Tuesday, February 26, 2008

မန္တလေး ရတနာပုံဈေး မီးလောင်

မဇ္ဈိမသတင်းဌာန
Monday, 25 February 2008 10:32 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ မန္တလေး ရတနာပုံ ဈေးကြီးတွင် ယနေ့ နံနက် ၈းဝဝ နာရီမှစ၍ မီးလောင်မှု ဖြစ်ပွားရာ သတင်းပေးပို့ချိန် နံနက် ၉းဝဝ နာရီအထိ ဆက်လက် လောင်ကျွမ်းနေဆဲ ဖြစ်သည်။ မန္တလေးမြို့တွင် တပတ်အတွင်း နှစ်ကြိမ်မြောက် မီးအကြီးအကျယ် လောင်ကျွမ်းမှု ဖြစ်သည်။

မီးဆက်လက် လောင်ကျွမ်းဆဲဖြစ်ပြီး နာမည်ကျော် အမ်ကေ ဖက်ရှင် အဝတ်အစား ဆိုင်ဘက်သို့ မီးကူးစက် လာနေသည်။ “နောက် တနာရီလောက် ကြာရင် အကုန်ကုန်မှာပဲ” ဟု မီးလောင်ရာနေရာတွင် ရောက်ရှိနေသူ တဦးက ပြောသည်။

ရတနာပုံ တယ်လီပေါ့တ်သည်လည်း မီးသင့်နေသည်။ ဖေဖော်ဝါရီ ၂၄ ရက်နေ့ကလည်း ၈၄ လမ်းမပေါ်ရှိ ၂၅-၂၆ လမ်းတွင် မီးလောင်ရာ လူအသေအပျောက်ပင် ရှိခဲ့သည်။

ဈေးဖွင့်ကာစမှာပင် မီးစတင်လောင်ကျွမ်းမှု ဖြစ်သည်။ လျှပ်စစ်ဝိုင်ယာကြိုး ရှော့ဖြစ်ရာမှ မီးလောင်မှု ဖြစ်ပွားခြင်း ဖြစ်သည်ဟု ကနဦး သတင်းများက ပြောသည်။

မီးခိုးလုံးများ ထူထပ်နေသောကြောင့် မီးသတ်သမားများမှာ အထဲဝင်၍ မရနိုင်ဘဲ ဖြစ်သည်။

“ဆိုင်ရှင်တွေကော လူတွေကော စိတ်ပျက်လက်ပျက်နဲ့ ရပ်ကို ကြည့်နေကြရတာ” ဟု မျက်မြင်သက်သေ တဦးက ပြောသည်။

ရတနာပုံဈေးသည် ၃၂ လမ်းနှင့် ၇၈ လမ်းထောင့်တွင် တည်ရှိပြီး နာမည်ကျော် မန္တလေး MICT park ကွန်ပြူတာဈေး၊ Skywalk အရောင်းဆိုင်များ၊ Orange ဆူပါမားကက်၊ စနူကာဆိုင်များ၊ စားသောက်ဆိုင်များနှင့် ရာပေါင်းများစွာသော ဆိုင်ခန်းများ ပါဝင်သည်။ ဈေးချိုဈေးအကြီးအပြီး ဒုတိယအကြီးဆုံးသော ရတနာပုံဈေးကို ၂ဝဝ၃ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့သည်။

မြန်မာစံတော်ချိန် ၁၁ နာရီခန့်တွင် မီးလောင်စရာ မကျန်တော့၍ မီးညွှန့် ကျိုးသွားပြီ ဖြစ်ကြောင်း သတင်းပေးပို့သည်။

စားသောက်ဆိုင်များမှ ဓာတ်ငွေ့အိုးများ ပေါက်ကွဲသည်ကို အတိုင်းသား ကြားခဲ့ရကြောင်း ဒေသခံများက ပြောသည်။

----------------

မန္တလေး ရတနာပုံဈေးတွင် လောင်ကျွမ်းသော မီးမှာ လွန်ခဲ့သည့် နာရီဝက်ခန့် (မြန်မာစံတော်ချိန် ၁၈း၀၀ နာရီ) က လုံးဝ ငြိမ်းသွားပြီ ဖြစ်သည်။

ပြင်ဦးလွင်၊ ကျောက်ဆည်၊ စစ်ကိုင်းတို့မှလည်း မီးသတ်ကားများ ရောက်ရှိ ငြိမ်းသတ်ခဲ့ရသည်။

မန္တလေးဆေးရုံကြီး အရေးပေါ်ဌာနသို့ မီးလောင်ဒဏ်ရာ ရရှိသူများ ရောက်ရှိလာခဲ့ကြသည်။ အသေအပျောက် ဆုံးရှုံးမှု အသေးစိတ် ထုတ်ပြန်ခြင်း မရှိသေးပေ။

yadanarpon-fireyadanarpon-fire
yadanarpon-fire
မန္တလေးမြို့ ရတနာပုံဈေးတွင် တင်္နလာနေ့ ဖေဖော်ဝါရီ ၂၅ ရက်၊ ၂၀၀၈ ခုနှစ်က မီးလောင်ရာ မီးခိုးလုံးများ ထိုးတက်နေစဉ်။ ဓာတ်ပုံ- နေးတစ်မြန်မာဖိုရမ်။


ဘေဂျင်း အိုလံပစ် သပိတ်မှောက်ရန် ၈၈ များ တောင်းဆိုပြီ

နေသွင်
Monday, 25 February 2008 15:49 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ စစ်အစိုးရကို ကျောထောက်နောက်ခံ ပေးနေသော တရုတ်အစိုးရကို ဆန့်ကျင်ကြောင်း ပြသသည့် အနေဖြင့် လာမည့် သြဂုတ်လတွင် ကျင်းပမည့် ဘေဂျင်း အိုလံပစ်ပွဲကို သပိတ်မှောက်ကြရန် တကမ္ဘာလုံးရှိ ပြည်သူများကို (၈၈) မျိုးဆက် ကျောင်းသားများက ယနေ့ တောင်းဆိုလိုက်သည်။

တရုတ်သည် မြန်မာနှင့် အဓိက ကုန်သွယ်ဖက် ဖြစ်ရုံမျှမက စစ်လက်နက် ပစ္စည်းများကို ထောက်ပံ့ကာ၊ နိုင်ငံတကာ မျက်နှာစာ၊ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတို့တွင် စစ်အစိုးရကို ခုခံ ကာကွယ်ပေး နေသည်ဟု (၈၈) မျိုးဆက် ကျောင်းသားများ အဖွဲ့က အပြစ်တင်လိုက်ပြီး၊ အိုလံပစ်ကို အကြောင်းပြ ထုတ်လုပ်သော တရုတ် ရောင်းကုန်များကို မဝယ်ယူကြရန် တကမ္ဘာလုံးကို တိုက်တွန်းထားသည်။

“ကမ္ဘာ့နိုင်ငံ အသီးသီးရှိ ပြည်သူ အယောက်တိုင်းသည် တရုတ် အိုလံပစ်ပွဲတော်ကို တီဗွီမှ မကြည့်ရှုကြဘဲ၊ လူမျိုးတုံး သတ်ဖြတ်မှု၏ သင်္ကတ၊ ရွှေဝါရောင် တော်လှန်ရေး၏ အောက်မေ့ဖွယ် သဘောထားကာ သပိတ်မှောက်ကြပါ” ဟု ယနေ့ထုတ်ပြန်သော (၈၈) မျိုးဆက် ကျောင်းသားများ၏ ကြေညာချက်တွင် ပါရှိသည်။

(၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်သူ ကိုထွန်းမြင့်အောင် “ပြည်သူတွေကို ဖိနှိပ်နေတဲ့ အကြမ်းဖက်နေတဲ့ အစိုးရကို ထောက်ခံ အားပေးခြင်းဟာ ကျနော်တို့ ပြည်သူတွေကို သွယ်ဝိုက်ပြီး ဖိနှိပ်နေတယ်လို့ ခံစားရတယ်။ အဲဒါကို ကျနော်တို့က ဆန့်ကျင်ပြီး ဆန္ဒပြခြင်း ဖြစ်တယ်” ဟု မဇ္ဈိမသို့ ပြောသည်။

တရုတ်အစိုးရသည် မြန်မာ့နိုင်ငံရေး ပြဿနာကို “ပြည်တွင်းရေး” ဟုဆိုကာ လက်ရှောင်လေ့ ရှိသော်လည်း စစ်အစိုးရကို ငွေကြေး၊ စစ်လက်နက်နှင့် ထောက်လှမ်းရေး နည်းပညာများကို အဓိက ထောက်ပံ့မှုများ ပေးနေသဖြင့် စစ်အစိုးရ၏ ဖိနှိပ်မှုများအတွက် သွယ်ဝိုက် တာဝန်ရှိသည်ဟု ကျောင်းသားများက ပြောသည်။

ကိုထွန်းမြင့်အောင်က “စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး လှုပ်ရှားမှုပြီးတဲ့ နောက်ပိုင်း မကြာမီမှာဘဲ ပြောင်ပြောင်တင်းတင်းဘဲ စစ်ကားတွေ၊ စစ်လက်နက်တွေ ထောက်ပံ့နေတယ်ဗျာ။ အဲတော့ တရုတ်အစိုးရဟာ အဖိနှိပ်ခံ ပြည်သူတွေကို အကာအကွယ်ပေးဖို့ ကိစ္စမှာ ဒါဟာ ပြည်တွင်းရေး ကိစ္စဆိုပြီး လက်ရှောင်တယ်ဗျာ၊ ပြည်သူတွေကို ဖိနှိပ်နေတဲ့ စစ်အစိုးရကို ငွေကြေးတွေ၊ လက်နက်တွေ၊ ထောက်လှမ်းရေး နည်းပညာတွေကို ထောက်ပံ့မှုတွေ ပေးတာကြတော့ ပြည်တွင်းရေး ကိစ္စ မဟုတ်တော့ဘူး” ဟု ပြောသည်။

ယခင်ကလည်း (၈၈) မျိုးဆက် ကျောင်းသားများသည် မြန်မာပြည်တွင် အမျိုးသားရင်ကြားစေရေး ပေါ်ပေါက်လာရေးအတွက် ကူညီဆောင်ရွက်ပေးရန်၊ စစ်အစိုးရအပေါ် သြဇာရှိသော တရုတ်အစိုးရထံ အကြိမ်ကြိမ် မေတ္တာ ရပ်ခံခဲ့သော်လည်း တရုတ်အစိုးရဘက်က တုံ့ပြန်မှု မပြခဲ့ပါ။

တရုတ် အိုလံပစ်ပွဲတော် ကျင်းပမည့်နေ့သည် မြန်မာပြည်တွင် လူထောင်ပေါင်းများစွာကို စစ်အစိုးရက သတ်ဖြတ်ခဲ့သော (၈) လေးလုံး အရေးတော်ပုံကြီး၏ အနှစ် (၂ဝ) ပြည့်နှင့်လည်း တိုက်ဆိုင်နေသည်။

အိုလံပစ်ပွဲတော်ကို တရုတ်နိုင်ငံ၊ ဘေကျင်းတွင် သြဂုတ်လ (၈) ရက်နေ့၊ နံနက် (၈) နာရီ (၈) မိနစ်၊ (၈) စက္ကန့် အချိန်၌ အခမ်းအနားဖြင့် ဖွင့်လှစ်ပြီး သြဂုတ် (၂၄) ရက်နေ့အထိ ကြာမြင့်မည် ဖြစ်သည်။ လူ့အခွင့်အရေး ချိုးဖောက်မှု၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စတွင် နာမည်ပျက်နေသော တရုတ် အစိုးရသည် အိုလံပစ်ပွဲတော်ကို ကမ္ဘာဇာတ်ခုံပေါ်တွင် တရုတ်နိုင်ငံ၏ အရေးပါမှု၏ ပြယုဂ်အဖြစ် အသုံးချဖွယ်ရှိဟု သုံးသပ်မှုကြသည်။

အိုလံပစ်ပွဲတော် နီးကပ်လာချိန်တွင် အိုလံပစ်ပွဲတော်ကို လူမျိုးတုံး သတ်ဖြတ်မှု၏ သင်္ကေတအဖြစ် သတ်မှတ်ရန် ဝေဖန်ခံရမှုများလည်း တိုးလာနေသည်။ တရုတ်အစိုးရသည် အထူးသဖြင့် ဆူဒန်အစိုးရအား လက်နက်နှင့် ငွေကြေး အဓိက ထောက်ပံ့ ပေးနေသဖြင့် ဒါဖောဒေသတွင် ဖြစ်ပွားနေသော လူမျိုးတုံးသတ်ဖြတ်မှုများ၏ လက်သည် ဖြစ်သည်ဟု ဆိုကြသည်။

သို့သော် တရုတ်အာဏာပိုင်များက ယခုနှစ် အိုလံပစ်ကို အိုလံပစ်သမိုင်းတွင် အကြီးအကျယ်ဆုံးဖြစ် အောင်လုပ်မည်ဟု ကြုံးဝါးထားပြီး၊ အိုလံပစ် ပွဲတော်၏ ဆောင်ပုဒ်အဖြစ် “တကမ္ဘာ၊ တအိပ်မက်” ဟု ကြွေးကြော်နေသည်။



ဗုံးဒဏ်ရာရ မြန်မာလုပ်သား ၁၁ ဦး အဖမ်းခံနေရဆဲဖြစ်

သန်းထိုက်ဦး
Monday, 25 February 2008 17:51 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ထိုင်း-မြန်မာ နယ်စပ်မြို့ မဲဆောက်ရှိ နှစ်ထပ် ရဲစခန်းအချုပ်တွင် ဗုံးဒဏ်ရာ ရထားသည့် မြန်မာလုပ်သား ၁၁ ဦးအား ရုံးတင် စစ်ဆေးခြင်း မရှိဘဲ ယနေ့တိုင် ဆက်လက် ဖမ်းဆီးထားသည်။

ယခုလ ၂၂ ရက် နံနက် ၈ နာရီခွဲတွင် မြန်မာနယ်စပ်အနီး ထိုင်းနိုင်ငံ မဲဆောက်မြို့အပြင်ရှိ အမှိုက်ပုံကြီးတခုတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားသဖြင့် ဒဏ်ရာရသူ မြန်မာလုပ်သားများအား မဲဆောက်ဆေးရုံတွင် ဆေးကုသခံနေစဉ် နေ့လည် တနာရီခန့်တွင် ထိုင်းရဲက စစ်ဆေးရန်ဟု ဆိုကာ လာရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

“ကျနော်က လိုအပ်လို့ ဘာသာ ပြန်ပေးနေတုန်း ထိုင်းရဲက စစ်ဆေးဖို့ဆိုပြီး လာဖမ်းသွားတာပါ” ဟု အမည်မဖော်လိုသူ မြန်မာ လူငယ်တဦးက ပြောသည်။

သူတို့သည် အလုပ်သမားလက်မှတ် ကိုင်ဆောင်ထားသူများ မဟုတ်ဘဲ၊ အမှိုက်ကောက်သည့် အလုပ်ကို လုပ်ကိုင်နေကြသူများ ဖြစ်သည်ဟု သူက ဆက်ပြောသည်။

အခြေအနေ အသေးစိတ် သိရှိနိုင်ရန်အတွက် ရဲစခန်းသို့ ဆက်သွယ် မေးမြန်းရာတွင် တာဝန်ကျ ရဲဝန်ထမ်းက ဖြေကြားရန် ငြင်းဆိုသည်။

၁၁ ဦးစလုံးကို ဆေးကုသခွင့် ဆက်မပေးသောကြောင့် ကိုယ်ခန္ဓာ၌ ဖူးယောင်သူများ ရှိနေသလို၊ လိုအပ်သည့် အစားအသောက်များကိုမူ မဲဆောက်အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့က နေ့စဉ် ထောက်ပံ့ ပေးနေသည်။

အဖွဲ့ တာဝန်ခံ ကိုမိုးဆွေက “ဆေးရုံမှာ ဆေးကုသတဲ့ လူတွေကို လာပြီးတော့ ဖမ်းတာက လူ့အခွင့်အရေး ရှုထောင့်အရဆိုရင် ဒါက မလုပ်သင့်တဲ့ ကိစ္စ။ သူတို့က အခုအနေနဲ့ ထားမယ်ဆိုရင် မျက်မြင်သက်သေ အနေနဲ့ ထားလို့မရဘူး။ မျက်မြင်သက်သေ အနေနဲ့ ထားမယ်ဆိုရင် သူတို့ကို အချုပ်ခန်းထဲမှာ မထားသင့်ဘူး။ ဒဏ်ရာလည်း ရထားတဲ့ လူတွေပါတဲ့အတွက် သူတို့ကို ရဲရဲ့ လုံခြုံတဲ့ အိမ်တအိမ်မှာ ထားပေးရမယ်၊ ဆေးကုသခွင့် ပေးရမယ်၊ ရုံးထုတ်ဖို့ လိုမယ်လေ။ ရုံးလည်း မထုတ်ဘူး။ အချုပ်ထဲမှာ အဲဒီအတိုင်း ဖြစ်နေတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

ယခုလို ထိုင်းအာဏာပိုင် ရဲများက မျက်မြင်သက်သေအဖြစ် ထိန်းသိမ်းထားခြင်းနှင့် ပတ်သက်၍ ထိုင်းနိုင်ငံရှိ အစိုးရ မဟုတ်သော မြန်မာ အန်ဂျီအို အဖွဲ့များ အပါအဝင်နှင့် ဖွဲ့စည်းထားသော (Action Network For Migrants) ကလည်း အမှုကို အမြန်ဆုံး စစ်ဆေးပေးရန်နှင့် ထိန်းသိမ်းထားသူများကို ဆေးကုသခွင့် ပေးကာ၊ ဒဏ်ရာရသူများကို သင့်တော်သည့် နေရာတွင် ထားပေးရန်အတွက် ထိုင်းလူ့အခွင့်အရေး ကော်မရှင်ထံမှတဆင့် စာပေး၍ တောင်းဆိုထားသည်။

ထိုင်းရဲက ဆေးရုံသို့ လာရောက် ဖမ်းဆီးစဉ်က ဒဏ်ရာပြင်းထန်သူ နှစ်ဦးကို ချန်ထားခဲ့ကြောင်းနှင့် ယခုအခါ အသက် ၈ နှစ်အရွယ် အောင်ဘိုဘို တဦးသာ ဆက်လက်၍ ဆေးကုသခံယူနေကြောင်း သိရသည်။



ဒေါ်စု ရွေးကောက်ပွဲ ဝင်ခွင့်မရ ဆိုခြင်းအပေါ် အဖွဲ့ချုပ်တုံ့ပြန်

နေသွင်
Monday, 25 February 2008 18:49 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင် အရွေးခံခွင့်မရှိ ဟူသော ပြောဆိုချက်အပေါ် “ပုဂ္ဂိုလ်ရေး ထိုးနှက်ချက်” ဟု ဆိုကာ စစ်အစိုးရအ နေဖြင့် ပြောပိုင်ခွင့် မရှိဘဲ ပြောခြင်းဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယနေ့ တုံ့ပြန်လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော် ဖခင်ကြီး၊ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့မှ မွေးဖွားလာသော မြန်မာနိုင်ငံသားတဦး ဖြစ်သဖြင့် ယခု ပြောဆိုမှုသည် ဒေါ်အောင်ဆန်းစုကြည် အပေါ် နိုင်ငံရေးနှင့် ပုဂ္ဂိုလ်ရေး ထိုးချက်နှက် ဖြစ်သည်ဟု အဖွဲ့ချုပ်က ပြောသည်။

အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက “ဒီလို ပြောကြားခြင်းဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေလည်း မရှိ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေလည်း မရှိသေးတဲ့ အချိန်မှာ ပြောပိုင်ခွင့် မရှိတဲ့ ပုဂ္ဂိုလ်တဦးက ပြောတာ ဖြစ်တယ်။ အခုလို ပြောကြားခြင်းဟာ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအရ ထိုးနှက်ချက်ဖြစ်ပြီး ပုဂ္ဂိုလ်ရေးကို ပြောဆိုတဲ့ ပြောဆိုချက် ဖြစ်တယ်” ဟု ပြောသည်။

ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ရှိခြင်း၊ မရှိခြင်း ကိစ္စသည် ရွေးကောက်ပွဲ ဥပဒေအရ (သို့မဟုတ်) ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပြောမည်ဖြစ်ပြီး ဥပဒေ မရှိသေးသော အချိန်တွင် ပြောကြားခြင်းသည် ပြောပိုင်ခွင့်မရှိဘဲ ပြောခြင်းဟုလည်း ဦးဥာဏ်ဝင်းက ပြောသည်။

ထို့အပြင် စစ်အစိုးရ၏ ကန့်သတ်ချက်သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာချက် အပိုဒ် (၂) နှင့် (၂၁) တို့တွင် ပါဝင်သော အချက်များကို ချိုးဖောက်မှု ဖြစ်ရုံမျှမက၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် နိုင်ငံတော် တည်ငြိမ်ရေးကို ထိခိုက်စေနိုင်ကြောင်း အန်အယ်ဒီက သတိပေးသည်။

ဦးဥာဏ်ဝင်းက “ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့၏ တိုင်းပြည်အကျိုးအတွက် စကားပြောနေတဲ့ အချိန်မှာ အခုလို မပြောသင့်၊ မပြောထိုက်တဲ့ဟာကို ပြောတာ ဖြစ်တဲ့အတွက် အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ နိုင်ငံတော် တည်ငြိမ်ရေးကို ထိခိုက်စေနိုင်တယ်” ဟု ပြောသည်။

ယနေ့ ထုတ်ပြန်ချက်သည် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ ဝင်ခွင့်ပေးပါက အန်အယ်ဒီက ရွေးကောက် ပွဲဝင်မည့် သဘောလား ဟူသော မေးမြန်းချက်အပေါ် ဦးဥာဏ်ဝင်းက “အဲဒီအဆင့်က ပြောဖို့ စောပါသေးတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဖွဲ့စည်းပုံက အတည်ဖြစ်လား၊ မဖြစ်လား မသိသေးဘူး။ ရွေးကောက်ပွဲဆိုတာ အဝေးကြီးပါ။ ဒီအချိန်မှာ ဒီဥစ္စာကို ဘာမှ ပြောစရာ မရှိသေးပါဘူး” ဟု တုံ့ပြန်သည်။

“ကျနော်တို့ အခုထိရှိတဲ့ ဥပဒေထဲမှာ လုံးဝမပါဘူး။ အမျိုးသား ညီလာခံက ထုတ်တဲ့ အခြေခံမူထဲမှာ သမတ အရည်အချင်းနဲ့ ပတ်သက်လို့ ပါတယ်။ ကျန်တဲ့ လွှတ်တော် ကိုယ်စားလှယ်ထဲမှာ မပါဘူး” ဟု ဦးဥာဏ်ဝင်းက ပြောသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates