Tuesday, June 10, 2008

မြစ်ဝကျွန်းပေါ် ဒေသသို့ ကုလရဟတ်ယာဉ်များ ကယ်ဆယ်ရေး ပစ္စည်းများ သယ်ပို့ပေးနေ

ဆော်လမွန်
အင်္ဂါနေ့၊ ဇွန်လ 10 2008 14:20 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ဆိုင်ကလုံး မုန်တိုင်းဒဏ် ခံခဲ့ရသော ဒေသများသို့ ကယ်ဆယ်ရေး ပစ္စည်းများကို ကုလ ရဟတ်ယာဉ်များက ကူသယ် ခေါက်သယ် သယ်ပို့ပေးနေသဖြင့် နောက်ဆုံးတွင် အကူအညီများ တဖြေးဖြေးချင်း ရောက်ရှိနေပုံ ရပါသည်။ သို့သော် ဤသို့ နောက်ကျခြင်း သည် မုန်တိုင်းဘေးမှ အသက်မသေ လွတ်မြောက် ကျန်ခဲ့သူများအတွက် ကြီးမားစွာထိ ခိုက်နစ်နာစေခဲ့မည်ကို စိုးရိမ်ရကြောင်း ဝေဖန်သူများက ပြောကြားကြပါသည်။

မုန်တိုင်းဒဏ် အဆိုးဝါးဆုံး ခံခဲ့ရသည့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသို့ ကယ်ဆယ်ရေး ပစ္စည်းများ လွန်ခဲ့သော အပတ်ကမှ လေကြောင်းဖြင့် ပထမဆုံး ရောက်ရှိခဲ့သည်။ ကယ်ဆယ်ရေး ပစ္စည်းများကို မြစ်ဝကျွန်းပေါ် ဒေသသို့ သယ်ပို့ပေးရန် ယခု ရက်သတ္တပတ် ကုန်ပိုင်းက နောက်ထပ် ရဟတ်ယဉ် ၅ စင်းကို မြန်မာ စစ်အစိုးရက ခွင့်ပြုခဲ့သည်။

“မနေ့က ရဟတ်ယဉ် ၂ စင်းသွားတယ်။ ၄ စင်းက ဒီနေ့ အစားအစာတွေ သွားပို့တယ်” ဟု ဘန်ကောက်ရှိ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ပြောရေးဆိုခွင့်ရှိသူ ပေါလ်ရစ်စလေ (Paul Risley) က ပြောကြားလိုက်ပါသည်။

“ဘယ်တော့မှတော့ အရမ်း နောက်ကျသွားပြီရယ်လို့ မရှိပါဘူး၊ ဒါပေမဲ့ ပြဿနာက ခုအချိန်ဆိုရင် လူအတော်များများက သေပြီး ဖြစ်နေတော့ မှာ” ဟု ကင်ပိန်းအုပ်စု တခုဖြစ်သည့် ယှဉ်ပြိုင် အာဆီယံ ကွန်ရက် (Altsean) ၏ ဆက်သွယ် ညှိနှိုင်းရေးမှူး ဒက်ဘီစတော့ဟတ် (Debbie Stothard) က ပြောဆိုသွားပါသည်။

“ဆိုင်ကလုံး မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ဒေသက ပြည်သူတွေ အတွက်ကတော့ တကယ့်ကို ဝမ်းနည်းစရာ ဖြစ်ရပ်ကြီးပါဘဲ၊ ဘာအကူအညီမှ မရဘဲ နေခဲ့ရတာ တလကျော်နေပြီ” ဟု စတော့ဟတ် (Stothard) က ဆက်လက် ပြောဆိုသွားပါသည်။

ရန်ကုန်မြို့ရှိ နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီတခုနှင့် လုပ်ကိုင်နေသော မြန်မာ အကူအညီပေးရေး လုပ်သားတဦးကလည်း မည်သို့ပင် ဖြစ်စေ အကူအညီပေးရေး ပစ္စည်းများ ဖြန့်ဖြူးရေး လုပ်ငန်းများ တိုးတက် ဖွံ့ဖြိုးမှုသည် အလွန် နည်းနေဆဲ ဖြစ်ပြီး နေရာ အများအပြားကို ယခုတိုင် ရောက်ရှိခြင်း မရှိသေးဟု ပြောဆိုသွားပါသည်။

“လူအတော်များများက ဘာအကူအညီမှ မရဘဲ သူတို့ဖာသာ သူတို့ အသက်ရှင်နေရတာ။ ရောဂါမျိုးစုံ ဖြစ်နေတာ ခံနေရတာ ခုဆို တလကျော်ပြီ” ဟု ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ လပွတ္တာမြို့မှ မကြာသေးခင်ကမှ ပြန်လည် ရောက်ရှိလာသူ အဆိုပါ အကူအညီပေးရေး လုပ်သားက ပြောကြားသွားခဲ့ပါသည်။

အစိုးရ၏ ကန့်သတ်မှုများကလည်း အကူအညီ အပူတပြင်း လိုအပ်နေသော ဒုက္ခသည်များထံ အကူအညီများ ရောက်ရှိရေး ကြန့်ကြာစေသည်ဟု သူက ဆက်လက် ပြောဆိုသွားပါသည်။

“လူတွေ အများကြီးဆီ အရောက်သွားပြီး ကူညီကယ်ဆယ်နိုင်ဘို့ ဆိုတာ နိုင်ငံတကာ အကူအညီပေးရေး လုပ်သားတွေရဲ့ ကျွမ်းကျင်မှု ရဘို့ လိုပါတယ်” သူကပင် ထပ်မံ ပြောဆိုသွားပါသည်။

ဤအတောအတွင်း သူတို့၏ နိုင်ငံတကာ ဝန်ထမ်း ၃၆ ဦး မြန်မာအစိုးရထံမှ ပြည်ဝင်ခွင့်ဗီဇာ ရရှိပြီး ဖြစ်သည် ဟု (WFP) က ပြောဆိုပါသည်။ သို့သော် ဘန်ကောက်တွင် စောင့်ဆိုင်းနေသော သူတို့၏ ရဟတ်ယဉ် ၄ စင်း ယခုထိ ဝင်ခွင့် မရသေး၍ စောင့်ဆိုင်း နေရကြောင်းကိုလည်း ဆက်လက် ပြောဆိုသွားပါသည်။

မြန်မာနိုင်ငံကို မေ ၂ ရက်နှင့် ၃ ရက်နေ့များက တိုက်ခတ်သွားခဲသော့ ဆိုင်ကလုံး မုန်တိုင်းကြောင့် ဖြစ်ပေါ်လာခဲ့သည့် စုစုပေါင်း မုန်တိုင်း ဒုက္ခသည် ၂ သန်းခွဲအနက် ယခုအခါ ဒုက္ခသည် ၁.၃ သန်းခန့်မှာ အကူအညီများ ရရှိခဲ့ပြီ ဖြစ်ကြောင်းဖြင့် ကုလသမဂ္ဂက ပြောကြားပါသည်။

သို့သော် မြန်မာ စစ်အစိုးရကမူ အစိုးရ၏ ချက်ချင်း အရေးယူ ဆောင်ရွက်ခဲ့မှုနှင့် မြန်မာပြည်သူများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုကြောင့် ယခုအခါ မုန်တိုင်း ဒုက္ခသည်များအား ‘အရေးပေါ် ကယ်ဆယ်ရေးအဆင့်’ ပြီးဆုံးသွားပြီ ဖြစ်ပြီး၊ ယခုအခါ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများကို အာရုံပြု လုပ်ဆောင်နေကြောင်း ပြောဆိုခဲ့ပါသည်။

မြန်မာနိုင်ငံ (Altsean) မှ ဒက်ဘီစတော့ဟတ် ကမူ အကူအညီ လုံးလုံးမရခဲ့ခြင်း၊ သို့မဟုတ် အနည်းအကျဉ်းသာ ရရှိခဲ့ခြင်းကြောင့် မုန်တိုင်းဘေးမှ အသက်မသေ လွတ်မြောက်ခဲ့ပြီးမှ အများအပြား သေဆုံးခဲ့ရသည်ဟု ပြောဆိုလိုက်ပါသည်။ မုန်တိုင်း ဒုက္ခသည်များအား ကူညီကယ်ရေး ကိစ္စ ချဉ်းကပ်ပုံကို နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် ပြန်လည် စဉ်းစားသင့်သည်ဟု သူမက ဆက်လက် ပြောဆိုသွားပါသည်။

“ဒီလိုသာ နောက်ထပ် ကြန့်ကြာနေဦးမယ် ဆိုရင် သူတို့ (နိုင်ငံတကာ အသိုင်းအဝိုင်း) အနေနဲ့ နအဖ (SPDC) ဆီက ခွင့်ပြုချက် မတောင်းဘဲ လူသားချင်း စာနာတဲ့ ဝင်ရောက် စွက်ဖက်မှုမျိုးကို ထောက်ခံသင့်တယ်” ဟု (Stothard) က ဆိုလိုက်ပါသည်။


ပုဂ္ဂလိက လှူဒါန်းမှုများ ကျဆင်းလာနေ

ဇာနည်
အင်္ဂါနေ့၊ ဇွန်လ 10 2008 13:17 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ တလကျော် ကြာမြင့်လာပြီးနောက် လူပန်း ငွေနည်း ဖြစ်လာသဖြင့် နာဂစ် လေဘေး ဒုက္ခသည်များအတွက် ပုဂ္ဂလိက အကူအညီများ ယခုအခါ တဖြေးဖြေး ကျဆင်းလာနေသည်။

မုန်တိုင်းတိုက်ပြီး နောက်ပိုင်း ဒေသ အသီးသီးမှ တပိုင်တနိုင် အလှူရှင်များက ဧရာဝတီတိုင်းရှိ လေဘေး ဒုက္ခသည်များကို ထောက်ပံ့ကူညီမှု အမျိုးမျိုး ပေးလာခဲ့ရာမှ တလနှင့် ရက်သတ္တ တပတ်ခန့် အကြာတွင် အကူအညီများ သိသာစွာ ကျဆင်းသွားခြင်း ဖြစ်သည်။

“အခု သွားခဲ့တာက ဒုတိယအကြိမ်။ ပထမ အခေါက်တုန်းက၊ မေလ လယ်လောက်ကဆိုရင် လာလှူတဲ့ သူတွေက အများကြီး ရှိတယ်။ အခုတခေါက်မှာတော့ တော်တော် ပါးသွားတယ်” ဟု ဧရာဝတီတိုင်း လပွတ္တာဘက်သို့ သွားရောက် လှူဒါန်းခဲ့သူ ရန်ကုန်မှ ကိုကျော်ကျော်က မဇ္ဈိမကို ပြောသည်။

မန္တလေးမှ အသိမိတ်ဆွေများ စုပေါင်းကာ ဖျာပုံဘက်တွင် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင် ပေးနေသူများကလည်း ရှေ့ဆက်လုပ်ရန် အခက်အခဲများ တွေ့နေရပြီဟု ဆိုသည်။

“ကျနော်တို့ ဒီလကုန်ရင်တော့ ဆက်မလုပ်နိုင်တော့ဘူး။ လူပန်းတာရယ်၊ ရန်ပုံငွေ မရှိတော့တာတွေရယ်ကြောင့်ပါ” ဟု အဖွဲ့ဝင်တဦးက ပြောသည်။

သူတို့အဖွဲ့သည် မုန်တိုင်းကျအပြီး အစားအသောက်၊ အဝတ်အထည်နှင့် ဆေးဝါးများကို တပိုင်တနိုင် စတင် လှူဒါန်းခဲ့ရာမှ ယခု ၃ ကြိမ်မြောက်တွင်မူ ခြေကုန်လက်ပန်း ကျနေပြီဟု သူက ထပ်မံ ပြောသွားသည်။

ဘိုကလေးမြို့သို့ လာရောက် လှူဒါန်းသူ ပုဂ္ဂလိက အလှူရှင် အရေအတွက်သည်လည်း ယခင်ကထက် ၃ ပုံ ၁ ပုံ ခန့် နည်းပါးသွားသည်ဟု ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ကိုင်နေသော ဒေသခံများက ပြောဆိုသည်။

မဟာဂန္ဓာရုံ ကျောင်းတိုက်မှ သံဃာတော်တပါးက “တကာ၊ တကာမတွေက အခုဆိုရင် လှူနိုင်တဲ့အား လျော့သွားတယ်။ ဦးဇင်းတို့ ဆိုရင်လည်း တော်တော် ပင်ပန်းနေကြပြီ။ အချိန်ကလည်း ကြာလာပြီလေ” ဟု မဇ္ဈိမကို မိန့်ကြားသည်။

ပုဂ္ဂလိက အလှူရှင်များသည် မိမိတို့ နီးစပ်ရာ အသိုင်းအဝိုင်းများမှ အထောက်အပံ့ ပစ္စည်းများကို စုဆောင်းပြီး ဧရာဝတီတိုင်းရှိ ဒုက္ခသည်များထံ သွားရောက် ပေးလှူကြခြင်း ဖြစ်သည်။

ရန်ကုန်ရှိ နာရေး ကူညီမှု အသင်းကဲ့သို့သော ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် အဖွဲ့များကို လှူဒါန်းခြင်း ရှိသလို လေဘေးသင့် ဒေသများသို့ ကိုယ်တိုင် သွားရောက် လှူဒါန်းကြသူများလည်း ရှိကြသည်။

အလှူရှင် တဦးက “အခုဆို ကျနော်လှူတာ ၂ ခါရှိပြီ။ အစားအစာနဲ့ အဝတ်တွေပါတယ်။ သွားရတာတွေက ပင်ပန်းတာရယ်၊ နောက် ပစ္စည်းတွေ စုဆောင်းဖို့ အခက်အခဲတွေ ရှိနေတော့ အခုတခေါက်က တော်တော် အားနည်းသွားတယ်” ဟု ပြောသည်။

ရန်ကုန်မှ ပုဂ္ဂလိက အလှူရှင် တဦးကလည်း “သူတို့ ကြုံရတဲ့ ဒုက္ခက ကျမတို့ထက်တောင် ဆိုးတယ်။ ဆက်ပြီး ပေးချင်ပေမယ့် ကိုယ့်မိသားစု အရေးကလည်း ရှိသေးတယ်လေ။ သူတို့ဘို့ ဒီလောက်ပဲ လုပ်ပေးနိုင်လို့ စိတ်မကောင်းဘူး” ဟု ပြောသည်။


လေဘေးကယ်ဆယ်ရေး လုပ်ငန်းတွင်ပင် သံဃာတော်များ ဝါဆိုမည

ဇာနည်
တနင်္လာနေ့၊ ဇွန်လ 09 2008 21:01 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ဧရာဝတီတိုင်း အတွင်းရှိ မုန်တိုင်းဒဏ်သင့် ဒေသများတွင် လာရောက်၍ လေဘေးကယ်ဆယ်ရေး လှည့်လည် ဆောင်ရွက်နေသည့် သံဃာတော်များသည် လုပ်ငန်းများ ပြီးပြတ်မည် မဟုတ်သဖြင့် လာမည့် ဝါတွင်းကာလတွင် ရောက်ရှိသည့် ဒေသ၌ပင် ဝါဆိုရမည့် အခြေ ဆိုက်နေသည်။

မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် မန္တလေး မဟာဂန္ဓာရုံ ကျောင်းတိုက်မှ သံဃာတော် ၁၁ ပါးက ဦးဆောင်၍ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်နေရာ တလခန့် ကြာမြင့်လာပြီးနောက် ဆက်လက်၍လည်း ပိုမို ထိရောက်စွာ လုပ်ကိုင်နိုင်ရေးအတွက် မိမိတို့၏ ကျောင်းတိုက်များသို့ ပြန်၍ ဝါဆိုနိုင်တော့မည် မဟုတ်ခြင်း ဖြစ်သည်။

“ဦးဇင်းတို့ ဒီလိုလုပ်တာက ဒုက္ခရောက်တဲ့ သူတွေကို ကူညီဖို့က အခု အနေအထားအရ တအား လိုအပ်နေတယ်။ ကယ်ဆယ်ရေးအတွက် ပိုထိရောက်အောင်လို့ပါ” ဟု မဟာဂန္ဓာရုံ ကျောင်းတိုက်မှ သံဃာတော် တပါးက မဇ္ဈိမကို မိန့်ကြားသည်။

ရောက်ရှိနေသည့် နေရာအနီးရှိ ကျောင်းတိုက်များ၌ပင် ဝါဆိုခွင့် ရရှိရေးအတွက် ကျောင်းတိုက် ဆရာတော်ကြီးများထံ ခွင့်ပြုချက် ရယူရပေသည်၊

လက်ရှိတွင် ဘိုကလေးနှင့် လပွတ္တာဘက်သို့ ဆရာဝန်များဖြင့် ဝေယျာဝစ္စ ကူညီရန် သွားရောက်ရန် သံဃာတော်များက စီစဉ်ထားသည်။

ယမန်နှစ်ကလည်း မန္တလေးတဝိုက်တွင် ရေကြီးခဲ့စဉ်က သံဃာတော်များက ကယ်ဆယ်ရေး ပစ္စည်းများ ဝေမျှပေးခြင်းကို လုပ်ဆောင်ပေးခဲ့ ကြသည်။ ထိုစဉ်ကမူ ယခု အခြေအနေလောက် ဆိုးဝါးခြင်း မရှိ၍ သံဃာတော်များ ဝါဆိုခြင်း ကိစ္စကို ထိခိုက်ခြင်း မရှိခဲ့ကြောင်း သိရသည်။

ဗုဒ္ဓဘာသာဝင်တို့၏ ဝါတွင်းကာလမှာ ဝါဆိုလပြည့်နေ့ ဖြစ်သော ဇူလိုင်လ ၁၇ ရက်နေ့မှ သီတင်းကျွတ် လပြည့်နေ့ဖြစ်သည့် အောက်တိုဘာလ ၁၄ ရက်နေ့ အထိ ဖြစ်သည်။

သံဃာတော်များအနေဖြင့် ဝါတွင်း ၃ လအတွင်း မိမိတို့ မူလ သီတင်းသုံးရာ ကျောင်းတိုက်များတွင်သာ ဝါဆိုကြရပြီး ညအိပ်ညနေ ကျောင်းတိုက် အပြင်သို့ပင် ထွက်ခွင့် မရှိပေ။

ဝါတွင်းကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် ရပ်ဝေးသို့ ရောက်နေပါက ရောက်ရှိရာအရပ်မှ ကျောင်းတိုက်ကလည်း ခွင့်ပြုမည်ဆိုပါက ထိုကျောင်းတိုက်တွင် ဝါဆိုခွင့် ရှိကြောင်း ဦးဇင်းက ပြောကြားသွားသည်။


လေဘေး စခန်းအချို့တွင် ဝမ်းရောဂါ ဖြစ်ပွား

ဖနိဒါ
တနင်္လာနေ့၊ ဇွန်လ 09 2008 20:43 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ လပွတ္တာမြို့ရှိ လေဘေးဒုက္ခသည် စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားလျှက် ရှိသည်ဟု ကုသမှုပေးနေသူ ဆရာဝန်၏ အပြောအရ သိရသည်။

“ကျနော့်လူနာတွေ ပြောပြတာက ဂေါက်ကွင်းစခန်း ၃ က ၈ဝ လောက် ဖြစ်နေတယ်။ ဟိုတနေ့ကပဲ ဆေးရုံ သွားပို့တာတောင် ရှိတယ်။ ကလေး တယောက်တောင် ဆုံးသွားတယ်။ ဝမ်းရောဂါကြီးတော့ မဟုတ်ဘူး၊ ရိုးရိုး ဝမ်းပျက်ပေါ့နော်။ ဒါပေမဲ့ မနေ့ညက လူနာတယောက် ရောက်လာ တယ်။ ညဘက်ကတည်းက ဝမ်းသွားတာ၊ မနက် ကျနော့်ဆီလာတော့ Pressure က သုည ဖြစ်နေတာနဲ့ ဆေးရုံ ပို့လိုက်တယ်” ဟု ဒေါက်တာ အေးကြူက မဇ္ဈိမကို ပြောသည်။ ဒေါက်တာ အေးကြူမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၀င်တဦးလည်း ဖြစ်ပြီး ၁၉၉၀ ခုနှစ် ရွေးကောက်ခံခဲ့ရသူ ပြည်သူ့ လွှတ်တော်အမတ် တဦးလည်း ဖြစ်သည်။

သူ့ဆေးခန်းတွင် ကုသမှု လာရောက်ခံယူသူ လေဘေးသင့် စခန်းများမှ လူနာများသည် တနေ့လျှင် ပျမ်းမျှ ၆ဝ ခန့်တွင် ၂၅ ဦးခန့်မှာ ဝမ်းပျက် ဝမ်းလျောကြောင့်ဟု ပြောသည်။

လပွတ္တာမြို့ ၃ ရပ်ကွက် ဒုက္ခသည်စခန်း (၁) တွင် တဲ ၄၅ လုံး၊ စခန်း (၂) ဘောလုံးကွင်းတွင် တဲအလုံး ၈ဝ ၊ ဂေါက်ကွင်းစခန်း (၃) တွင် တဲအလုံးရေ ၁ဝဝဝ ၊ အမှတ် (၄) ၅ မိုင်တွင်မူ တဲပေါင်း ၆ဝ တဲခန့် ရှိသည်။

လပွတ္တာ ဆေးရုံတွင် တက်ရောက် ကုသခဲ့ရသည့် ကလေးငယ် တဦး၏ မိခင်က “ဆေးရုံတက်မှ ကလေးတွေ အများကြီးပါလားလို့ တွေ့ရတယ်။ အများအားဖြင့်တော့ မုန်တိုင်းခံရတဲ့ ကလေးတွေ အများဖြစ်တယ်။ ဆရာဝန်တွေက ပြောတာက ရေကြောင့်လို့ ပြောတယ်။ မုန်တိုင်း မိတဲ့အချိန်မှာ ရေငံတွေ သောက်လို့ ဖြစ်တယ်လို့ ပြောတယ်လေ။ အခုလည်း ရေမသန့်လို့ ပြောတာပဲ ဆရာဝန်တွေကတော့။ ကျမတို့က ဂရုစိုက်နေတဲ့ကြားက ဖြစ်သွားတယ်လေ” ဟု ပြောသည်။

ဒေါက်တာ အေးကြူက “နီးစပ်ရာ လယ်ကွင်းမှာ ရှိတဲ့ ရေကို ချိုးကြတယ်၊ သုံးကြတယ်ပေါ့နော်။ ဒီနှစ်တော့ အရင်နှစ်နဲ့ မတူဘူးနော်။ ယင်ကောင်ကလည်း အကြီးကြီးတွေပဲ၊ နည်းတဲ့ အကောင်တွေ မဟုတ်ဘူး။ လူတွေများလို့ ယင်ကောင်တွေ များလာတယ်လို့ ပြောကြတယ်။ ဆရာတို့ အိမ်တောင် ထမင်းစားပွဲမှာ ဖယောင်းတိုင် အမြဲ ထွန်းထားရတယ်။ မြို့အစွန်းတွေက လူနာတွေက သူတို့ဘက်မှာ ပိုများတယ်လို့ ပြောတယ်လေ” ဟု ပြောသည်။

လပွတ္တာမြို့ပေါ်ရှိ ဒေသခံတဦးက ယင်ကောင် များလာခြင်းကြောင့် စစ်အစိုးရမှ ပြီးခဲ့သည့် ရက်ပိုင်းက ဆေးဖျန်းခဲ့ရာ ယခုအခါ လျော့နည်းသွားပြီဟု ဆိုသည်။

သူက “ကျနော်က မေးလိုက်တာ၊ နေပြည်တော်က လာတဲ့ ဗိုလ်မှူးတယောက် ဦးဆောင်ပြီး လာတယ်ပေါ့နော်။ ယင်ကောင်တွေ များတော့ ကားနဲ့ ဆေးလိုက်ဖျန်းလိုက်တယ်။ အခု ဆေးဖျန်းလိုက်တော့ ယင်ကောင်တွေ ပျောက်နေပြီ။ ကျန်းမာရေး အဖွဲ့တခုပါ နာမည်တော့မသိဘူး။ ဓာတ်ခွဲ စမ်းသပ်တယ်၊ ကာလဝမ်းရောဂါ ဖြစ်၊ မဖြစ် ဆိုတာတွေပါ။ ကျန်တဲ့ ကလေးတွေလည်း တနှစ်ကျော်ကျော်၊ နှစ်နှစ် ကလေးအရွယ်တွေမှာ ဖြစ်နေတယ်၊ မြို့ပေါ်မှာလည်း ဖြစ်တယ်” ဟု သူက ပြောသည်။

အလားတူပင် ပြီးခဲ့သည့် တပတ်အတွင်းက ဘိုကလေးနှင့် ၄၅ မိုင်ခန့် အကွာတွင် တည်ရှိသည် ဧရာမြို့တွင်လည်း ဝမ်းရောဂါများ ဖြစ်ခဲ့မှုများ ရှိသည်။


ဂြိုဟ်တုစလောင်းဆိုင်များရှိ ပစ္စည်းများကို ရှာဖွေသိမ်းယူနေ

ဝိုင်းပီး
တနင်္လာနေ့၊ ဇွန်လ 09 2008 20:13 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ရန်ကုန်မြို့ ဂြိုဟ်တု စလောင်းဆိုင်များသို့ အာဏာပိုင်များက ယခုရက်ပိုင်းတွင် ရှာဖွေကာ လိုင်စင် မရှိသူများကို မရောင်းချရန် ဆိုင်ရှင်များကို လက်မှတ်ထိုးခိုင်းပြီး အချို့ ဆိုင်များတွင် စလောင်းများကို သိမ်းယူသွားသည်။

လွန်ခဲ့သည့် ၃ ရက်ခန့်က လသာမြို့နယ် အနော်ရထာလမ်းရှိ တိုရှီဘာကျော်ဝင်း ဂြိုဟ်တုစလောင်း အရောင်းဆိုင်တွင် ဒေသ အာဏာပိုင်များက ဝင်ရောက်ရှာဖွေကာ ဆိုင်ရှင်ကို လိုင်စင်မရှိသူများကို ရောင်းချခြင်း မပြုလုပ်ပါကြောင်း ဝန်ခံချက် လက်မှတ် ရေးထိုးခိုင်းကာ စလောင်းများကိုမူ သိမ်းယူသွားခဲ့သည်။

“ဆိုင်တွေမှာ လိုက်ရှာနေတယ်။ ကျနော်တို့ ဆိုင်ကတော့ စလောင်း မရောင်းတော့ဘူး” ဟု ဗဟန်းမြို့နယ်ရှိ စိုးစံ အီလက်ထရောနစ် စင်တာ အရောင်းဆိုင်ရှင်က ပြောသည်။

ယခု ရက်ပိုင်းအတွင်း၌ ဂြိုဟ်တု စလောင်းဆိုင်များ ရှာဖွေခံရသလို၊ စလောင်း Receiver ရောင်းသူ Grand electronic ဆိုင်မှ ကိုချစ်ဝင်းကြိုင် နှင့် Green Leaf မှ ပိုင်ရှင်တို့ အကြောင်းပြချက် မရှိဘဲ ဖမ်းဆီးခံခဲ့ရကြောင်း ရန်ကုန်မြို့မှ စလောင်း ရောင်းဝယ်သူများနှင့် နီးစပ်သည့် သတင်း ရပ်ကွက်က မဇ္ဈိမကို ပြောသည်။

နှစ်စဉ်ကြေး တိုးမြှင့်ကောက်ခံခြင်းသည် ရွှေဝါရောင် လှုပ်ရှားမှုများအတွင်း စစ်အစိုးရက အကြမ်းဖက် နှိမ်နင်းခဲ့သည့် ဓာတ်ပုံ၊ ဗီဒီယို၊ သတင်း အချက်အလက်များနှင့် အခြား ကန့်သတ်လိုသည့် နိုင်ငံတကာ သတင်းများကို ထိန်းချုပ်နိုင်ရန် ရည်ရွယ်ဟန် တူကြောင်း ထိုအချိန်တွင် ရန်ကုန် ဒေသခံများက ခန့်မှန်း ပြောဆိုခဲ့ကြသည်။

ရန်ကုန်မြို့နယ် အတွင်းရှိ ဂြိုဟ်တု စလောင်းဆိုင် အများအပြားသည် နအဖ စစ်အစိုးရမှ စလောင်း အခွန်ဆောင်ကြေး တိုးမြှင့်သည့် အချိန်မှ စတင်ကာ ရောင်းချမှု ထိုင်းမှိုင်းလာခဲ့သဖြင့် ဆက်လက် ရောင်းချခြင်း မပြုတော့ပါ။

“အခွန်ဆောင်ခတွေ တက်တော့ အဝယ် မလိုက်တော့တာနဲ့ မရောင်းတော့ဘူး” ဟု ယခင်က ဂြိုဟ်တုစလောင်း အရောင်းအဝယ် လုပ်ခဲ့သည့် တောင်ဒဂုံမြို့နယ်မှ လှဟန်နှင့်သားများ ဂြိုဟ်တုစလောင်း အရောင်းဆိုင်ရှင်က မဇ္ဈိမကို ပြောသည်။

၂ဝဝ၇ ခုနှစ် စက်တင်ဘာလ ရွှေဝါရောင် လှုပ်ရှားမှုနောက်ပိုင်း နိုင်ငံတကာ ရုပ်မြင်သံကြား သတင်းဌာနကို ရန်ကုန် မြို့ခံများကြားတွင် စောင့်ကြည့်သူ များပြားလာခဲ့သည်။

ယခုလည်း မေလဆန်းအတွင်း တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်း သတင်းအချက်အလက် အမှန်များကို စစ်အစိုးရက ပြည်တွင်းပြင်ပသို့ မပေါက်ကြားစေရန် စလောင်းများ ရောင်းချမှုကို ယခုလို ပိတ်ပင်နေခြင်း ဖြစ်သည်ဟု လသာမြို့နယ်မှ အန်အယ်ဒီ ပါတီဝင်ဟောင်းက သုံးသပ် ပြောဆိုသည်။

သူက “စလောင်းတွေကို သိမ်းတာဟာ လူတွေကို သတင်း အမှောင်ချတာ” ဟု ပြောဆိုသည်။

အစိုးရ တရားဝင် ထုတ်ပြန်သည့် စာရင်းက လူဦးရေ သန်းပေါင်း ၅၅ သန်းကျော် ရှိသည့် မြန်မာနိုင်ငံတွင် ဂြိုဟ်တုစလောင်း အရေအတွက် ၆ သောင်းခန့် ရှိသည်ဟု ဆိုထားသည်။


လေဘေးကယ်ဆယ်ရေး ပစ္စည်းများ မယက ရုံးစောင့် အိမ်တွင် ရောက်နေ

နေသွင်
တနင်္လာနေ့၊ ဇွန်လ 09 2008 17:56 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ဌာနပိုင်ငွေ ပျောက်ဆုံးမှုကို စုံစမ်းရာမှ မြို့နယ် အေးချမ်းသာယာရေး ရုံးစောင့်၏ နေအိမ်တွင် လေဘေး ကယ်ဆယ်ရေး ပစ္စည်းများ တွေ့သည်ဆိုသော အမှုတခု ခရမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ဒေသခံများ အပြောအရ သိရသည်။

ရန်ကုန်တိုင်း ခရမ်းမြို့နယ် အတွင်းရေးမှူး၏ ရုံးခန်းမှ ငွေကျပ် (၁၇) သိန်း ပျောက်ဆုံးသွားသဖြင့် မေလ ၂၇ ရက်နေ့က ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့၍ ရဲက မယက ရုံးစောင့်ဖြစ်သူ ကိုအေးလှိုင်၏ နေအိမ်ကို ရှောင်တခင် ဝင်ရောက် ရှာဖွေရာမှ နိုင်ငံရပ်ခြားမှ နာဂစ်မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များအတွက် လှူတန်းထားသော ကယ်ဆယ်ရေး ပစ္စည်းများကို ဖမ်းမိခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောကြသည်။

ဖမ်းမိသော ပစ္စည်းများမှာ သေတ္တာ၊ ရေစိုခံဓာတ်မီး၊ ရေစိုးခံမီးခြစ်၊ ခြင်ထောင် စသော ရေဘေး ကယ်ဆယ်ရေး ပစ္စည်များ ဖြစ်သည်။

ကိုအေးလှိုင်သည် မယက ဥက္ကဌ ဦးလှသောင်း၏ လူယုံဟု မြို့တွင် လူသိများကြသည်။

ယခု ပျောက်ဆုံးသွားသော ငွေမှာ မိုဘိုင်းဖုန်း လျှောက်သူများထံမှ မယက ရန်ပုံငွေအဖြစ် လျှောက်လွှာ တစောင်လျှင် တသိန်းခွဲနှင့် (၄၉) လုံးစာ ကောက်ခံထားသော (၇၃) သိန်းခွဲထဲမှ တချို့တဝက် ဖြစ်သည်ဟု အတွင်းလူများက ပြောသည်။

“ပထမ (၅) သိန်းပျောက်၊ နောက်တခါ (၁ဝ) သိန်းတခါ ပျောက်တယ်။ အဲဒီတုန်း ကတော့ ဖုံးဖိပြီးတော့ ရှင်းလိုက်တာပေါ့။ (၁၇) သိန်းကျတော့ မဖုံးနိုင်မဖိနိုင် ဖြစ်တာက တကြောင်း၊ ပေါ်ပြီး ဆိုပါတော့ဗျာ။ အခု အဲလိုဖြစ်တော့ ညောင်မြစ်တူးတာ ပုတ်သင်ဥတွေ ပေါ်တာပေါ့ဗျာ” ဟု ပြောသည်။

နှစ်ပတ်အတွင်း တယောက်မှ မသေခဲ့ဟု သုံးပွင့်ဆိုင်ထုတ်ပြန

နေသွင်
တနင်္လာနေ့၊ ဇွန်လ 09 2008 14:10 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ လွန်ခဲ့သော နှစ်ပတ်အတွင်း လပွတ္တာနှင့် ဖျာပုံမြို့နယ်အတွင်း တဦးတယောက်မျှ သေဆုံးခြင်းမရှိဟု မြန်မာပြည် လေးဘေး ကယ်ဆယ်ရေးအတွက် ဖွဲ့စည်းထားသော သုံးပွင့်ဆိုင်အဖွဲ့က သတင်း ထုတ်ပြန်သည်။

အာဆီယံ-မြန်မာ-ကုလသမဂ္ဂတို့ ပါဝင်သော သုံးပွင့်ဆိုင် ကယ်ဆယ်ရေး အဖွဲ့မှ အဖွဲ့ဝင် ၁ဝဝ ပါသော ရှေ့ပြေး အဖွဲ့သည် ယခုလ ၅ ရက်နေ့မှ စတင်ကာ ဧရာဝတီတိုင်းအတွင်းရှိ လပွတ္တာနှင့် ဖျာပုံမြို့နယ်များသို့ ၃ ရက်ကြာ သွားရောက် လေ့လာခဲ့ပြီးနောက် အပြန်တွင် သတင်း ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“လွန်ခဲ့တဲ့ ၂ ပတ်အတွင်းမှာ အသေအပျောက် တယောက်မှ မရှိပါဘူး။ ဒါပေမဲ့ အထောက်အပံ့တွေ လိုနေတယ် ဆိုတာကတော့ သိသာတဲ့ ကိစ္စပါ” ဟု ရှေ့ပြေး ကွင်းဆင်းအဖွဲ့ဝင် တဦး၏ ပြောကြားချက်ကို အဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ကိုးကားထားသည်။

အဖွဲ့နှင့်အတူ လိုက်ပါသွားသော သုံးပွင့်ဆိုင် ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင်တဦးဖြစ်သူ မလေးရှားနိုင်ငံမှ မစ္စတာ Badrul Shah bin Mohd Idris က “ကျနော်တို့ အဖွဲ့ ရောက်သွားတဲ့ ရွာတွေက ဆိုင်ကလုန်း မတိုင်ခင်ကတည်းက ဆင်းရဲတွင်း ကျနေတဲ့ ရွာတွေ ဖြစ်ပါတယ်။ အခုတော့ အားလုံး သူတို့ အိမ်တွေကို ပြန်ဆောက်တာနဲ့ပဲ အလုပ်များနေကြတယ်။ ရွာသားတွေက ပူးပေါင်းလိုစိတ် ရှိပါတယ်” ဟု ပြောသည်။

ရှေ့ပြေးအဖွဲ့ နှစ်ဖွဲ့သည် မြစ်ဝကျွန်းပေါ်ဒေသရှိ အစွန်အဖျားမှ ကျေးရွာများဆီ အဓိက သွားရောက်ခဲ့ပြီး ဒေသ အာဏာပိုင်များ၊ လူမှု အသိုင်းအဝိုင်းနှင့် ကုလသမဂ္ဂမှ ကွင်းဆင်း ဝန်ထမ်းများထံမှ ပူးပေါင်း ဆောင်ရွက်မှုကို အပြည်အဝ ရခဲ့သည်ဟု ဆိုသည်။

ရန်ကုန်သို့ ပြန်ရောက်ပြီးနောက် ပြုလုပ်သော ရှေ့ပြေးအဖွဲ့၏ အတွေ့အကြုံနှင့် ပတ်သက်သော ၂ နာရီကြာ ရှင်းလင်းပွဲကို အာဆီယံဘက်မှ အကြီးတန်း အရာရှိဖြစ်သူ မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူ သံအမတ်ကြီး Robert H.K. Chua က ဖွင့်လှစ်ပေးပြီး အခြား သုံးပွင့်ဆိုင် ကယ်ဆယ်ရေး အဖွဲ့ဝင်များ တက်ရောက်သည်။

စင်္ကာပူ သံအမတ်ကြီးက “ရှေ့ပြေးအဖွဲ့က လုပ်ဆောင်နိုင်တာတွေကတော့ သုံးပွင့်ဆိုင်အဖွဲ့က တခြား အဖွဲ့ဝင်တွေကို အောက်ခြေက အဖြစ်အပျက်၊ အခြေအနေ၊ အခက်အခဲတွေကို မျှဝေပေးနိုင်တာပါ။ အာဆီယံ၊ ကုလသမဂ္ဂ၊ မြန်မာအစိုးရတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကနေ ရှေ့ဆက် ကယ်ဆယ်ရေးလုပ်ငန်းတွေ၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။

သုံးပွင့်ဆိုင်အဖွဲ့မှ ၂၅ဝ ဦး ပါဝင်သော နောက်ထပ် အဖွဲ့တဖွဲ့ကို ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းအတွင်းရှိ မုန်တိုင်းသင့် ဒေသများသို့ ယနေ့မှ စတင်ကာ စေလွှတ်ရန် ရှိနေသည်။

အဖွဲ့တွင် မြန်မာ၊ အာဆီယံ၊ ကုလသမဂ္ဂ၊ နိုင်ငံတကာနှင့် ဒေသတွင်းမှ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ တသီးပုဂ္ဂလများ၊ အာရှ ဖွံ့ဖြိုးရေး ဘဏ်နှင့် ကမ္ဘာ့ဘဏ်မှ ဝန်ထမ်းများလည်း ပါဝင်မည် ဖြစ်သည်။ သုံးပွင့်ဆိုင် ကယ်ဆယ်ရေး အဖွဲ့မှ အဖွဲ့ဝင်များသည် မြစ်ဝကျွန်းပေါ် ဒေသမှ အခြေအနေကို လာမည့် ၂ ပတ်အတွင်း အချက်အလက်များ စုဆောင်းကြမည် ဖြစ်သည်။

မြန်မာ စစ်အစိုးရဘက်ကလည်း အဖွဲ့၏ လုပ်ငန်းများအတွက် လိုအပ်သော သယ်ယူပို့ဆောင်ရေး ယာဉ်များကို အထောက်အပံ့ ပေးသည်ဟု ဆိုသည်။ ကား ၂၅ စီး၊ လှေ အစီး ၂ဝ၊ ဖုန်း အလုံး ၇ဝ၊ ဒေသ ပူးပေါင်း ဆောင်ရွက်ရေး တာဝန်ခံ ၅ ဦး၊ မြို့နယ် ၃ဝ တွင် လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဒေသကော်မတီများ ဖွဲ့စည်းခြင်းကို မြန်မာဘက်က လုပ်ဆောင်ပေးသည်ဟု ဆိုသည်။

ဤအတောအတွင်း ပြင်သစ်မှ ဘိုကလေးနှင့် လပွတ္တာမြို့နယ် အတွင်းမှ ဒုက္ခသည်များအတွက် လှူဒါန်းသော အထောက်အပံ့ ပစ္စည်းများသည် ထိုင်းနိုင်ငံမှတဆင့် ရန်ကုန် ဆိပ်ကမ်းသို့ ကြာသပတေးနေ့က ရောက်ရှိသွားသည်။

တန်ချိန် ၁ သောင်းပါသော ကယ်ဆယ်ရေး ပစ္စည်းများတွင် အစားအစာ၊ ခြင်ထောင်၊ ဆေးဝါးနှင့် အခြေခံ ထောက်ပံ့ရေး ပစ္စည်းများ ပါဝင်ပြီး ကုလသမဂ္ဂ အေဂျင်စီဖြစ်သော ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်မှတဆင့် မြစ်ဝကျွန်းပေါ် ဒေသသို့ ပေးပို့ခဲ့သည်။


ဇာဂနာ ပျောက်ဆုံးနေ

ဝိုင်းပီး
သောကြာနေ့၊ ဇွန်လ 06 2008 21:45 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ နှစ်ရက်သာ ကြာမြင့်မည်ဆိုကာ ဖမ်းဆီးသွားခဲ့သော သရုပ်ဆောင် ကိုဇာဂနာ ကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည် ကိုပင် စုံစမ်းမရဘဲ ပျောက်ဆုံးနေကြောင်း မိသားစုဝင်များနှင့် မိတ်ဆွေများက ပြောကြသည်။

အထူးရဲသတင်း တပ်ဖွဲ့များက ဇွန် ၄ ရက်နေ့က မေးမြန်းစရာရှိသဖြင့် ခေါ်ဆောင်ခြင်း ခံရပြီးနောက် ပျောက်ဆုံးနေခြင်း ဖြစ်သည်။

နာဂစ်မုန်တိုင်း လေဘေး ဒုက္ခသည်များကို အနုပညာ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ အင်တိုက်အားတိုက် ကူညီ စောင့်ရှောက်နေရင်း အဖမ်းခံရခြင်း ဖြစ်သည်။

ရဲများက စမ်းချောင်းမြို့နယ်ရှိ သူ၏ နေအိမ်တွင် ဝင်ရောက် ရှာဖွေပြီး စိန်စီသောည၊ ရမ်ဘိုအပိုင်း ၄ ၊ နာဂစ်ရဲ့ ဘဝဆိုးည စသည့် ဗီစီဒီခွေများ၊ နာဂစ်မုန်တိုင်းနှင့် ပတ်သက်၍ ကလေးသူငယ်များ သီဆိုသည့် သီချင်းခွေ၊ စာရင်းစာအုပ် ၂ အုပ်နှင့် ငွေများ သိမ်းဆည်းသွားသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝ အတွင်း ကိုဇာဂနာသည် အာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ၅ ကြိမ်မြောက် ခံခဲ့ရပြီး၊ အနုပညာ လုပ်ငန်းများတွင် ဖျော်ဖြေ တင်ဆက်ခွင့် ပိတ်ပင်ထားခံရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates