Friday, May 30, 2008

မုန်တိုင်းအကျိုးဆက် ကုန်ဈေးနှုန်းများ ဆက်လက်တက်

မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ မေလ 29 2008 20:37 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ မုန်တိုင်းအပြီး ရန်ကုန်တွင် ကုန်ဈေးနှုန်းများ ၂ ဆခန့် မြင့်တက်နေကာ ဆက်လက် မြင့်တက်ဖွယ် ရှိသည်ဟု စီးပွားရေး သမားများက ပြောဆိုသည်။

မေလ ၂ ရက်နေ့ နောက်ပိုင်း ရန်ကုန်တိုင်းအတွင်း စားသောက်ကုန် ဈေးနှုန်းများသည် ယခင်ထက် ၂ ဆ တက်ပြီး ယနေ့အချိန်ထိ ပြန်လည် ကျဆင်းခြင်း မရှိသေးဘဲ ဆက်လက် မြင့်တက်ဖွယ် ရှိနေခြင်း ဖြစ်သည်။

“ဆန်ဈေးကတော့ အခုတလော အရမ်းတက်လာတယ်။ တပြည်ကို ၁၇ဝဝ ကျပ် ဖြစ်သွားတယ်။ နှစ်တင်းအိတ် ဆိုရင် ၅ သောင်း ၄ ထောင် ရှိတယ်။ အနည်းဆုံး ၅ဝဝ လောက် တက်သွားတယ်။ ရိုးရိုးပေါ်ဆန်း အရင်တုန်းက တပြည်ကို ၈ဝဝ ၊ အခုပေါက်ဈေး ၁၆ဝဝ။ ဧည့်မထက အရင်တုန်းက ၆ဝဝ၊ အခု ၉ဝဝ။ ပဲဆီက အရင်တုန်းက ၄ဝဝဝ ၊ အခု ပေါက်ဈေး ၇ဝဝဝ။ စားအုန်းဆီက တဆယ်သား ၂၅ဝ၊ အခု ၄၂ဝ ဈေး” ဟု ရွှေပြည်သာ မြို့နယ်မှ ဒေသခံ အိမ်ရှင်မက ပြောသည်။

ကြက်သွန်နီ အညံ့စားသည် ယခင်က ကျပ် ၁ဝဝ ရှိရာမှ ယခုအခါ ၂၅ဝ အထိ ရှိသည်ဟု သူက ဆက်ပြောသည်။

ကြက်သွန်ပွဲစား တဦးကလည်း “မြစ်သား၊ မြင်းခြံ၊ ပခုက္ကူ၊ ပျော်ဘွယ်၊ တောင်တွင်းကြီးမှာ ထွက်တဲ့ ကြက်သွန်တွေက ၂၅ဝ မှာ ၅ဝဝ အထိ ရှိမယ်။ ကြက်သွန် အသေးကတော့ ၂ဝဝ မှာ ၃ဝဝ အကြား ရှိပါတယ်။ ပိဿာ ၂ဝဝ ဆိုရင် ပစ္စည်းအညံ ဖြစ်တယ်။ အခွံကျွတ်များမယ်။ ပခုက္ကူထွက် အသေး ၃ဝဝ နဲ့ ၃၂၅ အကြားမှာ ရှိတယ်။ ကျန်တဲ့ဟာ အထားမခံတဲ့ ဟာမျိုးဆိုရင် လတ်တလော သုံးမယ် ဆိုတဲ့ဟာဆိုရင် ၂၅ဝ နဲ့ ၂၇၅ ၊ ကြက်သွန်ဖြူ တပိဿာ ၂ဝဝဝ ပေါက်တယ်” ဟု ပြောဆိုသည်။

ဧရာဝတီနှင့် ပဲခူးတိုင်းအတွင်း မုန်တိုင်းနှင့် ရေဘေးကြောင့် ဆန်များ ပျက်စီး ဆုံးရှုံးရသဖြင့် ရန်ကုန်တိုင်းအတွင်း ဆန်တင်ပို့မှု အကြီးအကျယ် ကျဆင်းသွားသဖြင့် ဆန်ဈေးနှုန်း ဆက်လက် မြင့်တက်ဖွယ် ရှိသည်ဟု ဘုရင့်နောင် အမည်ရှိ ဆန်ပွဲရုံမှ ပွဲစားတဦးက ပြောသည်။

သူက “ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်း တင်ပို့ဆန်တွေဟာ မုန်တိုင်းကြောင့် ပျက်စီးသွားတယ်။ ဆန်တင်ပို့မှု နည်းပါးလာတဲ့အတွက် ဆန်ဈေး တက်လာနိုင်ဖွယ်ရာ ရှိတယ်” ဟု ပြောသည်။

ယခုအခါ ပုသိမ် ပေါ်ဆန်းမွှေး စူပါရှယ် (၂၄ ပြည်) တအိတ်လျှင် ကျပ် ၄၇ဝဝဝ၊ ပုသိမ်ပေါ်ဆန်း ရိုးရိုး ၄၁ဝဝဝ၊ ပုသိမ် ဒုတိယ အတန်းအစားမှ (အလတ်စား) ၃၉ဝဝဝ၊ ဆန်အညံ့ ၂၇ဝဝဝ ၊ ပဲဆီသန့်စစ်စစ် တပိဿာ ၇ဝဝဝ ၊ ပဲဆီ အလတ်စား တပိဿာ ၅၅ဝဝ ၊ စားအုန်းဆီ ၃၈ဝဝ၊ ဆားတပိဿာ ၁၂ဝဝ ရှိပြီး ယခင်ဈေးထက် နှစ်ဆနီးပါး တက်နေသည်ဟု ဆန်ပွဲရုံတခုက ပြောသည်။ ယခင်ဈေးထက် ၂ ဆခန့် တက်ခြင်းဖြစ်သည်။

အမည်မဖော်လိုသူ ငရုပ်ပွဲရုံတခုမှ စီးပွားရေး လုပ်ငန်းရှင်ကလည်း “ငရုပ်၊ ကြက်သွန်၊ ပဲအမျိုမျိုး လောလောဆယ် တက်လာဖို့ မရှိသေးပါဘူး။ အခြေအနေကိုတော့ တိတိကျကျ မပြောနိုင်ပေမယ့် အနည်းအကျဉ်း တက်လာနိုင်တယ်။ လမ်းပန်း ဆက်သွယ်ရေး အခက်အခဲ ရှိတယ်။ မိုးလည်း ကျနေတယ်။ ဒါကြောင့်ပါ” ဟု ပြောသည်။

သူက “ငရုပ်သီးတွေကတော့ မြစ်ဝကျွန်းပေါ်ဘက်က ထွက်တဲ့ ငရုပ်သီး ရှိတယ်၊ အညာက ထွက်တဲ့ ငရုပ်သီးတွေ ရှိတယ်။ ငရုပ်သီးက အစားစား ရှိတယ်။ မြစ်ဝကျွန်းပေါ် ဝါးခယ်မ၊ ရွှေလောင်း၊ အိမ်မဲတို့မှာ ထွက်တဲ့ ငရုပ်သီးခြောက် အရှည်တွေက တပိဿာ ၁၆ဝဝ နဲ့ ၁၈ဝဝ အထိ ရှိတယ်။ ပခုက္ကူ ထွက်တဲ့ ငရုပ်သီးမှာလည်း တပိဿာ ၁၈ဝဝ နဲ့ ၁၉ဝဝ ပေါက်တယ်။ ကျောက်ဆည်ဘက်က ထွက်တဲ့ မိုးထောင် တပိဿာ ၂ဝဝဝ မှာ ၂၁ဝဝ အထိရှိတယ်” ဟု ဆက်ပြောသည်။


လယ်သမား ဒုက္ခသည်များ လယ်ထဲပြန်ဝင်ရေး အခက်တွေ့

မောင်ဒီး၊ ဂျုံမန်း
ကြာသပတေးနေ့၊ မေလ 29 2008 20:31 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ လယ်ထွန်ရမည့်အချိန် ရောက်ပြီ ဖြစ်သော်လည်း မုန်တိုင်းဒဏ်ထိ ဧရာဝတီတိုင်းမှ လေဘေး ဒုက္ခသည်များမှာ စားဝတ်နေရေးကိုသာ ဦးစားပေး မျှော်လင့်နေရပြီး လယ်ထဲဆင်း ထွန်ရေးဝင်ဖို့ရန် အခက်အခဲများ ကြုံတွေ့နေသည်။

နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်း ဘိုကလေး၊ ဟိုင်းကြီးကျွန်း၊ ဒေးဒရဲ၊ လပွတ္တာမြို့တို့မှ လေဘေး ဒုက္ခသည်များမှာ နေရေးထိုင်ရေးနှင့် စားရေးတို့အတွက် အလှူရှင်များကိုသာ စောင့်မျှော် နေကြရသလို သူတို့၏ လယ်မြေများ ရေလွှမ်းကုန်ခြင်း၊ ကျွဲနွားများ သေကြေပျက်စီးခြင်း၊ မျိုးစပါး ပျက်စီးခြင်းတို့ကြောင့် လယ်ထွန် စပါးစိုက်ရန်အတွက်ပင် မစဉ်းစားနိုင်ကြသေးခြင်း ဖြစ်သည်။

“လယ်သမားတွေက သူတို့နေဖို့ စားဖို့တောင် မရှိတာ၊ ဘယ်လိုလုပ် လယ်ထွန်စပါးစိုက်ဖို့ ဖြစ်နိုင်မှာလဲ။ ဒီကြားထဲ အာဏာပိုင်တွေက မောင်းထုတ်လို့ နဂိုနားခိုတဲ့ နေရာတွေကနေ ထွက်ပေးနေရပြီး အခုဆိုနေစရာမဲ့ လမ်းဘေးမှာ အိပ်နေရတယ်” ဟု ဘိုကလေး ဒေသခံတဦးက ပြောသည်။

ဟိုင်းကြီးကျွန်းမှ ဒုက္ခသည်များမှာ လယ်ပြန်လုပ်ချင်စိတ် ရှိနေသော်လည်း မုန်တိုင်းကြောင့် နေအိမ်လည်း ပျက်စီး၊ ကျွဲနွားများ သေဆုံးကုန်ပြီး စားဝတ်နေရေးအတွက်လည်း ပူပန်နေရသဖြင့် စိတ်ကစဥ့်ကလျား ဖြစ်နေသည်ဟုလည်း ဟိုင်းကြီးကျွန်းသို့ ကွင်းဆင်းလေ့လာခဲ့သူ NGO ဝန်ထမ်းတဦးက ပြောသည်။

ဧရာဝတီတိုင်း ဒေးဒရဲနှင့် ရန်ကုန်တိုင်း ကွမ်းခြံကုန်းနှင့် ကော့မှူးမြို့နယ်များရှိ လယ်သမားများမှာလည်း ပြီးခဲ့သည့် တနင်္ဂနွေနေ့ကို နောက်ဆုံးထား လယ်ထွန်ရမည့်နေ့အဖြစ် သတ်မှတ်ထားသော်လည်း ယနေ့ထိ ထွန်ရေးဝင်နိုင်ခြင်း မရှိကြသေးဘဲ ရှိနေကြသည်ဟု သိရသည်။
“လယ်သမားတွေ လယ်စိုက်နေရတာ မမြင်ရသေးဘူး။ သူတို့ ဘယ်သူမှ မစိုက်နိုင်သေးဘူး။ ကျွဲနွား၊ မျိုးစပါးတွေလည်း ပျက်စီးကုန်ပြီ။ စက်တွေလည်း ရေဝင်သွားတော့ စက်တွေ ပြင်နေကြတုန်းပဲ ရှိသေးတယ်” ဟု ကယ်ဆယ်ရေး လုပ်သားတဦးက ပြောသည်။

မုန်တိုင်းနှင့်အတူ ပါလာသည့် ပင်လယ်ရေများကြောင့် ဧရာဝတီ၊ ရန်ကုန်တိုင်းနှင့် မွန်ပြည်နယ်တို့တွင် လယ်မြေဧက ၁ ဒဿမ ၃၇ သန်း ဆားငန်ရေလွှမ်းခဲ့ပြီး ကျွဲနွားပေါင်း ၂ သိန်း ၈ သောင်း သေဆုံးသည်ဟု အစိုးရက တရားဝင် ထုတ်ပြန်ထားသည်။

အစိုးရ အာဏာပိုင်များက ဧရာဝတီတိုင်းအတွင်းရှိ လပွတ္တာ၊ ဒေးဒရဲ၊ ဘိုကလေး စသည့် မြို့နယ်များတွင် ရွှေ့ပြောင်း ခိုလှုံနေရသည့် လေဘေးဒုက္ခသည်များကို သူတို့၏ နေရပ်များသို့ ပြန်ခိုင်းနေပြီး လယ်ထွန်စပါး စိုက်နိုင်ရန်အတွက် လက်တွန်းလယ်ထွန်စက်များ ပေးအပ် လှူဒါန်းထားသည်ဟု သတင်း ထုတ်ပြန်ထားသည်။

အစိုးရ၏ အစီအစဉ်ဖြင့် လပွတ္တာ၊ မော်လမြိုင်ကျွန်းနှင့် ဒေးဒရဲမြို့နယ်များရှိ လယ်သမားအချို့ လယ်ထွန်နေကြပြီ ဖြစ်သော်လည်း ဘိုကလေး၊ ဟိုင်းကြီး၊ ကွမ်းခြံကုန်း၊ ကော့မှူးမြို့နယ်များမှ လေဘေးဒုက္ခသည် လယ်သမားများမှာ ယနေ့ထိ အစိုးရ၏ ထိရောက်သည့် အကူအညီများ၊ လယ်မြေအပေါ် ကွင်းဆင်း လေ့လာမှုများ မတွေ့မမြင်ရသေးဘဲ ရှိနေကြသည်။

“လက်တွန်းလယ်ထွန်စက် အစီး ၈ ရာကျော် ပေးထားတယ်တဲ့။ တီဗီထဲမှာလည်း လက်တွန်း လယ်ထွန်စက်တွေ ကားကြီးနဲ့ ဧရာဝတီတိုင်းတွေကို သယ်သွားတာ တွေ့တာပဲ။ ဒါပေမယ့် ကျနော် ရွာထဲမှာတော့ မတွေ့သေးဘူး” ဟု ကွမ်းခြံကုန်းရောက် လေဘေး ကယ်ဆယ်ရေးသမားက ပြောသည်။

ဟိုင်းကြီးကျွန်း၊ ကွမ်းခြံကုန်းနှင့် ဒေးဒရဲတို့ရှိ လယ်သမားများမှာ မျိုးစပါးနှင့် ထွန်ရေး ကိရိယာ အစုံအလင် ရရှိလာပါက ထွန်ရေးဝင်ရန် အသင့်ရှိနေပြီး စိတ်ဒဏ်ရာများကို ကုစားနိုင်ရန် မျှော်လင့်နေကြသည်ဟု သိရသည်။

“ရေကျသွားလို့၊ စိုက်စရာ ပျိုးစရာတွေလည်း ရှိမယ်ဆိုရင် ပြန်စိုက်မှာပဲ။ ဒါကျနော့် အပြင်းပြဆုံး ဆန္ဒပဲ။ စီးပွားဖြစ် မဟုတ်တောင် လယ်ပြန်စိုက်ရန် စားဖို့ရမယ်၊ အလုပ်လုပ်နေရလို့ စိတ်ပိုင်းဆိုင်ရာ ပြန်လည် လန်းဆန်းလာမှာမို့ အလုပ် ပြန်လုပ်ချင်တယ်” ဟု ကော့မှူး လယ်သမားတဦးက ပြောသည်။

အာရှ၏ စပါးကျီအဖြစ် ကျော်ကြားခဲ့သည့် မြန်မာ့လယ်ယာမြေများမှာ နာဂစ်မုန်တိုင်းကြောင့် ပျက်စီးကုန်ပြီး ယခုနှစ် စပါးထွက်နှုန်း နည်းပါးလာနိုင်သည့် အခြေအနေများ ကြုံတွေ့နေရပြီဟု အများက ပြောဆိုနေကြသည်။


အလှူရှင်များ လွတ်လပ်စွာ လှူဒါန်းခွင့်ရဟု ပြောဆ

ဝိုင်းပီး
ကြာသပတေးနေ့၊ မေလ 29 2008 19:17 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ဧရာဝတီတိုင်းရှိ လေဘေးဒုက္ခသည်များထံ ယမန်နေ့က လွတ်လပ်စွာ တိုက်ရိုက် လှူဒါန်းခွင့် ပြုလိုက်ပြီဟု ကိုယ်တိုင် သွားရောက်ခဲ့သူ တဦးက ပြောဆိုသည်။

အလှူရှင်များ ကိုယ်တိုင် တိုက်ရိုက် လှူဒါန်းလိုသည့် မြို့နယ်၊ ကျေးရွာများသို့ စိတ်ချလက်ချ သွားရောက်ပေးလှူခွင့်ကို ယမန်နေ့က အမျိုးသား သဘာဝ ဘေးကာကွယ်ရေး ကော်မတီမှ ကြေညာချက် ထုတ်ပြန်ပြီး နောက်ပိုင်း သူက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“အခုကတော့ ဘယ်သွားချင်လဲ စာရင်းပေး၊ လူဘယ်လောက်ပါလဲ၊ ဒီလောက်ပဲ မေးတယ်။ တခြား အရင်လို ဘာမှ ကောက်ခံတာမျိုး မရှိတော့ဘူး” ဟု ဒေးဒရဲနှင့် ဖျာပုံသို့ သွားရောက်ခဲ့သူ အလှူရှင်က ပြောသည်။

အလှူရှင် အချို့၏ ကားအစီး ၇ဝ ကျော်ကို ယခုလ ၂၅ ရက်နေ့က မော်တော်ယာဉ် ဥပဒေပုဒ်မ ကျူးလွန်မှုနှင့် တားဆီး ထိန်းသိမ်းကာ ဒဏ်ငွေ ရိုက်ခဲ့ပြီး နောက်တရက်တွင် အမျိုးသား သဘာဝ ကာကွယ်ရေး ကော်မတီမှ ထုတ်ပြန် ကြေညာချက်ကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ယခုလို ခွင့်ပြုလိုက်ခြင်းသည် အဆိုပါ လုပ်ရပ် ပြင်းထန်သွားသည့်အပေါ် အလှူရှင်များကို ပြန်လည် ချွေးသိပ်သည့် သဘော ဖြစ်နိုင်ကြောင်း အလှူရှင် တဦးကလည်း ပြောသည်။

“အလှူအတန်းကို တင်းတင်းရင်းရင်း လုပ်လို့ ရသွားတော့၊ စိတ်ချမ်းသာတယ်။ နို့မို့ဆို ဘယ်လိုများ နှောင့်ယှက်မလဲ စိုးရိမ်နေရတာ” ဟု သူက ပြောသည်။

လေဘေး ကယ်ဆယ်ရေး အလှုရှင်အချို့က ယခုလို လွတ်လပ်စွာ သွားခွင့် ပြုလိုက်သည်ကို ဝမ်းသာကြသော်လည်း တဖက်လှည့်နှင့် တစုံတရာ အကျပ်ကိုင်မည်ကိုလည်း စိုးရိမ်နေသည်ဟု အလှူရှင်တဦးက ပြောသည်။

ဧရာဝတီတိုင်းအတွင်း သွားရောက်ကြသည့် အလှူရှင် အများပြားက ဒုက္ခသည်များထံ ကားများပေါ်မှ ပစ္စည်းများကို ပေးကမ်းသည့်အတွက် ယာဉ်ကြော ပိတ်ဆို့ခဲ့ပုံများကို မှတ်တမ်းတင်ကာ ရန်ကုန်အဝင်တွင် ကားကို ဖမ်းဆီးကာ ရန်ကုန်မြို့ လမ်း ၅ဝ ရှိ မော်တော်ယာဉ် ဌာနတွင် ကျပ် ၁ သောင်း ဒဏ်ရိုက်ကာ ကားမောင်းသမားများကို ဝန်ခံကတိ လက်မှတ် ထိုးခိုင်းခဲ့သေးသည်။


လမ်းများပေါ်သို့ ပစ္စည်းများ ပစ်ချလှူဒါန်းမှုများ ရပ်နား

မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ မေလ 29 2008 10:59 - မြန်မာစံတော်ချိန်

ရန်ကုန်။ ။ လေဘေးသင့်ဒေသများရှိရာ ဧရာဝတီတိုင်းသို့သွားရာ လမ်းများတလျှောက် အတိဒုက္ခရောက်နေသော ပြည်သူများနှင့်ကလေး များသို့ ခရီးသွားများ၊ အလှူရှင်များက ကားပေါ်မှ ပစ္စည်းပစ်ချ လှူဒါန်းမှုများ မရှိတော့ကြောင်း သိရသည်။

လှူမည်ဆိုပါက ကားများကို လမ်းဘေးသို့ချရပ်နားပြီး နီးစပ်ရာသူများကို လှူနေကြသည်။

ယခင်အပတ်မှစ၍ သက်ဆိုင်ရာမှ လမ်းများပေါ်သို့ပစ္စည်းများ ပစ်ချခွင့်နှင့် လမ်းဘေးဝဲယာမှ တောင်းရမ်းနေမှုများ မလုပ်ကြရန် ညွှန်ကြားထား ခဲ့ခြင်းကြောင့် ယခုလို ဖြစ်ဖွယ်ရှိသည်ဟု မျက်မြင်တဦးက ပြောသည်။

ထိုသို့သော ကားပေါ်မှ ပစ်ချပေးသည့် လုပ်ရပ်များကြောင့် စာရိတ္တပျက်ပြားစေနိုင်ပြီး ကလေးများကို တောင်းရမ်းစားသောက်လျှင် ရနိုင်သည်ဆို သော စိတ်များ ၀င်ရောက်နိုင်ခြင်းကြောင့် ယခုလို လုပ်ရသည်ဖြစ်ကြောင်းနှင့် အလှူရှင်များ ထိုသို့ ဆက်လက်ပြုလုပ်ပါက ကားများဖြင့် ကလေး များကို ၀င်ရောက်တိုက်မိနိုင်သလို အများအမြင် မတင့်တယ်ခြင်းများ ဖြစ်စေပြီး အစိုးရကို သိက္ခာကျစေသည်ဟု သက်ဆိုင်ရာ အာဏာပိုင်များက ပြောဆိုခဲ့သည်။

လမ်းဘေး ၀ဲယာမှ လေဘေးသင့် ပြည်သူများက ယင်းတို့အတွက် ထိရောက်သော ထောက်ပံ့မှုများမရ၍ ထိုသို့ တောင်းရမ်းနေရတာဖြစ်ပြီး လက်ရှိတွင် မျိုးစပါးမရှိခြင်း၊ နေထိုင်စရာ မရှိခြင်း၊ စားသောက်စရာမရှိခြင်း စသည့် ဆုံးရှုံးမှုများရှိနေခြင်းကြောင့် လမ်းမအနီး လာရောက်နေ ထိုင်ရကာ လယ်ယာအလုပ်များ ပြန်လည် လုပ်ကိုင်ကြောင်း ပြောဆိုကြသည်။

ထို့အပြင် အစိုးရက နေ့စဉ်စားသောက်မှုကို တာဝန်ယူထောက်ပံ့ပေးမည် ဆိုပါက တောင်းရမ်းနေမှာ မဟုတ်ကြောင်းလည်း ပြောဆိုကြသည်။

ယခုထက်ထိ ထောက်ပံ့မှုဆို၍ ဆန် ၂ ပြည်ပင်မရသေးကြောင်းနှင့် တန်ဖိုးကြီးပစ္စည်းဆို၍ တချို့တလေသာ ရရှိသည့် တာလပတ်သာဖြစ်ကြောင်း သိရသည်။

ယနေ့တွင် လူတဦးလျှင် ဆန်နို့ဆီဗူးတဗူး ဝေငှကြောင်း ဘိုကလေး - ဖျာပုံလမ်းမပေါ်ရှိ နေရာအချို့က ပြောသည်။

ယခင်က အစားအစာများ၊ အ၀တ်အထည်များ၊ ပိုက်ဆံများ ပစ်ချလှူဒါန်းခဲ့ကြရာ လမ်းတလျှောက် ထောင်ချီရှိသော ကလေး - လူကြီးများမှာ လိုက်လံကောက်ယူကြပြီး ယခုတွင်မူ လမ်းဘေးတလျှောက် မျှော်လင့်ချက်ကိုယ်စီဖြင့် ထိုင်နေသောလူတန်းကြီးသာ တွေ့မြင်ရသည်ဟု ပြန်လာ သော အလှူရှင်တဦးက ပြောသည်။


ရန်ကုန်တိုင်းမှ ဧရာဝတီသို့ ထွက်ခွာသော အလှူကားများ ဆက်လက်ဖွင့်ထား

မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ မေလ 28 2008 21:24 - မြန်မာစံတော်ချိန်

ရန်ကုန်။ ။ ဧရာဝတီတိုင်းဘက်သို့ သွားရောက်မည့် လေဘေး အလှူရှင်များ၏ ကားများကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အာဏာပိုင်များက တားဆီးခြင်း၊ အပြန်ကားများကို ယာယီ ထိန်းသိမ်းမှုများ ဖြစ်ပွားခဲ့ပြီးနောက် ၂၆ ရက်နေ့ညမှ စတင်ပြီး ကားများကို တားဆီးခြင်း မပြုတော့ပါ။

၂၆ ရက်နေ့တွင် ဖျာပုံမှ ပြန်လာသော အလှူရှင်ကားများ၊ ၂၇ ရက်နေ့တွင် သွားရောက်သော ကားသမားများ အဆိုအရ ဧရာဝတီတိုင်းသို့ သွားရောက်မည့် ကားများကို အလှူပေးရန် သွားလိုက ကားနံပါတ်နှင့် ယဉ်မောင်း အမည်ကို ပြောခဲ့ရပြီး မည်သည့် မြို့နယ်သို့ သွားရောက်မည် ဖြစ်ကြောင်းကိုပါ အသိပေးခဲ့ရသည်။

အလှူပစ္စည်း မပါသော ကားများအနေဖြင့် လွတ်လပ်စွာ သွားလာနိုင်သည်။

ထိုသို့ စာရင်း ကောက်ယူရခြင်း အကြောင်းအရင်းကို အရာရှိတဦးက “ကျနော်တို့ အနေနဲ့က တာဝန်အရ လုပ်ရတာ ဖြစ်ပါတယ်။ စာရင်း ကောက်တာက အလှူရှင်တွေ ဘယ်လောက်၊ ဘယ်ဒေသကို သွားရောက်တယ် ဆိုတာ သိရအောင်နဲ့ လိုအပ်တဲ့ အကူအညီတွေကို သက်ဆိုင်ရာက ကူညီလို့ ရတာရှိရင် ကူညီရအောင်ပါ။ နိုင်ငံခြားသားတွေ သွားမယ်ဆိုရင်တော့ တရားဝင် သွားရောက်ခွင့် ပြုတဲ့ စာရွက်စာတမ်း တခုခု ပါလာရင် လွတ်လပ်စွာ သွားရောက်နိုင်ပါတယ်” ဟု ပြောသည်။

လှိုင်သာယာဘက်မှတဆင့် တွံတေး၊ ဒေးဒရဲဘက်က သွားသူများ အနေဖြင့် ပန်းလှိုင်တံတား ဂိတ်တခုတည်းသာ စစ်ဆေးမှုရှိပြီး၊ ညောင်တုန်း-မအူပင် လမ်းများမှ သွားရောက်ပါက လှိုင်သာယာ တိုးဂိတ် အကျော်တွင်သာ စစ်ဆေးသည်။

ယနေ့နံနက်တွင် ဖျာပုံမှ ပြန်လာသော အလှူရှင်တဦး အဆိုအရ အပြန်ကားများကို မည်သည့် ဂိတ်ကမှ စစ်ဆေးမှု မရှိကြောင်း သိရသည်။

လှိုင်သာယာ တံတားထိပ်မှ စစ်ဆေးမှုများ ပြုလုပ်ကာ အလှူရှင်ကားများကို ပြန်ခိုင်းသည်ဆိုသော သတင်းများနှင့် အပြန်ကားများကို ဖမ်းဆီး စစ်ဆေးခြင်းများ ရှိခဲ့သဖြင့် ဘိုကလေး၊ လပွတ္တာ၊ ဖျာပုံနှင့် လေဘေးသင့် ပြည်သူများ အများအပြားရှိရာ ဒေသများသို့ ကူညီလိုသော ပြည်တွင်းမှ အလှူရှင်များ အနေဖြင့် မသွားရောက်ဝံ့ဘဲ စောင့်ဆိုင်းနေခဲ့ရသည်။ ထို့အတွက် အခက်အခဲ ကြုံနေရသော ဒုက္ခသည်များ အနေဖြင့် အလွန်ပင် ပိုမိုသော ဒုက္ခများကို ဆက်လက် ခံစားရဖွယ် ရှိနေသည်။

ယခုရက်ပိုင်းအတွင်း ဘိုကလေးဘက်သို့ ဖျာပုံမှတဆင့် ၀င်ရောက်လာသော အလှူရှင်ကားများ လုံးဝနီးပါး အသွားအလာ ရပ်ဆိုင်းခဲ့ကြောင်း ဘိုကလေးမြို့ခံ တဦးက ပြောသည်။


ဒုက္ခသည်အလှူအပေါ် မယက မှ ခွဲတမ်း ကောက်နေ

ဝိုင်းပီး
ဗုဒ္ဓဟူးနေ့၊ မေလ 28 2008 21:15 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ နအဖ ဝန်ကြီးချုပ်မှ ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် အမျိုးသား သဘာဝ ကာကွယ်ရေး ဗဟိုကော်မတီ အမည်သုံးကာ ဒေးဒရဲမြို့နယ် အတွင်းရှိ မြို့နယ် မယကရုံးများသည် လေဘေး အလှူရှင်များထံမှ အလှူငွေနှင့် ပစ္စည်းများ၏ ၂၅ ရာခိုင်နှုန်းကို အချိုးကျ တောင်းယူနေသည်။

ယမန်နေ့က ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်သို့ သွားရောက် လှူဒါန်းခဲ့သည့် INGO အဖွဲ့မှ အလှူရှင်များကို မြို့အဝင်ဝဂိတ်မှ ရဲများက တားဆီးပြီးနောက် အလှူပမာဏာ၏ ၄ ပုံ ၁ ပုံ ကို မယက ရုံးက ကောက်ခံလိုက်ခြင်း ဖြစ်သည်။

“ဝေးလံခေါင်းပါးတဲ့ နေရာတွေ၊ အလှူမရနိုင်တဲ့ ဒုက္ခသည်တွေဆီကို မယက အနေနဲ့ ပြန်ဖြန့်ဝေပေးသွားမှာ ဖြစ်တယ်လို့ ပြောပြီး ယူတာပါ” ဟု လေဘေး ကယ်ဆယ်ရေး လုပ်ဆောင်နေသူ တဦးက ပြောသည်။

မေလ ၃ ရက်နေ့မှစတင်ကာ အမျိုးသား သဘာဝ ကာကွယ်ရေး ဗဟိုကော်မတီကို နအဖ ဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းစိန် ဦးဆောင်ဖွဲ့စည်းကာ လေဘေးဒုက္ခသည်များ ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်နေသည်ဟု အစိုးရပိုင် သတင်းစာများတွင် ဖော်ပြနေပြီး နယ်မြို့များရှိ မယက ရုံးများက အဆိုပါ ကော်မတီ နာမည်သုံးကာ အလှူရှင်များထံမှ ရာခိုင်နှုန်းအလိုက် အချိုးကျ တောင်းယူနေခြင်း ဖြစ်သည်။

ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် အလှူရှင်များကို တဦးချင်းသော်လည်းကောင်း၊ အစုလိုက် သော်လည်းကောင်း သွားရောက်လိုသည့် နေရာဒေသသို့ စနစ်တကျသွားရောက် လှူဒါန်းခွင့်ပြုပြီး အကူအညီလိုပါကာ ကော်မတီမှ လိုက်လံ ကူညီမည်ဟု ဖော်ပြထားသည်။

အမျိုးသား သဘာဝကာကွယ်ရေး ကော်မတီက ဧရာဝတီတိုင်း ဘိုကလေး၊ ဖျာပုံ၊ လပွတ္တာ၊ ဒေးဒရဲနှင့် ကွမ်းခြံကုန်းမြို့နယ်တွင် တမြို့နယ်လျှင် ဝန်ကြီး တဦးကျ အထက်မှ ချုပ်ကိုင်ကာ ကော်မတီ၏ လုပ်ဆောင်ချက်များအဖြစ် မယကရုံးများမှတဆင့် ကိုင်တွယ် လုပ်ဆောင်နေပြီး အလှူရှင်များထံမှ ရာခိုင်နှုန်းအလိုက် ရရှိသည့် ငွေနှင့် ပစ္စည်းများကို လေဘေးဒုက္ခသည်များထံသို့ အနည်းငယ်သာ ပြန်လည် မျှဝေနေသည်။

ဒေးဒရဲမြို့နယ် မယကရုံးသည် စေတနာရှင်များထံမှ အတင်းအဓမ္မ ကောက်ယူထားသည့် ငွေနှင့် ပစ္စည်း များစွာ ရှိနေသော်လည်း ဒုက္ခသည်များကို ဆန်နို့ဆီဗူး ၂ ဗူးသာ ဝေပေးနေသည်ဟု ဒေသခံများက ဆိုသည်။

အိမ်ရှင်မ မရှိတော့သည့် ကလေး ၃ ဦး၏ ဖခင်ဖြစ်သူက “ကျနော်က ဒီကလေးတွေကို မကျွေးနိုင်တော့ဘူး၊ ကလေးတွေကို သတ်ပစ်ဖို့ပဲ ရှိတော့တယ်လို့ သွားပြောမှ မယက က ဆန် ၁ဝ ပြည် ပေးလိုက်တယ်” ဟု ပြောသည်။


ဒုက္ခသည် ကယ်ဆယ်ရေး ကာလအတွင်း နိုင်ငံရေး အကျဉ်းသားများ ပိုမိုနှိပ်စက်ခံရ

မောင်ဒီး
ဗုဒ္ဓဟူးနေ့၊ မေလ 28 2008 21:11 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ နာဂစ်နောက်ပိုင်း ကယ်ဆယ်ရေးကို နိုင်ငံတကာက ပိုမို အာရုံစိုက်နေချိန်တွင် အခြားတဖက်၌ အကျဉ်းထောင်ထဲရှိ အမေ့ခံ နိုင်ငံရေး အကျဉ်းသားများမှာ ထောင်အာဏာပိုင်များ၏ ညှဉ်းပမ်းနှိပ်စက်မှုများ ပိုခံလာကြရသည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) - အေအေပီပီက ဆိုသည်။

နာဂစ်မုန်တိုင်းဒဏ်ခံ ပြည်သူများအတွက် ကယ်ဆယ်ရေး လုပ်ငန်းများကိုသာ အာရုံထားနေချိန် အင်းစိန်ထောင်တွင်းရှိ နိုင်ငံရေး အကျဉ်းသားများမှာ မတရား ရိုက်နှက်ခံရခြင်း၊ လမ်းလျှောက်ခွင့်နှင့် ထောင်ဝင်စာ ပိတ်ပင်ခံရခြင်းများ ခံနေရသည်ဟု ယမန်နေ့က ထုတ်ဖော် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“နာဂစ်ဖြစ်ပြီးနောက်ပိုင်း နိုင်ငံတကာ အဝန်းအဝိုင်းက အဖွဲ့အစည်းတွေ၊ အစိုးရတွေက ကယ်ဆယ်ရေးဘက်ကိုပဲ အာရုံထားပြီးတော့ နိုင်ငံရေး အကျဉ်းသားတွေဘက်ကို အာရုံပြုမှု နည်းလာတဲ့အတွက်ကြောင့် သူတို့မှာ ထောင်အာဏာပိုင်တွေရဲ့ နှိပ်စက်မှုတွေကို ပိုခံနေရပါတယ်” ဟု ထိုင်းအခြေစိုက် အေအေပီပီ အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာပြည်သို့ လာရောက်စဉ် နိုင်ငံရေး အကျဉ်းသားများနှင့် ပတ်သက်၍ တစုံတရာ ပြောဆိုခဲ့ခြင်း မရှိသည်မှာလည်း နိုင်ငံရေး အကျဉ်းသားများ အရေးကို အလေးမထားသည့် သဘောသက်ရောက်ခဲ့သည်ဟု သူက ပြောသည်။

“ဒါက နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်ပြီး အလေးမထားတဲ့ သဘော သက်ရောက်သွားတယ်။ အဲဒီတော့ အာဏာပိုင်တွေက နိုင်ငံရေး အကျဉ်းသားတွေကို ကိုင်တွယ်မှုက ပိုပြင်းထန်လာတယ်။ နှိပ်စက် ညှဉ်းပမ်းမှုက ပိုများလာတယ်” ဟု ဦးတိတ်နိုင်က ပြောသည်။

အေအေပီပီ၏ သတင်းထုတ်ပြန်ချက်တွင် ယခုလ ၁ဝ ရက်နေ့က အင်းစိန်ထောင် အဆောင် ၅ ရှိ နိုင်ငံရေးအကျဉ်းသား ဦးတင်မြ၊ ဦးမြင့်ထွန်း၊ ကိုသန့်ဇော်၊ ဦးကျော်၊ အရှင်ဓမ္မိက (ခ) ဦးထွန်းထွန်းတို့ကို ထောင်အာဏာပိုင်များက အလုပ်ခိုင်းရာ ငြင်းဆန်သဖြင့်ဟု ဆိုကာ ခေါင်းစွပ် စွပ်ကာ ရိုက်နှက်ခဲ့ပြီး ၁ဝ ရက်တိတိ ခြေကျင်းခတ်ကာ တိုက်ပိတ်ခဲ့သည်ဟု ဖော်ပြထားသည်။

ယခုလ ၃ ရက်နေ့ နံနက်က အင်းစိန်ထောင်၌ မီးလောင်မှု ဖြစ်ပြီးနောက်ပိုင်း အာဏာပိုင်များက သာမန် အကျဉ်းသားများနှင့်အတူ နိုင်ငံရေးသမားများကို ပိုမို တင်းကျပ်စွာ ချုပ်ချယ်လာသည်ဟု သိရသည်။

“အထဲမှာ တော်တော်လေး အခြေအနေ ဆိုးနေတယ်။ မုန်တိုင်းဖြစ်တဲ့ည ထောင်မီးလောင်တဲ့ ကိစ္စနောက်ပိုင်း ဆေးလိပ်သောက်တာ မိတဲ့ ဘယ်သူမဆို ၆ လ ပြစ်ဒဏ်တိုးမယ်၊ ၃ လ ထောင်ဝင်စာ ပိတ်မယ်ဆိုတာတွေ ဖြစ်လာတယ်” ဟု NLD လူငယ်သတင်းနှင့် ပြန်ကြားရေး အဖွဲ့ဝင်တဦးက ပြောသည်။

အင်းစိန်ထောင် အဆောင် ၁ မီးလောင်မှုတွင် အာဏာပိုင်များ၏ ပစ်ခတ်မှုကြောင့် အကျဉ်းသား ၃၆ ဦး သေခဲ့ပြီး နိုင်ငံရေး အကျဉ်းသား ကိုအုန်းကျော်မှာလည်း ထောင်ဖောက်ရန် ကြိုးစားမှုဖြင့် အာဏာပိုင်များက စစ်ဆေးစဉ် သေဆုံးသွားခဲ့သည်။

အင်းစိန်ထောင်အတွင်းရှိ အမျိုးသမီးဆောင် အတွင်း၌လည်း သောက်သုံးရေ မသန့်ရှင်းမှုကြောင့် အရေပြားဆိုင်ရာ ရောဂါများနှင့် အခြား ရောဂါများ ပြန့်ပွားနေပြီး အမျိုးသမီး နိုင်ငံရေး အကျဉ်းသားများမှာ အာဏာပိုင်များ၏ စနစ်တကျ ဆေးဝါးကုသမှုကို မခံရဘဲ ကျန်းမာရေး အခြေအနေ ဆိုးနေသည်ဟု အေအေပီပီက ပြောထားသည်။

စစ်ကိုင်းတိုင်း ခန္တီးထောင်တွင် ထောင်ဒဏ် အနှစ် ၂ဝ တဖြစ်လဲ ထောင်ဒဏ် တသက်တကျွန်း ကျခံနေရသူ ဦးအုန်းသန်းမှာလည်း အကြောင်းပြချက် မရှိဘဲ တိုက်ပိတ်ခံနေရစဉ် ငှက်ဖျားပိုး ဦးနှောက်ထဲသို့ ဝင်ရောက်သွားသဖြင့် အသက်အန္တရာယ် စိုးရိမ်နေရသည့် အခြေအနေ ရှိနေသည်ဟု မဇ္ဈိမက သတင်း ရရှိထားသည်။

“ခန္တီးထောင်တို့၊ ကလေးထောင်တို့ ဆိုတာ တကယ့်ကို ရာသီဥတု ဆိုးဝါးပြီးတော့ ငှက်ဖျားရောဂါ ကူးစက်လွယ်တဲ့ နေရာတွေဖြစ်တယ်။ တစိမ်းတယောက် သွားမယ်ဆိုရင် ငှက်ဖျားရောဂါဖြစ်ဖို့ ရာခိုင်နှုန်း တော်တော်များတယ်။ အဲဒီ အခြေအနေမျိုးမှာ ဦးအုန်းသန်းကို အညိုးတကြီးနဲ့ ခန္တီးထောင်ကို ပြောင်းပေးတာဖြစ်တယ်” ဟု ဦးတိတ်နိုင်က ပြောသည်။

အကျဉ်းထောင် လက်စွဲဥပဒေအရ အကျဉ်းသားများကို ၎င်းတို့၏ နေရပ်များနှင့် အနီးဆုံးထောင်၌သာ ထားရမည်ဟု ဖော်ပြထားသော်လည်း အစိုးရက ဥပဒေကို ချိုးဖောက်ကာ ရန်ကုန်မှ နိုင်ငံရေး အကျဉ်းသားများကို ခန္တီးထောင်၊ မြစ်ကြီးနားထောင်၊ ပူတာအိုထောင် စသည်တို့ကို ပြောင်းရွှေ့ပေးခြင်းဖြင့် နိုင်ငံရေး အကျဉ်းသားများနှင့် ၎င်းတို့၏ မိသားစုကို နှိပ်စက်နေသည်ဟု အတိုက်အခံများကလည်း ဝေဖန်ကြသည်။

မြန်မာပြည်တဝှမ်းရှိ အကျဉ်းထောင်များတွင် အကျဉ်း ချခံနေရသည့် နိုင်ငံရေး အကျဉ်းသားပေါင်း ၁၉ဝဝ ကျော် ရှိနေသေးသည်ဟု အေအေပီပီ ၏ စာရင်းအရ သိရသည်။

၂ ရက်နေ့ညက တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်း နောက်ပိုင်း သိန်းနှင့်ချီသော ပြည်သူများ၏ အသက်ကို ကယ်ဆယ်ရန်အတွက် အာရုံစိုက် ကြိုးပမ်းနေသော ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့် အကျဉ်းထောင်များရှိ နိုင်ငံရေး အကျဉ်းသားများ၏ အခြေအနေကိုလည်း တစေ့တစောင်း အကဲခတ် စောင့်ကြည့်ပေးကြပါရန်လည်း အေအေပီပီက တောင်းဆိုထားသည်။


အဖွဲ့ချုပ်ဝင် ၃ဝ ခန့် ထပ်မံ ဖမ်းဆီးခံရ

ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ မေလ 28 2008 21:08 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ အန်အယ်ဒီ အဖွဲ့ဝင် ၃ဝ ခန့်ကို ယမန်နေ့ ညပိုင်းတွင် အာဏာပိုင်များက ဖမ်းဆီးခဲ့ပြန်သည်။

၁၈ နှစ်မြောက် ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့တွင် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ ပါတီရုံးချုပ်မှ လမ်းလျှောက် ချီတက်သွားသည့် ပါတီလူငယ် ၁၈ ဦးကို ယမန်နေ့ နေ့ခင်းပိုင်းတွင် ဖမ်းဆီးပြီးနောက် ညပိုင်းတွင်မူ လူဦးရေ ၃ဝ ခန့်ကို လိုက်လံ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

“မနေ့ညက ပြန်လာဆွဲတာ ဦးကြည်လွင် (တောင်ဒဂုံ) တယောက်ပဲ သိသေးတယ်။ သူက အဖွဲ့ဝင်ပါ။ မနေ့ ၁၈ ယောက် အပါအဝင် ၅ဝ ကျော် ရှိသွားပြီလို့ ပြောတယ်။ ကျနော့် အသိတယောက်က ကျနော်တို့ကို ပြောတယ်” ဟု အဖွဲ့ချုပ် လူငယ်ပြန်ကြားရေးမှ ကိုနိုင်ငံလင်းက မဇ္ဈိမကို ပြောသည်။

သူက မည်သည့် မြို့နယ်များက ပါတီများ ဖြစ်ကြောင်း အသေးစိတ် ပြောဆိုခြင်း မရှိဘဲ အတည်ပြုနိုင်ရန် ဆက်လက်၍ စုံစမ်းနေဆဲ ဖြစ်သည်ဟု ဆိုသည်။

“မနေ့ညက ရဲအထူးသတင်း တပ်ဖွဲ့ရယ်၊ နယ်မြေခံရဲရယ်၊ ရယက ရယ်က လာဖမ်းတာ။ ဦးကြည်လွင်ရဲ့ နေအိမ်မှာ လာဖမ်းတယ်၊ တောင်ဒဂုံမှာပါ” ဟု တောင်ဒဂုံ ရဲသတင်း ရပ်ကွက်တခုက ပြောသည်။

ကိုနိုင်ငံလင်းက “ကျနော်တို့ ကြားတာကတော့ ဓာတ်ပုံတွေ ကြည့်ပြီး လိုက်ဖမ်းတယ်။ ကျနော်ထင်တာကတော့ မနေ့က ဆန္ဒပြတဲ့ လူတွေကို ကျနော်တို့ ရုံးရှေ့မှာ လာရိုက်တယ်လေ၊ ထောက်လှမ်းရေးတွေပေါ့။ အဲဒီအချိန်မှာ ဆန္ဒပြတဲ့ လူတွေနဲ့ ကပ်ပြီး ဘေးမှာ ရပ်တာတို့ ဖြစ်နိုင်တယ်။ သူတို့ကိုယ်တိုင် လုပ်တဲ့လူ ဖြစ်ချင်မှ ဖြစ်မယ်။ သူတို့ သံသယရှိတဲ့ လူတွေကိုပေါ့” ဟု ပြောသည်။

အန်အယ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “အန်ကယ် တခြားမကြားရသေးဘူး။ မနေ့ကတော့ ၁၈ ယောက် ဖမ်းသွားတယ်။ နောက်ထပ်တော့ သတင်းမကြားသေးဘူး။ အခုထိ ပြန်လွတ်လာတာလည်း မရှိသေးဘူး။ အသက် ၁၂ နှစ်အရွယ်ကလေးလည်း ပါသွားတယ်။ ဘာဆက်လုပ်ရမလဲဆိုတာတော့ မသိသေးဘူး။ သူတို့ကို ဘယ်နေရာ ဘယ်လိုအရေးယူမလဲဆိုတာ မသိရသေးပါဘူး” ဟု ပြောသည်။

ယမန်နေ့ နေ့ခင်းပိုင်းက ကိုထွန်းထွန်းဝင်း (လူငယ်တာဝန်ခံ - ၁ ၊ စမ်းချောင်း)၊ ကိုရန်နိုင်ထွန်း (တာဝန်ခံ - ၁ ၊ ကြည့်မြင်တိုင်)၊ ကိုထက်စိုးဝင်း (တာဝန်ခံ ၁ ၊ ဒလ)၊ ကိုကျော်မျိုးနိုင် (လူငယ်တာဝန်ခံ ၂ ၊ တာမွေ)၊ ကိုပြည့်ပြည့် (အဖွဲ့ဝင် ၊ စမ်းချောင်း)၊ ကိုစောပြည့်ဖြိုးအောင် (အဖွဲ့ဝင် ၊ ဒလ)၊ ကိုဖြိုးကိုနိုင် (အဖွဲ့ဝင် ၊ ရွှေပြည်သာ)၊ မထက်ထက်ဦးဝေ (အဖွဲ့ဝင် ၊ ရွှေပြည်သာ)၊ မောင်ရဲရင့်မင်းထက်ဦး (မထက်ထက်ဦးဝေ၏ သား - ၁၂ နှစ်)၊ ဦးအောင်ဖေ (အဖွဲ့ဝင် ၊ တွံတေး)၊ ကိုမောင်စန်း (အဖွဲ့ဝင် ၊ လှိုင်သာယာ)၊ ကိုကျော်နိုင် (အဖွဲ့ဝင် ၊ လှိုင်သာယာ)၊

ကိုမိုးကျော်ဇင် (အဖွဲ့ဝင် ၊ လှိုင်သာယာ)၊ ကိုသက်နိုင်ထွန်း (အဖွဲ့ဝင် ၊ လှိုင်သာယာ)၊ ကိုလှမျိုးနိုင် (အဖွဲ့ဝင် ၊ မင်္ဂလာဒုံ)နှင့် ထွန်းဝင်းသိန်း (အဖွဲ့ဝင် ၊ မင်္ဂလာဒုံ) ဖြစ်သည်။ ကျန်ရှိသည့် ၂ ဦး၏ အမည်စာရင်းကို မသိရသေးပါ။

ပါတီလူငယ် ၂၄ ဦးက ရုံးချုပ်ရှေ့တွင် ‘ဒေါ်အောင်ဆန်းစုကြည် ... ချက်ခြင်းလွှတ်၊ ချက်ခြင်းလွှတ်’၊ လေဘေးဒုက္ခသည်များအတွက် ‘နိုင်ငံတကာ အကူအညီ ... ချက်ခြင်းပေး၊ ချက်ခြင်းပေး’ ကြွေးကြော်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် နေအိမ်တည်ရှိရာ တက္ကသိုလ် ရပ်သာလမ်းသို့ ချီတက်သွားရာ ကမ္ဘာအေးဘုရားအနီး နှင်းဆီကုန်း ဘိုးဘွားရိပ်သာနားတွင် အာဏာပိုင်များက ဒိုင်နာကားများနှင့် တင်ဆောင်ကာ ဖမ်းဆီးသွားခြင်း ဖြစ်သည်။ သူတို့အနက် အချို့မှာ ထွက်ပြေး လွတ်မြောက်သွားသည်။

နေအိမ် အကျယ်ချုပ် သက်တမ်း ၅ ပြည့်ပြီဖြစ်သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ယမန်နေ့က ၆ လ သက်တမ်း ပြန်တိုးလိုက်ကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း အစိုးရ သတင်းရပ်ကွက် တခုကမူ တနှစ် သက်တမ်းတိုးသည်ဟု ပြောဆိုသည်။ သို့သော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။


စစ်အစိုးရက ဒေါ်စု၏ နေအိမ် အကျယ်ချုပ် သက်တမ်းတိုးပြန်

မုံပီး
အင်္ဂါနေ့၊ မေလ 27 2008 23:26 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ နိုင်ငံတကာ အသိုင်းအဝိုင်း နှင့် တိုင်းသူပြည်သားများက ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းဆိုမှုများ ရှိနေသော်လည်း မြန်မာစစ်အစိုးရက သူမ၏ နေအိမ်အကျယ်ချုပ် သက်တမ်းကို ထပ်မံ တိုးမြှင့်လိုက်ကြောင်း အစိုးရ သတင်းရပ်ကွက် တခုအရ သိရသည်။

အစိုးရ အရာရှိများက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ အတိုက်အခံ ခေါင်းဆောင်၏ နေအိမ်ကို သွားရောက်ပြီး နေအိမ် အကျယ်ချုပ် သက်တမ်းတိုးမြှင့်သည့် အမိန့်စာကို ဖတ်ပြခဲ့သည်ဟု သတင်းရပ်ကွက်က ပြောသည်။ သို့သော် သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိခဲ့ပါ။

ထပ်မံ တိုးမြှင့်လိုက်သော သက်တမ်းသည် ၆ လဖြစ်ကြောင်း သတင်းရပ်ကွက်က ပြောသည်။ သို့ပေမယ့်လည်း အခြားသော သတင်းဌာန အချို့က တနှစ်သက်တမ်းတိုးခြင်း ဖြစ်သည်ဟု ဖော်ပြကြသည်။

ယနေ့သည် ဒေါ်စု၏ ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ မဲအပြတ်အသတ် အနိုင်ရခဲ့သည့် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ကျင်းပရာ ၁၈ နှစ်မြောက် နှစ်ပတ်လည်နေ့လည်း ဖြစ်ပြန်သည်။

ဒီချုပ် အဖွဲ့ခေါင်းဆောင်များက ဒေါ်စု၏ နေအိမ် အကျယ်ချုပ် သက်တမ်း တိုးမြှင့်ခြင်းအပေါ် ကြားသိရခြင်း မရှိသေးပါ။ ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက သက်တမ်းတိုးသည့် သတင်းသာ မှန်ကန်လျှင် စစ်အစိုးရသည် ဥပဒေကို ချိုးဖောက်လိုက်ပြန်ပြီဟု ပြစ်တင် ရှုတ်ချလိုက်သည်။

"လုပ်ချင်ရာလုပ်တာ ဥပဒေမှာ မရှိပါဘူး။ သူတို့ လုပ်ချင်တိုင်း လျှောက်လုပ်မယ်ဆိုရင် ဒါဟာ ဥပဒေမရှိတာပဲ။ မင်းမဲ့စရိုက် ပါပဲ။" ဟု ဦးဥာဏ်ဝင်းက မဇ္ဈိမသို့ ပြောသည်။

သူက ဥပဒေကို နိုင်ငံသားတိုင်း လိုက်နာသင့်ကြောင်းနှင့် စစ်အစိုးရ အနေဖြင့် သူတို့ ဖန်တီးခဲ့သည့် ဥပဒေကိုပင် ချိုးဖောက်ခြင်း ဖြစ်သည်ဟု ပြောသည်။

ကမ္ဘာတဝှမ်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော နိုင်ငံရေး အကျဉ်းသားများအတွက် ရပ်တည် ကူညီပေးနေသည့် အမေရိကန် အခြေစိုက် Freedom Now အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် သက်တမ်း တိုးမြှင့်လိုက်ခြင်းသည် နိုင်ငံတကာ ဥပဒေကိုပါ ချိုးဖောက်ခြင်း ဖြစ်သည်ဟု ပြောဆိုလိုက်သည်။

"အံသြစရာတော့ မရှိပါဘူး။ အခုဟာက ကိုယ်ပိုင် ပြဌာန်းထားတဲ့ ဥပဒေကိုရော ချိုးဖောက်လိုက်တာ ဖြစ်တယ်" ဟု အဖွဲ့၏ ဥက္ကဌလည်းဖြစ်၊ ဒေါ်စု၏ ရှေ့နေလည်းဖြစ်သူ ဂျရတ်ကင်ဆာက ပြောကြားလိုက်သည်။

မြန်မာနိုင်ငံ ဥပဒေအရ "နိုင်ငံတော် နှောက်ယှက် ဖျက်ဆီးလိုသူများမှ ကာကွယ်ရေး ဥပဒေ" ဖြင့် လူတယောက်ကို အမြင့်ဆုံး ငါးနှစ်အထိ တနှစ်တခါ သက်တမ်းတိုးကာ ထိန်းသိမ်းထားနိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မေ ၂၄ ရက်၊ ၂၀၀၈ ခုနှစ်တွင် အကျယ်ချုပ်သက်တမ်း ငါးနှစ်ပြည့်ပြီး ဖြစ်သည်ဟု သူမ၏ အတိုင်ပင်ခံ ရှေ့နေ ကင်ဆာက အပြောအရ သိရသည်။ ဒေါ်စုသည် လွန်ခဲ့သည့် ၁၈ နှစ်အတွင်း နေအိမ် အကျယ်ချုပ်အားဖြင့် စုစုပေါင်း ၁၂ နှစ်ကျော် နေခဲ့ရပြီး ဖြစ်သည်။

ယနေ့ အစောပိုင်းက ဒေါ်စုနေအိမ်သို့ ချီတက်သွားကြသော ဒီချုပ်မှ လူငယ် ၂၀ ခန့်ကို ရဲများက ဖမ်းဆီးသွားခဲ့သည်။ မခံမရပ်နိုင် ဖြစ်နေကြသော လူငယ်များက ဒေါ်စုကို လွှတ်ပေးရန် ကြွေးကျော်သံများတိုင် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ရဲဝံ့စွာဖြင့် ချီတက်ခဲ့သည်။


တကိုယ်တော် ဆန္ဒပြသမား ဦးအုန်းသန်း ထောင်တွင်း၌ ကျန်းမာရေး စိုးရိမ်ဖွယ်ရာရှိ

မောင်ဒီး
အင်္ဂါနေ့၊ မေလ 27 2008 19:10 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ တသက်တကျွန်း ကျခံနေရသူ တကိုယ်တော် ဆန္ဒပြသမား ဦးအုန်းသန်းသည် စစ်ကိုင်းတိုင်း ခန္တီးထောင်တွင် တိုက်ပိတ်ခံရစဉ် ဦးနှောက်တွင်း ငှက်ဖျားပိုး ဝင်ရောက်သဖြင့် ကျန်းမာရေး အခြေအနေ ဆိုးရွားနေသည်ဟု နိုင်ငံရေးသမားများ၏ သတင်းရပ်ကွက်အရ သိရသည်။

ဦးအုန်းသန်းသည် ကုန်ဈေးနှုန်း ကျဆင်းရေး၊ ပြည်သူကိုယ်စားပြု အစိုးရ ထူထောင်ရေး၊ အာဏာရှင်စနစ် ဖယ်ရှားရေး စသည့် ဆောင်ပုဒ်များဖြင့် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး၊ ကုလသမဂ္ဂ ရုံးများနှင့် လူစည်ကားရာ ဈေးများတွင် တကိုယ်တော် ဆန္ဒပြခဲ့သူ ဖြစ်သည်။

“ခန္တီးဘက်က သတင်းစကား ဝင်လာတယ်။ ဦးအုန်းသန်း တိုက်ပိတ် ခံထားရတယ်။ ငှက်ဖျားပိုး ဦးနှောက်ထဲ ရောက်နေတယ်။ ကျန်းမာရေး အခြေအနေ တော်တော်ဆိုးတယ်။ အမြန် လိုက်လာပါဆိုပြီး မိသားစုကို အကြောင်းကြားလာတယ်” ဟု ရှေ့နေကြီး ဦးအောင်သိန်းက ပြောသည်။

ဦးအုန်းသန်းကို ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင် တရားရုံးက ဧပြီလ ၂ ရက်နေ့တွင် အစိုးရကို အကြည်ညို ပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် ထောင်ဒဏ် တသက်တကျွန်း ပြစ်ဒဏ်ချခဲ့ပြီး တလခန့်အကြာတွင် မန္တလေးထောင်သို့ ရွှေ့ပြောင်းခဲ့သည်။

သူသည် မန္တလေးထောင်တွင်လည်း ထောင်တွင်း အစာငတ်ခံ ဆန္ဒပြမှုကြောင့် စစ်ကိုင်းတိုင်း ခန္တီးမြို့ရှိ ခန္တီးထောင်သို့ ယခုလဆန်းပိုင်းက ပြောင်းရွှေ့ကာ တိုက်ပိတ်ထားခြင်း ဖြစ်သည်။

“ရန်ကုန်ကနေ မန္တလေးကို ပြောင်းသွားတယ်။ အခု ခန္တီးထောင်ကို ပြန်ရောက်နေတယ်။ မိသားစုတွေ သွားမတွေ့နိုင်အောင်၊ သွားတွေ့ရတာ ခက်ခဲအောင် လုပ်ပေးလိုက်တာပေါ့။ ခုထိ သူ့မိသားစုတွေက သွားမတွေ့နိုင်သေးဘူး” ဟု ဦးအောင်သိန်းက ပြောသည်။


လေဘေးအရေး ကုလနှင့် အာဆီယံ ကိုင်တွယ်မှုကို အတိုက်အခံများ ဝေဖန်

ဖနိဒါ
အင်္ဂါနေ့၊ မေလ 27 2008 19:03 - မြန်မာစံတော်ချိန်

ချင်းမိုင်
။ ။ လေဘေးကိစ္စနှင့် ပတ်သက်၍ ကုလသမဂ္ဂနှင့် အာဆီယံ နိုင်ငံများ၏ ကြားဝင် ကိုင်တွယ်မှုအပေါ် ပြည်တွင်းပြည်ပ ဒီမိုကရေစီ အင်အားစုများအကြား အားမလို အားမရမှုများ တိုးပွားလာလျက် ရှိသည်။

၁၉၈၈ ရှစ်လေးလုံး အရေးတော်ပုံတွင် ထင်ရှားခဲ့သူ ကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန်ကလည်း မြန်မာပြည်အရေးတွင် ကုလသမဂ္ဂနှင့် အာဆီယံ နိုင်ငံများသည် အစည်းအဝေးဖြင့် အချိန်ကုန်နေကာ ပြည်သူများကို နအဖနှင့် ပေါင်းသတ်နေသည့် သဘော သက်ရောက်နေသည်ဟု အပြင်းအထန် ဝေဖန်လိုက်သည်။

“ဒုက္ခရောက်နေတဲ့ ပြည်သူတွေက အရေးကြီးနေတဲ့ အချိန်မှာ အမြန်ဆုံး ကယ်ရမယ်။ ဒီလို အစည်းအဝေးတွေ ထိုင်လိုက် ပြန်သွားလိုက်၊ ဒီလို လုပ်နေလို့ မရဘူးလေ။ ဟိုမှာ လူတွေက နိုင်ငံတကာ အကူအညီ မပြောနဲ့ ဘာမှ မရသေးတဲ့ ဒေသတွေက အများကြီး ရှိနေသေးတယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ဓာတ်ပုံ၊ ဗီဒီယို၊ အချက်အလက်တွေ အများကြီး ရှိတယ်။ အဓိကတော့ အစာ၊ ရေ မလုံမလောက် ဖြစ်နေတာတွေ ရှိတယ်။” ဟု သူက ဆိုသည်။

ပြည်တွင်းပြည်ပတွင် ကုလသမဂ္ဂနှင့် အာဆီယံကို ဆန့်ကျင်သော လှုပ်ရှားမှုနှင့် အမေရိကန်၊ ပြင်သစ်နှင့် အင်္ဂလန်တို့၏ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဝင်ရောက် စွက်ဖက်ခြင်း Humanitarian Intervention ကို တောင်းဆိုသည့် လှုပ်ရှားမှုများ စတင်ကြရန်လည်း သူက တိုက်တွန်းလိုက်သလို၊ အမေရိကန်က အီရတ်ကိစ္စကို အီရတ်ပြည်သူများ လွတ်မြောက်ရေး ကြွေးကြော်သံဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့သည့် သာဓကကို ထောက်ပြသည်။

“သူတို့ သွားလိုက်လာလိုက် အချိန်ဆွဲနေတယ်။ လှူတဲ့ လူတွေလည်း ထိထိရောက်ရောက် မရောက်ဘူး။ လက်တွေ့ အနေအထားမှာ သူတို့က နအဖနဲ့ ပေါင်းပြီးတော့ ဒုက္ခရောက်တဲ့ လူတွေကို သတ်နေတာ။ အဲဒါကြောင့် ကမ္ဘာတဝှမ်း လှုပ်ရှားမှုကြီး global action ခေါ်ပြီးတော့ ယူအန်၊ အာဆီယံနိုင်ငံတွေကို မကူညီချင်နေပါ မနှောင့်ယှက်ပါနဲ့ ဆိုတဲ့ ပုံစံမျိုး ဖြစ်တယ်” ဟု သူက ဆက်ပြောသည်။

နယ်စပ်အခြေစိုက် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု (အန်ဒီဒီ) ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာက ကုလသမဂ္ဂနှင့် အာဆီယံ နိုင်ငံများကို နအဖက အသုံးချမှု ခံရမည်ကို စိုးရိမ်သည်ဟု ပြောသည်။ ကုလသမဂ္ဂ အဖွဲ့ကြီးသည် မြန်မာ့အရေးတွင် ဆုံးဖြတ်ချက် မပြတ်သားပါဟုလည်း ဝေဖန်သည်။

“ကုလသမဂ္ဂ တကယ်တန်း နှစ်တွေ အများကြီး ဆုံးဖြတ်ချက်တွေနဲ့ အထွေထွေ ညီလာခံမှာ၊ လူ့အခွင့်အရေး ကောင်စီမှာ၊ နောက်ဆုံး လုံခြုံရေးကောင်စီ အထိ ဆွေးနွေးပြီးပြီ။ ဒီလောက် လူမဆန်တဲ့ စစ်အုပ်စု။ နောက်ဆုံး နာဂစ်မှာ လုပ်သွားတာတောင် သူတို့ သိနေတယ်။ ဒါပေမဲ့ တိတိကျကျနဲ့ တကယ်လုပ်သင့် ဖြစ်သင့်တဲ့ အလုပ်တခုကို ကမ္ဘာ့ အဖွဲ့အစည်း တခုအနေနဲ့ ရဲရဲတင်းတင်း မဆုံးဖြတ် မလုပ်နိုင်ဘူး” ဟု သူမက ပြောသည်။

“အခုလက်ရှိ အာဆီယံနဲ့ လုပ်သွားတာကို သဘောမကျဘူး။ အားလုံး ပူးပေါင်း ဆောင်ရွက်တာတော့ ကောင်းတာပေါ့။ ဒါပေမဲ့ မြန်မာနိုင်ငံ ပြဿနာရဲ့ အနာက သိပ်နက်နေတယ်။ အဲဒါကို နာဂစ်ကယ်ရေး အတွက်လောက်ကို ဝိုင်းပြီး ဆောင်ရွက်နေရုံလောက်နဲ့ကတော့ အဲဒီအနာတွင်း နက်ပြီးတော့မှ အပေါ်ကနေ၊ ဘေးနားလေးမှာ ထပ်ပေါက်နဲ့။ အပေါ်ကနေ ဂွမ်းနဲ့ ပတ်တီးနဲ့ ဆေးလေးဖြန်းပြီး ပိတ်ရုံလောက်နဲ့ ဒီအနာကြီး တခုလုံးက ဘယ်လိုမှ မပျောက်နိုင်ပါဘူး” ဟု သူက ဆက်ဝေဖန်သည်။

ပြည်တွင်း၌ ပုန်းအောင်းနေရသော ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုထွန်းမြင့်အောင်ကလည်း အာဆီယံနှင့် ကုလသမဂ္ဂ၏ ချဉ်းကပ်ပုံသည် အမှန်တကယ် အဖြေမှန်ရရေးနှင့် ဝေးကွာနေသည်ဟု ဆိုသည်။ အာဆီယံကိုလည်း စစ်အစိုးရနှင့် ပြေလည်ရေးကိုသာ ဦးစားပေးနေသည်ဟု ပြောသည်။

“အာဆီယံတွေရဲ့ အခန်းကဏ္ဍဟာ မြန်မာပြည်သူပြည်သားတွေ လွတ်မြောက်ကြောင်းကို တကယ် ခွန်အားစိုက်ထုတ် ဖြေရှင်းပေးဖို့ထက် ကျနော်တို့ တွေ့နေရတာက နအဖ စစ်အစိုးရနဲ့ ပြေလည်ရာ ပြေလည်ကြောင်း သံခင်းတမန်ခင်း စကားလုံးတွေနဲ့ပဲ လုပ်နေတယ်။ ကျနော်တို့ မြန်မာပြည်သားတွေ ကောင်းကောင်း နောကျေနေပါပြီ” ဟု သူက ပြောသည်။

ထို့အပြင် ပြည်တွင်းမှာရှိ ဒီမိုကရေစီ အင်အားစုများအနေနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအပေါ် အားမကိုးဘဲ ကိုယ်တိုင်ကိုယ်ကျ ဆက်ပြီး ရုန်းကန်သွားရမည်ကို သဘောပေါက်နေပြီဟုလည်း ပြောသည်။

“မှန်ကန်တဲ့ နိုင်ငံရေး ပြေလည်မှုဆိုလို့ရှိရင် သဘာဝ ဘေးအန္တရာယ်ပဲ ကျရောက်ကျရောက်၊ ဘယ်လို ဘေးဒုက္ခတွေပဲ ကျကျ ဒါကို ပြည်သူလူထုနဲ့ ပူပေါင်းပြီးတော့ ဖြေရှင်းသွားနိုင်လိမ့်မယ်။ အခုက အမျိုးသားညီညွတ်ရေး မတည်ဆောက်နိုင်ဘူး။ နိုင်ငံတကာနဲ့ ဆက်ဆံလို့ ရှိရင်လည်း အကန့်အသတ် ဖြစ်နေတယ်။ ရှင်းပါတယ်။ နအဖဟာ အာဏာ၊ သူ့စည်းစိမ်တွေကို မက်မောနေလို့ပဲ။ အထိပါး မခံနိုင်ဘူးဆိုတာ ရှင်းနေတယ်” ဟု သူက ဆက်လက်ပြောဆိုခဲ့သည်။

လူသားချင်းစာနာသည့် အကူအညီနှင့် ပတ်သက်သော နိုင်ငံတကာ ဆွေးနွေးပွဲ တရပ်ကို ယခုလ ၂၅ ရက်နေ့က ရန်ကုန်မြို့တွင် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၅ဝ ခန့်က ပူးတွဲ ကျင်းပခဲ့သည်။

နအဖ က မုန်တိုင်းကျပြီး ၃ ပတ်ခန့်အကြာ ယခုလ ၂၃ ရက်နေ့တွင် နိုင်ငံတကာ လေဘေးကယ်ဆယ်ရေး ဝန်ထမ်းများကို ဝင်ရောက်ခွင့်ပြုကာ အကူအညီများကို အာဆီယံ နိုင်ငံများမှတဆင့် စီမံဆောင်ရွက်ရန် ပြောဆိုခဲ့သော်လည်း ထောက်ပံ့ကူညီမှုများ ထိရောက်မှုမရှိဟု မြန်မာ အတိုက်အခံများက ပြောဆို ဝေဖန်နေကြသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates