Thursday, February 7, 2008

မြေလည်းသိမ်း ခြံဝန်းလည်း ခတ်ခိုင်းသေး

မောင်ဒီး
Wednesday, 06 February 2008 20:09 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ဧရာဝတီတိုင်း ငွေဆောင်ရွာနှင့် ၆ မိုက်အကွာရှိ ၂၃ မိုင်စခန်းအနားတဝိုက်ရှိ မြေယာဧက ၅ဝဝ ကျော်အား အာဏာပိုင်တဦး၏ သမီးဖြစ်သူက ယမန်နှစ်က သိမ်းပိုက်ခဲ့ပြီးနောက် ယခု ရက်ပိုင်းအတွင်း ခြံဝန်းများ ခတ်ရာတွင် ဒေသခံများအား အဓမ္မ ခိုင်းစေနေသည်။

စစ်အရာရှိကြီး တဦးဖြစ်သူ ဗိုလ်ချုပ် ခင်မောင်သန်း၏ သမီးက ဖခင်၏ ရာထူး အရှိန်အဝါဖြင့် ၂၃ မိုင်စခန်း အနီးတဝိုက်ရှိ ဒေသခံများ၏ မြေယာဧက ၅ဝဝ ကျော်အား နစ်နာကြေး မပေးဘဲ ၂ဝဝ၇ ခုနှစ် ဖေဖော်ဝါရီလက သိမ်းပိုက်ခဲ့ပြီး ရော်ဘာစိုက်ပျိုးခဲ့ရာ ခြံဝန်းများ ကာရံရန်အတွက် လိုအပ်သော သစ်များအတွက် ဒေသခံများကို အတင်းအကျပ် လိုက်လံ ရှာဖွေခိုင်းခြင်း ဖြစ်သည်။

“ကျနော်တို့ ရပ်ရွာလူတွေကို လက်ရှိသွားနေတဲ့ အခင်းတွေကို ဖြတ်တဲ့ လူသွားလမ်းတွေကို ပိတ်တယ်။ ပိတ်ပြီးလို့ရှိရင် ကျွဲနွားရှိတဲ့လူ ဆိုရင် ကျွဲတရှဉ်းမှာ သစ်တတန်ခွဲ၊ နွားတရှဉ်းမှာ သစ်တတန်ခွဲ ရှာခိုင်းပြီး ကျွဲနွားမရှိတဲ့ လူဆိုရင် မျှောတရာ၊ အလကားခိုင်းတာ။ မလုပ်ရင် ဒီလမ်းက မသွားရဘူးဆိုပြီး ပြောတာ” ဟု အခိုင်းစေခံခဲ့ရသူ လယ်သမားတဦးက ပြောသည်။

ခြံဝန်းကာရံရန်အတွက် ကျွဲနွားရှိသူများက အခမဲ့ ရှာဖွေပေးရသည့် သစ်တတန်သည် ကာလတန်ဖိုးအရ ၄ သောင်းခန့် ရှိနေပြီး သစ်မပေးနိုင်ပါက နွားပိုင်ရှင်မှာ ငွေကျပ် ၄ သောင်း၊ ကျွဲပိုင်ရှင်မှာ ငွေကျပ် ၆ သောင်း ပေးနေရကြောင်း သူက ပြောသည်။

အဆိုပါ သိမ်းပိုက်ခံရသည့် မြေနေရာများတွင် ယခင်က ယာထွက်သီးနှံများဖြစ်သော ငှက်ပျောပင်၊ ပိန္နဲပင်၊ သရက်၊ ရှောက်ပင်၊ မကျည်းပင်၊ မာလကာ၊ အုန်းပင် စသည့် သီးပင်များကို ဒေသခံများက စိုက်ပျိုးခဲ့ကြသည်။

မြေပိုင်ရှင်များအနေနှင့် တနှစ်လျှင် အနည်းဆုံး ကျပ်ငွေ သိန်း ၃ဝ အထက် ဝင်ငွေရခဲ့သည့် သူတို့ ပိုင်ဆိုင်ခဲ့သော မြေနေရာများအား ရာထူး အရှိန်အဝါဖြင့် အဓမ္မ သိမ်းပိုက်ပြီး နစ်နာကြေး မပေးသည့်အတွက် မကျေမနပ် ဖြစ်နေကြပြီး အထက်သို့ တိုင်ကြားရန်လည်း ပြင်ဆင်နေကြသည်။



ဒီချုပ် ဖိတ်ခေါ်ချက် တိုင်းရင်းသားအဖွဲ့များ ကြိုဆို

သန်းထိုက်ဦး၊ ဖနိဒါ
Wednesday, 06 February 2008 18:50 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ငြိမ်းချမ်းရေး ယူထားသော အပစ်ရပ်အဖွဲ့များ အပါအဝင် ပြည်တွင်းမှ တိုင်းရင်းသား အဖွဲ့များ အနေနှင့် မူဝါဒရေးရာ ကျေလည်မှုမရှိလျှင် လာရောက် ဆွေးနွေးနိုင်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ယမန်နေ့က ကမ်းလှမ်းချက်အပေါ် ပြည်တွင်းပြည်ပမှ တိုင်းရင်းသား အင်အားစုများက ကြိုဆိုလိုက်ကြသည်။

ယမန်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ နိုဝင်ဘာလ ၈ နေ့စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်အပေါ် အချို့သော တိုင်းရင်းသားအဖွဲ့များက အမြင်ကွဲလွဲမှုများ ရှိခဲ့လျှင် လာရောက် ဆွေးနွေးနိုင်ကြောင်း ပထမဆုံးအကြိမ် ဖိတ်ခေါ်လိုက်ခြင်း ဖြစ်သည်။

“မစ္စတာဂမ်ဘာရီက တဆင့်ထုတ်ပြန်ချက်မှာ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားများ အရေးကိုလည်း သူက တာဝန်ရှိတယ်လို့ ခံယူတယ်ဆိုတာ ပါတယ်လေ။ တချို့သော တိုင်းရင်းသား အဖွဲ့အစည်းတွေက သူတို့က သတင်းစာထဲမှာ သဘောမတူတဲ့အကြောင်း ထုတ်ပြန်ခဲ့တယ်။ ဒါဟာ ဒီမိုကရေစီ ကျင့်စဉ်ပဲလို့ သဘောတူတယ်။ အလားတူပဲ နှစ်ဖက် တွေ့ဆုံဆွေးနွေးခြင်းသည်လည်း ဒီမိုကရေစီ ကျင့်စဉ်ပဲလို့ လက်ခံတယ်။ ဒါကြောင့် မိမိတို့ရဲ့ သဘောထားအမြင် မတူညီတဲ့ ကိစ္စတွေကို တိုင်းရင်းသား အဖွဲ့တွေအနေနဲ့ လာရောက် ဆွေးနွေးနိုင်ပါတယ် ဆိုပြီး ဖိတ်ခေါ်တာပါ” ဟု အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။

ယခုအချိန်ထိ လာရောက်ဆွေးနွေးရန် ကမ်းလှမ်းထားသော အဖွဲ့များ မရှိကြောင်းလည်း သူက ပြောသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၄ ရက်နေ့တွင် ပအိုဝ်း ငြိမ်းချမ်းရေးအဖွဲ့ ပီအန်အိုနှင့် ပြည်ထောင်စု ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်၊ နိုဝင်ဘာ ၁၈ ရက်နေ့တွင် ဝအမျိုးသား ညီညွတ်ရေး တပ်မတော် (ယူဒဗလျူအက်စ်အေ)၊ ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားအဖွဲ့၊ ကိုးကန့်တပ်ဖွဲ့၊ ကချင် ကာကွယ်ရေးတပ်ဖွဲ့ (အေဒီအေ)၊ ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) အပစ်အခတ်ရပ် အဖွဲ့များသည် ဒေါ်အောင်ဆန်းစုကြည်၏ ကြေညာချက်ကို မထောက်ခံကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။

စစ်အစိုးရ သတင်းစာများတွင် နေ့စဉ်ရက်ဆက် ဖော်ပြခဲ့သော ငြိမ်းအဖွဲ့များ၏ ကြေညာချက်များသည် စစ်အစိုးရ၏ အသင့်ရေးပြီးသား ကြေညာချက်အပေါ် ဖိအားပေးကာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း ငြိမ်းအဖွဲ့ အချို့က ပြောသည်။

နိုဝင်ဘာလ ၁ဝ ရက်နေ့ကလည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဇိုမီး အမျိုးသားကွန်ဂရက်၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ အပါအဝင် တိုင်းရင်းသားအဖွဲ့ ၁၂ ဖွဲ့က ဒေါ်အောင်ဆန်းစုကြည်၏ ကြေညာချက်ကို ထောက်ခံကြောင်း သဘောထား ထုတ်ပြန်ခဲ့သေးသည်။

အဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အပေါ် အပစ်ရပ် ကေအိုင်အိုမှ ပြောခွင့်ရ ဗိုလ်မှူးကြီး ဂွမ်မော်က “မနေ့က ထုတ်ပြန်တယ် ဆိုတာတော့ ကြားတယ်။ ဒါပေမဲ့ မဆွေးနွေး ဖြစ်သေးပါဘူး။ တော်လှန်ရေးနေ့ပွဲ အလုပ်များနေလို့။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ မဆွေးနွေးရသေးပါဘူး။ ပြီးတော့ ဘယ်လို သဘောထားလည်း မရှိသေးပါဘူး။ နောက်ပိုင်း အစည်းအဝေးလုပ်တဲ့ အချိန်ကျမှ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးမှာပါ” ဟု ပြောသည်။

ယူအန်အေခေါ် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပူးကျင့်ရှင်းထန်က “အခု ကန့်ကွက်နေတဲ့ လူတွေက သူတို့ ဆိုလိုတဲ့သဘော အန်အယ်ဒီတော့ မဟုတ်ဘူး၊ ဒေါ်စု ဆိုလိုတဲ့သဘော မရှင်းလို့ ဒီလို ပြောမိတာလား။ ရှင်းရဲ့သားနဲ့ တခုခု ဒါမှမဟုတ် တဖွဲ့ဖွဲ့၊ ဒါမှမဟုတ် အာဏာပိုင်တွေက အဲလို မင်းတို့လုပ်ပါ ဆိုပြီးတော့ ခိုင်းလို့ လုပ်တာလား။ အဲဒါလည်း ပေါ်လွင်အောင် လိုချင်တာနဲ့ တူတယ်။ ဒါမှမဟုတ်ရင် ကိုယ်တိုင် ရှိရင်လည်းပဲ ဒီလိုဖြစ်တယ်ဆိုတာ လာဆွေးနွေးဖို့ ကမ်းထားတယ်လို့ အဲဒီလိုပဲ ကျနော် သဘောပေါက်တယ်” ဟု ပြောသည်။

မွန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒု ဥက္ကဌ ဦးနိုင်ငွေသိန်းက “အမျိုးသား ပြန်လည် သင့်မြတ်ရေးဟာ၊ တွေ့ဆုံ ဆွေးနွေးရေးဟာ အကောင်းဆုံးနည်းပဲ။ ဒီလိုမှ မလုပ်နိုင်လို့ရှိရင် တခြားနည်းလမ်းနဲ့ ဖြစ်ပေါ်လာရင်တော့လား တိုင်းပြည်အတွက် ကောင်းကျိုးမပေးနိုင်ဘူး။ ဆိုးကျိုးပဲ ပေးနိုင်တယ်လို့ ကျနော်တို့ ဒီလိုပဲ မြင်ပါတယ်” ဟု ပြောသည်။

ပြည်ပတွင် အခြေစိုက်သည့် အီးအန်စီ ခေါ် တိုင်းရင်းသား လူမျိုးများကောင်စီ (ပြည်ထောင်စု မြန်မာနိုင်ငံ)၏ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ ဆလိုင်းဆာခေါင်းကလည်း အန်အယ်ဒီ၏ ကမ်းလှမ်းချက်ကို ကြိုဆိုလိုက်ပြီး ပြည်တွင်းရှိ တိုင်းရင်းသား အင်အားစုများ အနေနှင့် အန်အယ်ဒီ၏ ဖိတ်ခေါ်ချက်အတိုင်း သွားရောက် ဆွေးနွေးသင့်သည်ဟု ပြောသည်။

အီးအန်စီသည် ဒေါ်အောင်ဆန်းစုကြည် ကြေညာချက်ကို ထောက်ခံခဲ့သော အဖွဲ့ဖြစ်သည်။



ILO သို့ အဖြစ်မှန် မပြောရေး ခြိမ်းခြောက်ခံခဲ့ရဟု ဒေသခံများက ပြော

ထိန်လင်း
Wednesday, 06 February 2008 16:10 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ အဓမ္မ လုပ်အားပေး စေခိုင်းမှုနှင့် ပတ်သက်၍ တိုင်တန်းထားသော အမှုကို စစ်ဆေးရန်လာသော အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်သို့ အဖြစ်မှန်များ ထုတ်ဖော်ပြောဆိုခြင်း မပြုနိုင်ရန် အာဏာပိုင်များက ခြိမ်းခြောက်ခဲ့ကြောင်း တောင်တွင်းကြီး ဒေသခံများ အပြောအရ သိရသည်။

တောင်တွင်းကြီးနယ်အတွင်း ဒေသအာဏာပိုင်များက လုပ်အားပေးခိုင်းစေခဲ့ပုံကို အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (အိုင်အယ်လ်အို) သို့ တိုင်ကြားမှုရှိခဲ့သဖြင့် အိုင်အယ်လ်အို ကိုယ်စားလှယ် စတီဗင်မာရှယ်သည် ဖြစ်ရပ်မှန်ကို စစ်ဆေးရန်အတွက် ဇန်နဝါရီ ၃၁ ရက်နေ့တွင် တောင်တွင်းကြီးသို့ လာရောက်ခဲ့သည်။

“အရာရှိက ကိုဘိုထွန်းနဲ့ တွေ့ဖို့လာရော၊ ကြံ့ဖွံ့တွေ၊ စွမ်းအားရှင်တွေ၊ မယကတွေက ကြိုလာတယ်။ ကိုဘိုထွန်းကို လုံးဝ အပြောမခံဘူး။ လွတ်လွတ်လပ်လပ် ပြောပါလို့ အရာရှိကိုပြောပြီး အိမ်ဘေးပတ်လည်မှာ စွမ်းအားရှင်တွေ အပြည့် ထည့်ထားလိုက်တော့ ဘာမှကို မပြောရဲဘဲ ဖြစ်သွားတယ်” ဟု ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

ကိုဘိုထွန်းနှင့် ကိုကျော်မြင့်သည် ယမန်နှစ်က မြို့သစ်မြို့နယ်ရှိ ပုလင်းရွာနှင့် ဆူးတက်ကြီးရွာများမှ ဒေသခံများအား လမ်းဖောက်၊ ဆည်မြောင်း ဖောက်ခိုင်းရာတွင် အာဏာပိုင်များက တအိမ်တယောက် အဓမ္မ လုပ်အားပေးခိုင်းပြီး ငွေများလည်း ထည့်ဝင်ခဲ့ရပုံကို ILO သို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

“ဒီကိစ္စ ဘယ်သူ စတိုင်တာလဲဆိုပြီး ခေါ်မေးတော့ သူ့မှာ ဘာမှကို ဆက်မပြောရဲတော့ဘူး။ တိုက်ရိုက် မဟုတ်ပေမဲ့ သွယ်ဝိုက်တဲ့ နည်းတွေနဲ့ ဖိအားအမျိုးမျိုး ပေးနေတော့ အခုဆို အနေအထိုင်ကျပ်ပြီး မလုပ်ရဲတော့ဘူးပေါ့ဗျာ” ဟု ကိုဘိုထွန်းနှင့် နီးစပ်သူတဦးက ပြောသည်။

မယက ဥက္ကဋ္ဌ က အမှုစစ်ဆေးရန် ရောက်ရှိလာသော ILO အရာရှိကို အမှုဖြစ်ပွားရာ နေရာများသို့ ဒေသခံ တိုင်ကြားသူများမှ လိုက်လံ ပြသခွင့် မပေးဘဲ လုပ်အားပေး စေခိုင်းခံရသော ဒေသခံများနှင့်လည်း တွေ့ဆုံခွင့် မပေးခဲ့ကြောင်း ဒေသခံ တဦးကလည်း ပြောသည်။



လွတ်ကျခဲ့တဲ့မြို့တော်သို့ သူငယ်ချင်းများက အမှတ်တရရှိကြ

နေသွင်
Wednesday, 06 February 2008 16:00 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ဖမ်းဆီး ထိန်းသိမ်းခံနေသော ဘလော့ဂ်ဂါနေဘုန်းလတ်၏ “ကျွန်တော် လွတ်ကျခဲ့သောမြို့တော်” ဘလော့ စတင်ရေးသားခြင်း တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ယနေ့တွင် မြန်မာဘလော့ဂ်ဂါတစုက “နေဘုန်းလတ်သို့” ဟုအမည်ပေးထားသော အမှတ်တရ ပို့စ်အသစ် တခုကို စုပေါင်း ရေးသားလိုက်ကြသည်။

နေဘုန်းလတ်၏ ဘလော့ဂ်၊ nayphonelatt.blogspot.com အကြောင်း၊ သူဖြတ်သန်းခဲ့သော ဘလော့ဂ်ဂါဘဝနှင့် ရေးဖော်ရေးဘက်များက သတိတရ ရှိနေကြောင်းကို ရိုးရိုးရှင်းရှင်း ရေးသားထားခြင်း ဖြစ်ပြီး ဘလော့ဂ်ပေါင်း (၅ဝ) တွင် တပြိုင်နက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ယခုကဲ့သို့ ဘလော့ဂ်ဂါတယောက်အတွက် သူ၏မိတ်ဆွေများက အမှတ်တရ စုပေါင်းပို့စ်တင်ခြင်းသည် ပထမဆုံး အကြိမ်ဖြစ်ပြီး “ကိုနေဘုန်းလတ်ဟာ လူချစ်လူခင်ပေါများပြီး ဘလော့ဂ်ဂါတွေကို သံယောဇဉ်ကြီး သူဖြစ်တတယ်။ သူဟာ အခုလို အထိမ်းအမှတ်နဲ့ ထိုက်တိုက်ပါတယ်” ဟု အမည်မဖော်လိုသော ပြည်ပမှ ဘလော့ဂ်ဂါတဦးက မဇ္ဈိမသို့ ပြောသည်။

“ကျနော်တို့က အခုလို ဘလော့ဂ် တနှစ်ပြည့်တာ၊ မွေးနေ့စာတွေမှာ ထူးခြားတဲ့ ပို့စ်လေးတွေ တင်လေ့ရှိပါတယ်။ အခု နေဘုန်းလတ် ဘယ်ရောက်နေတယ် ဘာဖြစ်နေတယ် မသိရသလို သူလည်း ပို့စ်တင်ဖြစ်မှာ မဟုတ်ပါဘူး။ ဒီတော့ Comment ရေးမရမယ့် အတူတူ ငါတို့ ပို့စ်တင်ပေးကြမယ်ဆိုပြီး လုပ်လိုက်ကြတာပါ။ သတိရသူ အားလုံး ပါဝင်ရေးသားကြတဲ့ အစီအစဉ်ပါ။ ကျနော် ထင်တယ်။ မြန်မာ ဘလော့ဂ်တွေ (၇ဝ) ရာခိုင်နှုန်းလောက် တင်ကြလိမ့်မယ်၊ ကျနော်တို့ရဲ့ စည်းလုံးညီညွတ်မှုကို ပြရာလည်း ရောက်တာပေါ့” ဟု သူက ဆက်ပြောသည်။

လောလောဆယ်တွင် မြန်မာဘာသာဖြင့် ရေးသားထားသော ဘလော့ဂ်ပေါင်း အနည်းဆုံး (၂ဝဝ) ခန့် ရှိသည်။

နေမျိုးကျော်ခေါ် နေဘုန်းလတ်သည် ဇန်နဝါရီလ (၂၉) ရက်နေ့ကတည်းက ထူးဆန်းစွာ ပျောက်ဆုံးနေပြီး လွန်ခဲ့သော (၂) ရက်က ပြည်ထဲရေး ဝန်ကြီးဌာနတွင် အမှတ်မထင် မြင်ခဲ့ရကြောင်း ပြည်ထဲရေး ဌာနတွင် (၂) ရက်ကြာ ထိန်းသိမ်းခံရပြီးမှ ပြန်လွှတ်လာသော ဒဂုံမြို့သစ်မှ အန်အယ်ဒီ အဖွဲ့ချုပ်ဝင် လူငယ်များက မဇ္ဈိမကို ပြောသည်။

“ကျနော်သည် အနုပညာကို ရူးသွပ်သူ လူငယ်တယောက်ပါ” ဟု ဝန်ခံထားသော ဘလော့ဂ်ဂါ နေဘုန်းလတ်သည် သူ၏ဘလော့ဂ်တွင် “တနှစ်အတွင်း စာကောင်းစာသန့် (၁၂၂) ပုဒ်ကို မွေးထုတ်ပေးခဲ့ပြီး၊ ဒီစာတွေကြောင့် ဖတ်သူတွေ သုတပန်းတွေ၊ လန်းလာခဲ့တယ်။ ရသလမ်းတွေ ဆန်းလာခဲ့တယ်။ ပညာမီးတွေ လင်းပလာခဲ့တယ်” ဟု မြန်မာဘလော့ဂ်ဂါတစုက အမှတ်တရ ရေးသည့်စာတွင် ရေးသားထားသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates