Wednesday, February 6, 2008

မျိုးချစ်သူပုန်များအား နိုင်ငံရေးအကျဉ်းသားများ ခံစားပိုင်ခွင့်ပေးရန် တောင်းဆို

နန်းဒေဝီ
Wednesday, 06 February 2008 12:29 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ အိန္ဒိယနိုင်ငံရှိ လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် မြန်မာ့ဒီမိုကရေစီ အင်အားစုများက စစ်အာဏာရှင်စနစ် တိုက်ပွဲဝင်သူများ ဖြစ်သော ရခိုင်၊ ကရင် မျိုးချစ်သူပုန် ၃၄ ဦးအား နိုင်ငံရေး အကျဉ်းသားများ ရပိုင်ခွင့်ပေးရန် ယမန်နေ့က တောင်းဆိုလိုက်ကြသည်။

၁ဝ နှစ်ကျော်ကြာ ဖမ်းဆီး အကျဉ်းချခံထားရသော မြန်မာ မျိုးချစ်သူပုန်များအား အကျဉ်းသားများ ရပိုင်ခွင့်များဖြစ်သည့် ထောင်တွင်း ခွဲခြားဆက်ဆံမှုများ ရပ်တန့်ရန်၊ မြန်မာ့အစားအစာ စားသောက်ခွင့်၊ ကောင်းမွန်သော ကျန်းမာရေး စောင့်ရှောက်မှုနှင့် အခြေခံ အသုံးအဆောင်များ ဖြစ်သော သွားတိုက်တံ၊ သွားတိုက်ဆေး၊ ဆပ်ပြာမှအစ လုံလောက်စွာ ပေးရန်အတွက် ယမန်နေ့က ကာလကတ္တားတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ကာလကတ္တားတွင် ရောက်ရှိနေသည့် မြန်မာအင်အားစုများ ကိုယ်စား ပြောရေးဆိုခွင့်ရှိသူ ကိုကင်က လတ်တလော အကျဉ်းထောင်အတွင်း ကျခံနေရသူများအတွက် ရသင့်ရထိုက်သော နိုင်ငံရေး အကျဉ်းသားများ အခွင့်အရေးများ ပေးစေလိုကြောင်း မဇ္ဈိမကို ပြောသည်။

သူက “ထောင်ထဲမှာ လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု၊ မြန်မာနိုင်ငံသားတွေ ငယ်ငယ်ကတည်းက စားသောက်လာရတဲ့ အစားအသောက်တွေ စားနိုင်ဘို့ လိုတယ်။ သွားတိုက်တံ၊ သွားတိုက်ဆေးကအစ၊ လုံလောက်တဲ့ ပံ့ပိုးမှု ရရှိဘို့ လိုတယ်။ ဒါတွေအားလုံးက နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဖြစ်တယ်။ တခြား နိုင်ငံရေး အကျဉ်းသားတွေနည်းတူ ရသင့်ရထိုက်တာ ရပြီးတော့ ခွဲခြားဆက်ဆံ ခံနေတာမျိုး မဖြစ်ဘို့ ကျနော်တို့ တောင်းဆိုခဲ့တယ်” ဟု ပြောသည်။

ကိုကင်က “အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးရယ်၊ ၃၄ ယောက် အဖမ်းခံနေရတဲ့ ကိစ္စတွေကို ကျနော်တို့ အဓိကထား ပြောခဲ့တယ်။ နောက်ပြီးတော့ ဒီမိုကရေစီကို ချစ်မြတ်နိုးတဲ့၊ လူ့အခွင့်ရေးကို အထူးလေးစားလိုက်နာတဲ့ အနောက် ဘင်ကော (West Bengal) ပြည်သူတွေကို မြန်မာ့ ဒီမိုကရေစီ အရေးကို အားပေးကြဘို့ တိုက်တွန်းခဲ့တယ်” ဟု ပြောသည်။



၁၄ နှစ်ကြာ အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးသို့ ဦးမတည်ဟု KNO ပြောကြား

ဖနိဒါ
Tuesday, 05 February 2008 21:45 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ၁၄ နှစ်ကြာ အပစ်အခတ်ရပ်စဲရေးသည် ငြိမ်းချမ်းရေးသို့ ဦးမတည်ဘဲ၊ ဖိနှိပ်ချုပ်ချယ် ညှဉ်းပမ်း နှိပ်စက်မှုကိုသာ တမျိုးသားလုံး တွေ့ကြုံခံစားနေရကြောင်း ပြည်ပအခြေစိုက် ကချင် အမျိုးသားအစည်းအရုံး (KNO) က ယနေ့ ပြောဆိုလိုက်သည်။

ယနေ့ ကျရောက်သည့် ၄၇ နှစ်မြောက် ကချင် တော်လှန်ရေးနေ့တွင် ကချင်အမျိုးသား အစည်းအရုံးက ကြေညာချက်တရပ် ထုတ်ပြန်ကာ ယခုလို ပြောဆိုလိုက်ခြင်း ဖြစ်သည်။

KNO တွဲဖက်အတွင်းရေးမှူး ဦးဦမားတူးကလည်း “သွေးအေးတိုက်ပွဲ ခံနေရတယ်။ ကျနော်တို့ရဲ့ နယ်မြေတွေကို ဖက်စပ် လုပ်ကွက်တွေ လုပ်လိုက်တယ်။ ရွာတွေကို ပြောင်းခိုင်းတယ်။ တနိုင်း၊ ဟူးကောင်း နယ်မြေတွေဟာ ကေအိုင်အိုနယ်မြေ ဖြစ်တယ်။ ကျေးရွာတွေကို ရွှေကျင်းတွေ လုပ်ပေးလိုက်တယ်။ ရွာသားတွေ ငြိမ်းချမ်းမှုမရဘူး။ ငြိမ်းချမ်းရေးဘက် ဦးတည်တာ မဟုတ်ဘဲနဲ့ တဖက်မှာ လူမျိုးပျက်သုဉ်းအောင် လုပ်နေတယ်။ ကျနော်တို့ကို သွေးအေးအေးနဲ့ စစ်တိုက်နေတာ ဖြစ်တယ်လို့ ပြောချင်တယ်” ဟု မဇ္ဈိမကို ပြောသည်။

ကြီးမားသည့် ပြဿနာကြီးအဖြစ် ကချင် အမျိုးသမီးငယ်များ အဓမ္မ ကျင့်ခံရသလို၊ လူကုန်ကူးခံရခြင်းများလည်း တည်ရှိနေပြီး မူးယစ်ဆေးဝါးနှင့် အသေအပျောက် များနေခြင်းတို့ကို နအဖ စစ်အစိုးရမှ တစုံတရာ လုပ်ဆောင်ပေးခြင်း မရှိကြောင်း သူက ဆက်ပြောသည်။

၁၉၉၄ ခုနှစ်ကတည်းက စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သော KIO အဖွဲ့မှ သုတေသနနှင့် လေ့လာရေးဌာနမှ ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ဂွမ်မော်ကမူ “အပစ်အခတ် ရပ်စဲထားတဲ့ ၁၄ နှစ် အတောအတွင်းမှာ ခေါင်းစဉ်ငယ်နဲ့ ပြောမယ်ဆိုရင် အများကြီး ရှိပါတယ်။ ဒါပေမဲ့ ကိုယ်က ဘာကို လိုလားတယ် ဆိုတာကို လိုက်ပြီးတော့ တယောက်နဲ့တယောက် အမြင်တော့ မတူဘူး။ အဲဒါကတော့ ပြောမယ်ဆိုရင် အများကြီး ကျယ်ပြန့်မယ်လို့ ထင်တယ်။ ကိုယ်လိုချင်တာ မရပေမဲ့ ကောင်းတာတွေ ရှိပါတယ်” ဟု ပြောသည်။

ယမန်နှစ်က နအဖ အမျိုးသားညီလာခံသို့ တိုင်းရင်းသားလူမျိုးများ တန်းတူရေးနှင့် ပတ်သက်သည့် တောင်းဆိုချက် ၁၉ ချက်နှင့် ပတ်သက်ပြီး KIO ဗိုလ်မှူးကြီးက “ကျနော်တို့ တောင်းဆိုထားတယ်။ ပေးဖို့ကတော့ သူတို့ တာဝန်ပါ။ ဒီညီလာခံကတော့ ပေးတယ်၊ မပေးဘူးဆိုတာ မဖြစ်နိုင်ဘူး။ ဥပဒေမူကြမ်း ရေးဆွဲရေး ကော်မတီမှာတော့ ဥပဒေရှုထောင့်ကနေ ကြည့်မယ်လေ။ ဥပဒေ ရှုထောင့်ကနေ ဘယ်လောက် ပါလာမလဲ ဆိုတာကို ကျနော်တို့ စောင့်နေတယ်။ အလုပ်တခုဆိုတာ ပြီးဆုံးအောင် စောင့်ရမယ်လေ” ဟု ပြောသည်။

ကချင်တော်လှန်ရေးနေ့သည် ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကချင်တမျိုးသားလုံး တန်းတူ အခွင့်အရေး ရရှိရေးအတွက် လက်နက်ကိုင် တော်လှန်ရေးကို စတင်ရာမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

အဆိုပါ နေ့ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည့် အပစ်အခတ်ရပ် KIO သည် ဌာနချုပ်အခြေစိုက်ရာ တရုတ်-မြန်မာနယ်စပ်ရှိ လိုင်ဇာမြို့တွင် ကချင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကချင်ရိုးရာ မနောပွဲကို ယခုလ ၂ ရက်နေ့မှ ယနေ့အထိ ကျင်းပခဲ့သည်။

အခမ်းအနားသို့ မြောက်ပိုင်းတိုင်း ဒု-တိုင်းမှူး ဗိုလ်မှူးချုပ် စံထွန်း၊ ကချင်ယဉ်ကျေးမှု အဖွဲ့များ၊ ကချင်အမျိုးသား ဒီမိုကရက်တစ် တပ်မတော် NDAK၊ ကချင်အမျိုးသား ကာကွယ်ရေး တပ်မတော် KDA ၊ ဝပြည်သွေး စည်းညီညွတ်ရေး တပ်မတော် UWSA၊ ပလောင် ပြည်သူ့လွတ်မြောက်ရေး ပါတီ PLP၊ တရုတ်ပြည် ယူနန်ပြည်နယ်မှ ကချင်ယဉ်ကျေးမှု အဖွဲ့များနှင့် ကချင်ပြည်နယ်ရှိ ခရစ်ယာန် ဘာသာဝင် ဂိုဏ်းပေါင်းစုံလည်း တက်ရောက်ခဲ့သည်။

ထို့အပြင် ကချင်တော်လှန်ရေးနေ့ အခမ်းအနားများကို ဒိန်းမတ်၊ ဂျပန်၊ အိန္ဒိယ၊ မလေးရှား၊ အင်္ဂလန်နှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်လည်း ကျင်းပကြသည်။

နအဖ စစ်ဘက်ရေးရာ လုံခြုံရေးဌာန အရာရှိချုပ် ဗိုလ်ချုပ်ရဲမြင့်သည် ယခုရက်ပိုင်းအတွင်း ရှမ်းပြည် (မြောက်ပိုင်း) ရှိ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေသလို၊ နအဖ ယဉ်ကျေးမှုဝန်ကြီး ဗိုလ်ချုပ် ခင်အောင်မြင့်ကလည်း ယခုလဆန်းပိုင်းက ကချင်ပြည်နယ် အတွင်းရှိ အပစ်ရပ် KIA နှင့် ဒီမိုကရေစီသစ် တပ်မတော် (ကချင်) NDA (K) တို့ကို သွားရောက်တွေ့ဆုံ၍ ရွေးကောက်ပွဲအသစ် ကျင်းပလျှင် ပါတီအဖြစ် အသွင်ပြောင်းကာ ရွေးကောက်ပွဲ ဝင်ရောက်ရေး တိုက်တွန်းခဲ့ကြောင်း ဒေသတွင်း သတင်းများက ဆိုသည်။

KIO ဒုနိုင်ငံခြားရေးဝန်ကြီး ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဂျိမ်းစ်လွမ်းဒေါင်က “ပြည်သူလူထုက လိုချင်တဲ့ သူကို ရွေးချယ်ဖို့ အဖြေရှာရမယ့် အချိန်ရောက်ပါပြီ။ အဲဒီတော့ ပြည်သူတွေ စည်းစည်းလုံးလုံးနဲ့ သွေးစည်းညီညွတ်ပြီး ခေါင်းဆောင်ကို ရွေးချယ်ဖို့ လိုအပ်နေပါပြီလို့ ပြောချင်ပါတယ်။ တော်လှန်ရေး အဖွဲ့အစည်းတွေက အုပ်ချုပ်ဖို့ မဟုတ်တော့ဘူး၊ ပြည်သူတွေကို ဘယ်လို ကာကွယ်မယ် ဆိုတာကို ပြောချင်တယ်” ဟု ပြောသည်။

“လက်နက်ချဖို့နဲ့ ပတ်သက်ပြီး အခုအချိန်အထိ ဘာမှမပြောသေးဘူး။ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်မှာပဲ အခု အစိုးရသစ် တက်လာမှ ဒါနဲ့ပတ်သက်ပြီး ဆွေးနွေးရအောင်လို့ ပြောလာတဲ့အတွက် ဆွေးနွေးပွဲ မရောက်မချင်းက လက်နက် ချပါ၊ မချပါ ဆိုတာ ဘာမှ ပြောဖို့ မလိုသေးဘူး ဆိုတော့ ကျနော်တို့ ဘာမှ မစဉ်းစားသေးပါဘူး” ဟု ဗိုလ်မှူးကြီး ဂွမ်မော်က ပြောသည်။

အမည်မဖော်လိုသူ KIO ဗိုလ်မှူးတဦးကမူ “ကျနော်တို့ လက်ခံနိုင်ရင် လက်ခံမယ်။ လက်မခံနိုင်ဘူး ဆိုရင်လည်း ဘယ်တတ်နိုင်မှာလဲ။ ဒါပေမဲ့ ကျနော်တို့ ရည်ရွယ်ချက်၊ ဦးတည်ချက်၊ လိုချင်တာကတော့ ဖယ်ဒရယ် ပြည်ထောင်စု ဖြစ်ရမယ်။ ဒါပဲ” ဟု မဇ္ဈိမကို ပြောသည်။



အဆိုးဆုံးကို ရင်ဆိုင်ရန် လူထုလှုပ်ရှားမှု ကော်မတီက တိုက်တွန်း

နေသွင်
Tuesday, 05 February 2008 19:32 - မြန်မာစံတော်ချိန်

ချင်းမိုင်း။ ။ လာမည့် ရက်သတ္တပတ်အတွင်း သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးပွဲများ မစတင်ပါက မြန်မာပြည်တွင်းရှိ လူထုလှုပ်ရှားမှု အဖွဲ့များအနေနှင့် ‘အဆိုးဆုံးကို ရင်ဆိုင်ရန်အတွက် ခိုင်မာသော ညီညွတ်မှုနှင့် ပြင်ဆင်ထားကြရန်’ ရန်ကုန်တိုင်း လူထုလှုပ်ရှားမှု ကော်မတီက ယနေ့ တိုက်တွန်းလိုက်သည်။

မဇ္ဈိမက သီးခြားရရှိထားသော ရန်ကုန်တိုင်း လူထုလှုပ်ရှားမှု ကော်မတီ၏ ယနေ့နေ့စွဲဖြင့် ကြေညာချက်တွင် လာမည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် စစ်အစိုးရ အနေဖြင့် သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေးကို စတင်လုပ်ဆောင်ရန် တိုက်တွန်းထားခြင်း ဖြစ်သည်။

“ပြည်သူလူထု တွေ့ကြုံခံစားနေရသော ခါးသီးလှသည့် လူမှုဒုက္ခ အဝဝကို ထပ်ပြီး ပိုမို မဆိုးရွားလာစေရန်နှင့် ပြည်သူလူထု လှုပ်ရှားမှု မဖြစ်ပေါ်စေရန်အတွက် နအဖ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တိုင်းရင်းသားအဖွဲ့ ပေါင်းစုံပါဝင်သည့် ကျယ်ပြန့်သည့် စစ်မှန်သော တွေ့ဆုံဆွေးနွေးပွဲကို ၆၁ နှစ်မြောက် ပြည်ထောင်စုနေ့၌ စတင်ဆောင်ရွက်ရန်” ကြေညာချက်တွင် တောင်းဆိုထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၃ဝ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့နှင့် တွေ့ဆုံစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ မှာကြားချက်ဖြစ်သော ‘အကောင်းဆုံးအတွက် ပြင်ဆင်ထားပါ၊ အဆိုးဆုံးအတွက် ရင်ဆိုင်ဖို့ အသင့်ပြင်ထားပါ’ ဟူသော အချက်ကိုလည်း ကြေညာချက်တွင် ကိုးကားထားသည်။

ထို့အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ လွတ်လပ်ရေးနေ့ တောင်းဆိုချက်ဖြစ်သော ၂ဝဝ၈ ခုနှစ်သည် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှစ် အဖြစ် သတ်မှတ်ရေးကို ထောက်ခံထားပြီး စစ်အစိုးရ အနေဖြင့် ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ၏ တိုက်တွန်းချက်ကို လေးစားရန်လည်း တိုက်တွန်းထားသည်။

ရန်ကုန်တိုင်း လူထုလှုပ်ရှားမှု အဖွဲ့သည် ပြီးခဲ့သည့် လွတ်လပ်ရေးနေ့ကလည်း လာမည့် ပြည်ထောင်စုနေ့ကို နောက်ဆုံးထားပြီး နိုင်ငံရေး အကျဉ်းသားများနှင့် ဖမ်းဆီး ထိန်းသိမ်းထားသူ အားလုံးကို ပြန်လွှတ်ပေးပြီး စစ်မှန်သော တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရန် နအဖခေါင်းဆောင်များအား တိုက်တွန်းခဲ့သေးသည်။

ယခုကြေညာချက်သည် ရွှေဝါရောင် တော်လှန်ရေးတွင် ပေါ်ပေါက်လာသော ရန်ကုန်တိုင်း လူထုလှုပ်ရှားမှု အဖွဲ့၏ ၄ စောင်မြောက် ကြေညာချက် ဖြစ်ပြီး ယခုနှစ်အတွင်း ပထမဆုံး ထွက်ပေါ်လာခြင်း ဖြစ်သည်။



၈၈ မျိုးဆက်ကျောင်းသူ မမီးမီး ကျန်းမာရေး အခြေအနေဆိုးရွား

မောင်ဒီး
Tuesday, 05 February 2008 19:26 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ အင်းစိန်ထောင်အတွင်း ချုပ်နှောင်ခံနေရသည့် ၈၈ မျိုးဆက်ကျောင်းသူ မမီးမီးသည် နှလုံးရောဂါ ခံစားနေရပြီး ဆေးကုသမှုကို ငြင်းဆန်နေကြောင်း အဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ တဦး၏ အဆိုအရ သိရသည်။

၈၈ မျိုးဆက်ကျောင်းသူ မမီးမီးသည် အောက်တိုဘာလ ၁၃ ရက်နေ့က ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်တို့နှင့်အတူ ဖမ်းဆီးခံရကာ အင်းစိန်ထောင်အတွင်း ထိန်းသိမ်းခံနေရသူ ဖြစ်သည်။

“သူက နှလုံးရောဂါ ဝေဒနာ ခံစားနေရတယ်။ ကျနော်တို့ ကြားတာကတော့ မမီးမီးက ဆေးကုသမှု အားလုံးကို ငြင်းဆန်လိုက်ပြီ။ ဆေးကုသမှု မခံတော့ဘူး၊ ဖြစ်လိုရာဖြစ်ဆိုတဲ့ အခြေအနေမျိုး ရောက်နေပြီလို့ မကောင်းတဲ့ သတင်းကြားရပါတယ်” ဟု NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။

နှလုံးအားနည်းသည့် ရောဂါအခံရှိသော မမီးမီး၏ ထောင်တွင်း ကျန်းမာရေး ဆိုးရွားလာမှုအပေါ် အထူး စိုးရိမ်မိကြောင်း မိသားစုဝင်များက အဖွဲ့ချုပ်ရုံးသို့ လာရောက် သတင်းပို့ထားသည်ကို ဦးဉာဏ်ဝင်းက ပြန်ပြောပြခြင်း ဖြစ်သည်။

၁၉၉၆ ခုနှစ်တွင်လည်း သာယာဝတီ ထောင်တွင် အကျဉ်းချခံခဲ့ရသည့် မမီးမီးတွင် ခင်ပွန်းသည် ကိုလှမိုးနှင့် သမီးတဦး၊ သားတဦး ရှိသည်။

စက်တင်ဘာလ ရွှေဝါရောင် တော်လှန်ရေးအတွင်း ဖမ်းဆီးခံထားရသူများထဲတွင် မမီးမီးနှင့်အတူ မသက်သက်အောင်၊ မနိုးနိုး၊ မနီနီဦး တို့လည်း ကျန်းမာရေး အခြေအနေ ပိုမို ဆိုးရွားလာနေသည်ဟု ကြားသိရကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။



အနိုင်ရ မြန်မာလက်ဝှေ့သမားကို ထိုင်းလူငယ်များ ဝိုင်းဝန်းထိုးကြိတ်

နေသွင်
Tuesday, 05 February 2008 17:06 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ထိုင်းနိုင်ငံ မဲဆောက်မြို့စွန်ရှိ ကျေးရွာတရွာတွင် စနေနေ့ညက ပြုလုပ်သော ထိုင်း-မြန်မာ ချစ်ကြည်ရေး လက်ဝှေ့ပွဲတွင် ထိုင်းလက်ဝှေ့သမားအား ကြိုးဝိုင်းအတွင်း အလဲထိုးနိုင်သော မြန်မာ လက်ဝှေ့သမားကို ထိုင်းလူငယ်တစုက ဝိုင်းဝန်းထိုးကြိတ်သဖြင့် မဲဆောက်ဆေးရုံတွင် ဆေးကုသခံခဲ့ရသည်။

မဲဆောက်မြို့အနီးရှိ ကက်ပိဘန်းကျေးရွာမှ ဆရာတော် ပျံလွန်တော်ခြင်း အထိမ်းအမှတ်အဖြစ် ကျေးရွာလူကြီးက ကမကထ လုပ်သော ချစ်ကြည်ရေး လက်ဝှေ့ပွဲတွင် မြန်မာလူငယ် လက်ဝှေ့သမား ကိုမင်းအောင် (၂၅ နှစ်) သည် ဒေသခံ ထိုင်းလူငယ် လက်ဝှေ့သမားအား တတိယအချီတွင် အလဲထိုးလိုက်နိုင်ပြီးနောက် လက်ဝှေ့စင်ပေါ်မှ အဆင်းတွင် မကျေမနပ် ဖြစ်နေသော ထိုင်းလူငယ်တစုက အုပ်စုလိုက် ဝိုင်းဝန်းထိုးကြိတ်ရာမှ ဆေးရုံတက် ကုသခဲ့ရခြင်း ဖြစ်သည်။

“သူတို့ ထိုင်းကို အဲလို အနိုင်ထိုးရမလား ဆိုပြီး ကိုမင်းအောင်က ကြိုးဝိုင်းပေါ်က ဆင်းလာတာ၊ အဲဒီမှာ လက်အိတ်တောင် မဖြုတ်ရသေးဘူး။ ထိုင်းလူငယ်တအုပ်က သူ့ကို ဝိုင်းထိုးကြတယ်။ သံလက်သီးနဲ့ ဝိုင်းထိုးတယ်” ဟု မျက်မြင်သက်သေ တဦးက မဇ္ဈိမကို ပြောသည်။

ထိုင်းလူငယ်တစုက ကြိုးဝိုင်းအတွင်းသို့ အတင်းဝင်ရောက်ကာ ကိုမင်းအောင်အား ထိုးကြိတ်ရန် ကြိုးစားခဲ့သော်လည်း လက်ဝှေ့ဒိုင်လူကြီးက ဝင်ရောက် တားဆီးသဖြင့် မအောင်မမြင် ဖြစ်ပြီးနောက် ကြိုးဝိုင်းမှအဆင်း ဝိုင်းဝန်း တိုက်ခိုက်ကြခြင်း ဖြစ်သည်။

မြန်မာလူငယ်အား ထိုင်းလူငယ်များက အုပ်စုလိုက် ဝိုင်းထိုးနေသော ရုန်းရင်းဆန်ခတ် ဖြစ်နေစဉ် အခြား ထိုင်း လူငယ်များကလည်း မြင်မြင်သမျှ မြန်မာပရိသတ်အား လိုက်လံ ထိုးကြိတ်သဖြင့် မြန်မာများလည်း ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြသည်ဟု အဆိုပါ မျက်မြင်သက်သေက ဆက်ပြောသည်။

အခင်းဖြစ်ပွားသည့် နေရာတွင် ဒဏ်ရာ အပြင်းအထန် ရသွားသော ကိုမင်းအောင်၊ သူငယ်ချင်းဖြစ်သူ ကိုမျိုးလှိုင် (၃၁ နှစ်)နှင့် အခြား အမည်အသိ မြန်မာလူငယ် ၂ ဦးကို ဒေသခံများက မဲဆောက် ဆေးရုံကြီးသို့ ညတွင်းချင်း ပို့လိုက်ကြသည်။

ယမန်နေ့က မဲဆောက်ဆေးရုံကြီးသို့ သွားရောက်ခဲ့သော ရောင်ခြည်ဦး အလုပ်သမားအဖွဲ့မှ ကိုနေနိုင်က “ကိုမင်းအောင်ကတော့ နှုတ်ခမ်းမှာ ၄ ချက်လောက် ချုပ်လိုက်ရတာပေါ့လေ။ မနေ့က ဆေးရုံက ပြန်ဆင်းတယ်။ ကိုမင်းအောင်နဲ့ ကိုမျိုးလှိုင် နှစ်ယောက်။ ကျန်တဲ့ နှစ်ယောက်ကတော့ လောလောဆယ် ဆေးရုံမှာ ရှိနေသေးတယ်။ မျက်နှာနဲ့ ကျောကုန်းတွေမှာ ဒဏ်ရာ ပြင်းထန်တယ်” ဟု ပြောသည်။

လောလောဆယ်တွင် ကိုမင်းအောင်သည် ထိုင်းလူငယ်များမှ ထပ်မံ၍ ရန်ရှာမည် စိုးသဖြင့် မူလ အလုပ်နေရာသို့ မပြန်ရဲသေးဘဲ အခြားတနေရာတွင် ပုန်းအောင်းနေရသလို၊ ကိုမျိုးလှိုင်လည်း မျက်နှာတခုလုံး ယောင်ကိုင်းကာ ကက်ပိဘန်းရွာအနီးရှိ လယ်တောအိမ်တလုံးတွင် ယခုတိုင် မထနိုင်သေးဘဲ ရှိနေသည်။

ကိုနေနိုင်က “ဒါမျိုးက ခဏခဏ ဖြစ်တယ်။ မဲဆောက်မှာက။ ဥပမာ လမ်းသွားရင်းလည်း တမင်သက်သက် နောက်ကနေ ဝင်ရိုက်တာမျိုးတွေ၊ ဆောင့်ကန်သွားတာမျိုးတွေ။ ဗမာဆိုလို့ရှိရင် လစ်ရင်လစ်သလို လုပ်တယ်လေ။ စက်ဘီးနဲ့ သွားလို့ရှိရင် လမ်းမှာ ပုလိပ်ယောင်ဆောင်ပြီး လက်မှတ် စစ်သလိုလို၊ ပိုက်ဆံအိတ် လုပြေးတာ၊ ဖုန်းတွေဘာတွေ လုတာ။ ကျနော်တို့ မဲဆောက်မှာက အများကြီး ဖြစ်နေတယ်” ဟု ဆိုသည်။

မြန်မာအလုပ်သမားများအား ယခုလို မတရား အနိုင်ကျင့် ရိုက်နှက်ခြင်းသည် ရာဇဝတ်မှုဖြစ်ပြီး ကာယကံရှင်များက ဆန္ဒရှိလျှင် တရားစွဲဆိုနိုင်ကြောင်းနှင့် သူတို့အနေနှင့် အလုပ်သမားများ၏ ဆန္ဒအတိုင်း လိုအပ်သော အကူအညီများကို ကူညီသွားမည် ဖြစ်ကြောင်း ကိုနေနိုင်က ပြောသည်။

မဲဆောက်မြို့ အနီးတဝိုက်တွင် မြန်မာအလုပ်သမား တသိန်းနီးပါးရှိပြီး၊ အများစုသည် အလုပ်သမား လက်မှတ် မရှိသူများ ဖြစ်သဖြင့် ဒေသခံများနှင့် ထိပ်တိုက် ရင်ဆိုင်ရမည့် အမှုကိစ္စမျိုးကို ရှောင်ရှားလေ့ ရှိသည်။



၃၃ ကြိမ်မြောက် ဆုတောင်းဆွမ်းလောင်းပွဲများ ပိုမိုစောင့်ကြည့်ခံရ

ထိန်လင်း
Tuesday, 05 February 2008 16:42 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ပြုလုပ်နေကျ ဆုတောင်း ဆွမ်းလောင်းလှူပွဲများကို ရန်ကုန်နှင့် မန္တလေးတိုင်းများရှိ NLD အဖွဲ့ဝင်များက ယနေ့တွင် ကျင်းပခဲ့ကြရာ ဒေသအာဏာပိုင်များ၏ စောင့်ကြည့်မေးမြန်းမှုများ ပိုမို လုပ်ဆောင်လာသည်။

ရန်ကုန်မြို့ရှိ NLD ရုံးချုပ် ဆွမ်းလောင်းလှူပွဲတွင် အမျိုးသမီး လုပ်ငန်းအဖွဲ့ ရံပုံငွေဖြင့် ဦးစီးပြီး ဆွမ်း၊ ဘဲဥချက်၊ ခရမ်းသီးနှပ်၊ ဘီစကွတ်မုန့် ကပ်လှူကြသလို၊ စမ်းချောင်းမြို့နယ်နှင့် ပန်းဘဲတန်း မြို့နယ်တို့မှလည်း ပေါင်မုန့်နှင့် လိမ္မော်သီးများဖြင့် သံဃာအပါး ၁၅ဝ ကျော်ကို လောင်းလှူခဲ့ကြရာ အာဏာပိုင်များက ယခင် ဆွမ်းလောင်းလှူပွဲများထက် ပိုမို စောင့်ကြည့်လာခြင်း ဖြစ်သည်။

“ဒီကနေ့ ဆွမ်းလောင်းတော့လေ ထောက်လှမ်းရေးတွေ တော်တော်များတယ်ရှင့်။ ကျမတို့အဖွဲ့ကို စောင့်ကြည့်နေတာပေါ့လေ။ ဆွမ်းလောင်းပြီး ဘာများ လှုပ်ရှားကြမလဲလို့ ကြည့်နေတာနေမှာပေါ့။ ဒါမှမဟုတ် အရင်အပတ်က ဘုန်းကြီးအပါး ၅ဝ ကျော် တန်းစီကြွလာလို့လားတော့ မသိဘူး” ဟု NLD အမျိုးသမီးအဖွဲ့ဝင် ဒေါ်အေးအေးမာက ပြောသည်။

မန္တလေးတိုင်း သဲတော၊ ဝမ်းတွင်းမြို့နယ်များမှ အဖွဲ့ချုပ်ဝင်များက မြတ်ဘုန်းရှင်ဘုရားတွင် ပုံမှန် ဝတ်ပြု ဆုတောင်းပွဲကို ပြုလုပ်ရာ ဒေသအာဏာပိုင်များက စောင့်ကြည့်ခြင်း၊ နေအိမ်သို့ လာရောက် သတင်းယူခြင်းများ ပြုလုပ်ခဲ့သည်။

“ဒီအပတ် အရင်အပတ်တွေနဲ့ မတူဘူး။ နည်းနည်း အစောင့်အကြပ်တွေ ပိုလာတယ်ခင်ဗျ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးနဲ့ ရယက အဖွဲ့ဝင်တွေ ပါတယ်။ စခန်းမှူးတွေလည်း ပါတယ်။ ဒီနေ့သူတို့ အရှိန်မြင့်လာတဲ့ သဘောရှိတယ်။ အက်စ်ပီကတော့ အိမ်လာမေးတယ်။ ကျနော်တို့ကတော့ အေးဆေးဆုတောင်းပြီး ပြန်လာတာပါပဲ” ဟု ဝမ်းတွင်းမြို့နယ် NLD အတွင်းရေးမှူး ကိုထွန်းထွန်းက ပြောသည်။

မိတ္ထီလာခရိုင် NLD အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေး၏ နေအိမ်တွင်လည်း ပုံမှန် ပြုလုပ်နေကျ ဆွမ်းလောင်းလှူပွဲကို ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

ကိုထွန်းထွန်းက “ကျနော်တို့ကတော့ ဒီမိုကရေစီ မရမချင်း ဆက်ပြီးတော့ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စကို ဥပဒေဘောင် အတွင်းကနေ တရားဝင် အသင်းအဖွဲ့ တခုအနေနဲ့ ဥပဒေအရ တစိုက်မတ်မတ် လုပ်သွားအုံးမှာပါ” ဟု ဆက်ပြောသည်။



ဖါးကန့်ဒေသခံများ သဘာဝဘေးဒုက္ခ အာဏာပိုင်များ လျစ်လျူရ

မျိုးကြီး
Tuesday, 05 February 2008 16:37 - မြန်မာစံတော်ချိန်

ရွှေလီ။ ။ ကချင်ပြည်နယ် ဖါးကန့်မြို့နယ်အတွင်း ကျောက်စိမ်းမိုင်းများတွင် နအဖ သတ္ထုတွင်း ဝန်ကြီးဌာနနှင့် ဖက်စပ် ကုမ္ပဏီများသည် ဥရုချောင်းနံဘေးတွင် ကာလကြာမြင့်စွာ မြေစာများကို စည်းကမ်းမဲ့ စွန့်ပစ်မှုကြောင့် ဖြစ်ပေါ်လာသည့် သဘာဝဘေးဒုက္ခကို ဒေသခံများ ရင်ဆိုင်နေရသည်။

မိုးရွာသွန်းလျှင် ဥရုချောင်းရေ စီးဆင်းမှု ပိတ်ဆို့၍ ချောင်းဘေးရှိ ဆိပ်မူနှင့် လုံးခင်းကျေးရွာသည် အမြဲလိုလို ရေနစ်မြှုပ်ခံနေရပြီး ရေကျချိန်တွင်လည်း နေအိမ်များအတွင်း ရွှံ့နွံနှင့် ဗွက်များ ဖုံးလွှမ်းနေသဖြင့် နေထိုင်မရသည့် ဒုက္ခကို ရင်ဆိုင်နေရသော်လည်း သက်ဆိုင်ရာ အာဏာပိုင်များက တစုံတရာ ကူညီဖြေရှင်းပေးခြင်း မရှိဘဲ ယနေ့တိုင် လျစ်လျူရှုထားသည်။

“အရင်တုန်းကတော့ မိုးတွင်းကာလပဲ ရေမြုပ်တာ။ အခု လွန်ခဲ့တဲ့ ၂ဝဝ၇ ခုနှစ်လောက်က စပြီးတော့ ၁၂ ရာသီ ရေမြှုပ်နေတယ်။ မိုးရွာတာနဲ့ အနိမ့်ပိုင်းတွေ အင်းလိုဖြစ်ပြီး ရေက အတော်နဲ့ မကျတော့ဘူး” ဟု ဒေသခံ ဆိပ်မူရွာသားက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် လကုန်ပိုင်း အတွင်းကလည်း မိုးဆက်တိုက် ရွာသွန်းခဲ့သောကြောင့် ဆိပ်မူကျေးရွာ မြေနိမ့်ပိုင်းသည် ရေနစ်မြှုပ်ခဲ့ကြောင်းနှင့် ရွာသားများသည် အိမ်အထပ်ခိုးများတွင် တက်ရောက် နေထိုင်ရသလို အချို့မှာ ရေလွတ်ရာ ဘုန်းကြီးကျောင်းများ၊ ဆွေမျိုးများထံ သွားရောက် နေထိုင်ကြရသည်။

မိုးရွာတိုင်း ရေမြှုပ်နေပြီး ဥရုချောင်း ရေပိတ်ကာ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများ၊ ရွာသားများ နေရာရွှေ့ပြောင်းရသည့် အခက်အခဲများ၊ နေထိုင်ရေး ဒုက္ခများအပေါ် ဒေသ အာဏာပိုင်များနှင့် ကျောက်စိမ်း တူးဖေါ်နေသည့် အကျိုးတူ ဖက်စပ်ကုမ္ပဏီများက တာဝန်ယူခြင်း မရှိဘဲ ကိုယ့်ဒုက္ခကိုယ် ရှင်းနေရကြောင်း ဒေသခံက ဆက်ပြောသည်။

နအဖ စစ်အစိုးရနှင့် အကျိုးတူ ဖက်စပ် တူးဖေါ်နေသည့် မြန်မာတကောင်း၊ ဂျာဘူ၊ ဟုန်ပန်း စသည့် ကုမ္ပဏီများသည် ကျောက်စိမ်းတူးဖေါ်ရာမှ ထွက်လာသည့် စွန့်ပစ်မြေကြီးများကို ဥရုချောင်းဘေး မမုံ၊ စပေါ့ ကျေးရွာအောက်နားရှိ ချောင်းဘေး နှစ်ဘက်စလုံးတွင် မြေများ စုပုံလာရာမှ ချောင်းသည် တိမ်ကောလုနီးပါး ဖြစ်နေသည်။

မဆင်မခြင် စွန့်ပစ်နေသည့် မြေစာပုံများသည် ချောင်းအတွင်း လျှောကျ ပိတ်ဆို့လာပြီး မိုးရွာလာသည်နှင့် ရေလျှံကာ ပတ်ဝန်းကျင်တွင် ရေနစ်မြှုပ်နေရခြင်း ဖြစ်သည်ဟု လုံးခင်း ရွာသားတဦးကလည်း ပြောပြသည်။

“ပတ်ဝန်းကျင်တွေက အတော် ပျက်စီးကုန်ပြီ။ လုံးခင်းဘက်ကဆို မော်စီဆာ ချောင်းဖျားတို့၊ စပေါ့တို့၊ ကရင်ချောင်တို့၊ မက်လင်ချောင်တို့။ အဲဒီဘက်က ရွာတွေဆို ဘယ်လိုဖြစ်နေလဲ ဆိုတော့ မြေစာပုံတွေ လာပစ်လို့၊ ရွာကို ဖုံးသွားလို့ ရွာက မြေစာပုံပေါ် ပြောင်းရွှေ့လိုက်၊ မြေစာပုံက ပစ်လိုက်၊ ရွာက အောက်ရောက်သွားလိုက်၊ ပြန်ပြောင်းလိုက်၊ ဒီလို လုံးချာပတ်ချာ လည်နေတော့တာ” ဟု သူက ပြောသည်။

စက်ယန္တရားများဖြင့် တောင်များဖြို၍ ကျောက်စိမ်း ရှာဖွေတူးဖေါ်မှုများကြောင့် ဖါးကန့်ဒေသအတွင်း ရာသီဥတု ဖေါက်ပြန် ပြောင်းလဲမှုများလည်း ဖြစ်ပေါ်နေသည်။

လုံးခင်းရွာသားက ဆက်ပြီး “ရာသီဥတုကလည်း အရင်လို မဟုတ်တော့ဘူး။ ပူတဲ့အချိန်ဆို အရမ်းပူတယ်။ အေးတဲ့အချိန်လည်း အရမ်းအေးတယ်။ ဖေါက်ပြန်ကုန်ပြီ။ ဒီအတိုင်းသာ ဆက်သွားရင် အားလုံး ဒုက္ခရောက်တော့မယ်” ဟု ပြောသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates