လိုက်ပါသွားသူ အမေရိကန်သံရုံး ယာယီအတွင်းဝန် Shari Villarosa က “သူတို့ ပြချင်တာကို ပြကောင်းရုံ သွားပြတဲ့ သဘောပါ” ဟု ဆိုသည်။

ကုလသမဂ္ဂလက်ထောက် အထွေထွေ အတွင်းရေးမှူးဟောင်းလည်း ဖြစ်ပြီး အာရှ၊ အာဖရိကနှင့် ကုလသမဂ္ဂရေးရာ ဗြိတိသျှဝန်ကြီး Mark Malloch-Brown ကမူ “ဒီခရီးစဉ်က ကျနော်တို့တွေ လူသားချင်း စာနာစိတ် အပြည့်နဲ့ လာခဲ့တယ် ဆိုတာကို စစ်အစိုးရက လက်ခံသွားတဲ့ သဘောပါ။ နိုင်ငံရေး မဟုတ်ပါဘူး”ဟု ပြောသည်။

ဗြိတိသျှဝန်ကြီး Malloch-Brown သည် ၁၅ နှစ်တာ ကာလအတွင်း မြန်မာပြည်သို့ ပထမဆုံး ရောက်ရှိလာသော ဗြိတိသျှ ဝန်ကြီးဖြစ်ပြီး ဗြိတိသျှ ဝန်ကြီင်္းချုပ်ထံမှ ဗိုလ်ချုပ်မှူးကြီးထံသို့ ပေးစာ တစောင်ကို ယူဆောင်လာသူ ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ‘လူမဆန်သူ’ ဟု ဝေဖန်သော ဗြိတိသျှဝန်ကြီးချုပ် Gordon Brown က စာထဲတွင် ဆိုင်ကလုန်းဒဏ်ကြောင့် ဒုက္ခရောက်သူများကို ကယ်ဆယ်ရေးကို ဦးစားပေးပြီး နိုင်ငံရေး ကိစ္စများကို ဘေးဖယ်ထားရန် တိုက်တွန်းထားသည်။

အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်တို့သည် မြန်မာပြည်သို့ စစ်အစိုးရထံမှ ခွင့်ပြုချက် မရယူဘဲ မြန်မာပြည်သို့ လူသားချင်း စာနာသည့် အကူအညီများ ပေးပို့ရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှတဆင့် ကြိုးပမ်းနေသော နိုင်ငံများ ဖြစ်သည်။

ယခုအခါ အမေရိကန်နှင့် ပြင်သစ်မှ ကယ်ဆယ်ရေး ပစ္စည်းများ တင်ဆောင်ထားသော သဘောင်္များသည် မြန်မာ့ ရေပိုင်နက်နှင့် မလှမ်းမကမ်းတွင်း ဝင်ရောက် ကယ်ဆယ်ခွင့်ရရေးအတွက် အသင့်ရှိနေသည်။

မုန်တိုင်းဒဏ်ခံရပြီး ၂ ပတ်ကြာသည့် အချိန်တွင် ထုတ်ပြန်သော စစ်အစိုးရ၏ စာရင်းတွင် သေဆုံးသူ ၇၈ဝဝဝ ဦးနှင့် ပျောက်ဆုံးနေဆဲ ၅၆ဝဝဝ ဦးရှိသည်ဟု ဆိုသည်။

နိုင်ငံတကာ ကြက်ခြေအဖွဲ့၏ ကနဦး ခန့်မှန်းချက်အရ မုန်တိုင်းကြောင့် သေဆုံးသူ ၁၂၈ဝဝဝ ရှိနိုင်ပြီး ယခုအချိန်ထိ မုန်တိုင်းဒဏ်ကြောင့် အကူအညီ မဲ့နေသူ ၂ သန်းခွဲအနက် ၄ ပုံ ၁ ပုံသာ အကူအညီများ ရောက်ရှိသေးသည်ဟု ကုလသမဂ္ဂ အေဂျင်စီများက ဆိုသည်။

စစ်အစိုးရက ယခုအချိန်အထိ လေဘေး ဒုက္ခသည်များအတွက် အမေရိကန်ဒေါ်လာ ၂ သန်း သုံးစွဲပြီဟု သတင်းထုတ်ပြန်သည်။

ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ ကယ်ဆယ်ရေး ကျွမ်းကျင်သူများကို ဗီဇာ ပိတ်ပင်ထားချိန်တွင် အိန္ဒိယနှင့် ထိုင်းနိုင်ငံမှ ဆရာဝန်များနှင့် ကယ်ဆယ်ရေးဝန်ထမ်း ၈ဝ သည် ရန်ကုန်မြို့တွင် ရောက်ရှိနေကြသည်။


 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates