Saturday, February 2, 2008

နအဖ သည် ဥပဒေပြဋ္ဌာန်းချက်များကို ချိုးဖောက်နေဟု အန်အယ်ဒီက ဝေဖန်

သန်းထိုက်ဦး
Friday, 01 February 2008 18:49 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ တရားဥပဒေစိုးမိုးရေးကို အစဉ်တစိုက် ကြွေးကြော်နေသည့် နအဖ သည် လက်တွေ့အားဖြင့် အကောင်အထည်ဖော်ရန် လိုအပ်နေသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယမန်နေ့က ဝေဖန်လိုက်သည်။

ရွှေဝါရောင် တော်လှန်ရေးအပြီး နအဖ သည် ပါတီအဖွဲ့ဝင်များအပါအဝင် ဒီမိုကရေစီ လိုလားသူများအား ဖမ်းဆီး ချုပ်နှောင်ထားသည့်အပြင် တည်ရှိဆဲ ထောင်ဥပဒေအား ချိုးဖောက်ကာ ညှဉ်းပမ်းနှိပ်စက်မှုများ ပြုလုပ်နေသည့်အပေါ် အဖွဲ့ချုပ်က ပထမဆုံးအကြိမ် ကြေညာချက် ထုတ်ပြန်၍ ပြောကြားလိုက်ခြင်း ဖြစ်သည်။

အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “တိုင်းပြည်မှာ တရားရေးမဏ္ဍိုင် ယိမ်းယိုင်နေလို့ရှိရင် ဘယ်တိုင်းပြည်မှာ ဘယ်စနစ်မှ မထွန်းကားဘူး။ အဲဒီတော့ တရားရေးမဏ္ဍိုင်က အရေးကြီးတယ်။ ဒီလို တရားဥပဒေမဲ့ လုပ်ရပ်တွေ ရပ်ဆိုင်းဖို့ လိုတယ်။ ဒါက ကျနော်တို့ ရည်ရွယ်ချက်ပါ” ဟု မဇ္ဈိမကို ပြောသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီ အလုပ်အမှုဆောင် အဖွဲ့ဝင်များ တွေ့ဆုံအပြီး နောက်တရက်တွင် ထုတ်ပြန်သော အဆိုပါ ကြေညာချက်တွင် နအဖ စစ်အစိုးရအနေနှင့် နိုင်ငံတကာဥပဒေ၊ မြန်မာပြည်၏ တည်ဆဲဥပဒေများအား ချိုးဖောက်သော လုပ်ရပ်များ ရပ်တန့်ပေးရန် အဖွဲ့ချုပ်က တောင်းဆိုခြင်း ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၉ တွင် ပါရှိသော ‘မည်သူမျှ ဥပဒေအရ မဟုတ်သော ဖမ်းဆီးခြင်းကို ဖြစ်စေ၊ ချုပ်နှောင်ခြင်းကိုဖြစ်စေ၊ ပြည်နှင်ခြင်းကို ဖြစ်စေ မခံရ’၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ - ၆၁ တွင် ‘ဖမ်းဆီးထားသူအား ၂၄ နာရီထက် ကျော်လွန်၍ ချုပ်မထားရခြင်း’နှင့် ပုဒ်မ - ၈၁ တွင် ‘ဖမ်းဆီးခံရသူအား တရားရုံးသို့ နှောင့်နှေးကြန့်ကြာခြင်း မရှိဘဲ ခေါ်ဆောင်သွားရခြင်း’ စသည့် ပြဋ္ဌာန်းချက်များအား ဆန့်ကျင်နေသည်ဟု ကြေညာချက်တွင် ဝေဖန်ထားသည်။

ထို့နောက် အကျဉ်းထောင်များ အက်ဥပဒေပုဒ်မ ၂၇ (၃) တွင် ‘အပြစ်ဒဏ်မကျခံရသေးသော ရာဇဝတ် အကျဉ်းသားများအား ခွဲခြားချုပ်နှောင် ထိန်းသိမ်းရမည်’၊ အကျဉ်းထောင်လက်စွဲ အပိုဒ် - ၄၁၅ (၃) တွင် ‘အချုပ် အကျဉ်းသားများအား ထောင်ကျ အကျဉ်းသားများနှင့် ခွဲခြား ထားရှိရမည်’ စသော ညွှန်ကြားချက်များနှင့် ကွဲလွဲနေသည်ဟုလည်း ဆိုသည်။

ဥပမာအချို့အဖြစ် အာဏာပိုင်များသည် မကွေးတိုင်း၊ တောင်းတွင်းကြီးမြို့နယ် အဖွဲ့ချုပ် စည်းရုံးရေးအဖွဲ့မှ ဒုတိယ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့အား လက်နောက်ပြန် လက်ထိပ်ခတ် ဖမ်းဆီးခြင်း၊ ထမင်းစားချိန်မှအပ လက်ထိပ် ခတ်ထားခြင်းတို့ကို ပြုလုပ်ခဲ့ခြင်း၊ အလွန်အမင်း တင်းကျပ်စွာ ရှာဖွေမှုများ ပြုလုပ်ခြင်းနှင့် ကိုယ်အင်္ဂါ အနာတရ ဖြစ်စေရန် ရှာဖွေခဲ့ခြင်းတို့ကို ပြောဆိုထားသည်။

၂ဝဝ၇ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလအတွင်းက သံဃာလူထု လှုပ်ရှားမှုကြီး နောက်ပိုင်း တတိုင်းပြည်လုံးတွင် အဖွဲ့ချုပ်ဝင် ၁ဝဝ ခန့် ဖမ်းဆီးခဲ့ကြောင်း အဖွဲ့ချုပ်က ဆိုသည်။



ရွှေဝါရောင်အတွင်း ၁ဝဝ ကျော် သေဆုံးဟု HRW ပြောကြား

နေသွင်
Friday, 01 February 2008 17:42 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ရွှေဝါရောင် တော်လှန်ရေးအတွင်း နအဖ စစ်တပ်၏ အကြမ်းဖက် ဖြိုခွဲမှုကြောင့် ဆန္ဒပြသူ ၁ဝဝ ကျော် အသတ်ခံရကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch - HRW) အဆိုအရ သိရသည်။

ယမန်နေ့က ထုတ်ပြန်လိုက်သော နယူးယောက် အခြေစိုက် HRW ၏ နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည့် စာရင်းသည် ကုလသမဂ္ဂနှင့် နအဖ စစ်အစိုးရတို့က ထုတ်ပြန်ခဲ့သော အသေအပျောက် စာရင်းများထက် အဆပေါင်းများစွာ ပိုများနေသည်။

ရွှေဝါရောင်နောက်ပိုင်း နအဖ က သတင်းစာ ရှင်းလင်းပွဲလုပ်ရာ ရဲချုပ်ခင်ရီက အရေးအခင်းအတွင်း သေဆုံးသူ ၁၅ ဦးရှိသည်ဟု ပြောဆိုခဲ့သလို၊ မြန်မာပြည်ဆိုင်ရာ ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ပင်ညဲရိုးကမူ အနည်းဆုံး ၃၁ ဦး ရှိသည်ဟု ပြောကြားခဲ့သည်။

HRW အဖွဲ့၏ ၂ဝဝ၈ လူ့အခွင့်အရေး အစီရင်ခံစာသည် ကမ္ဘာ့နိုင်ငံပေါင်း ၇၃ နိုင်ငံရှိ လူ့အခွင့်အရေး အခြေအနေများအား အခြေခံကာ ထုတ်ပြန်လိုက်ခြင်း ဖြစ်ပြီး မြန်မာ၊ တရုတ်၊ ကျူးဘား၊ ကွန်ဂို၊ အီရန်၊ အီရတ်၊ ဒါဖောဒေသ အပါအဝင် ၁၅ နိုင်ငံအား လူ့အခွင့်အရေးအတွက် အရေးတကြီး အာရုံစိုက်ရမည့် နိုင်ငံများအဖြစ် ဖော်ပြထားသည်။

အစီရင်ခံစာ၏ မျက်နှာဖုံးကို မြန်မာပြည်မှ ရွှေဝါရောင် တော်လှန်ရေး လှုပ်ရှားမှုဓာတ်ပုံဖြင့် ရိုက်နှိပ် ဖော်ပြထားပြီး မြန်မာပြည်နှင့် သက်ဆိုင်သည့် ဖော်ပြချက်တွင် ဆယ်စုနှစ်ပေါင်းများစွာ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် နာမည်ဆိုးနှင့်ကျော်ကြားနေသော စစ်အစိုးရသည် သြဂုတ်နှင့် စက်တင်ဘာ လှုပ်ရှားမှုအတွင်း ဆန္ဒပြ သံဃာတော်များ၊ ဒီမိုကရေစီ လိုလားသူများ၊ သာမန် အရပ်သားများအား အဆမတန် အင်အားသုံး၍ ဖြိုခွဲခဲ့သည်ဟု ရေးသားထားသည်။

ထို့အပြင် စစ်အစိုးရသည် ‘နိုင်ငံတကာ၏ ဝေဖန်မှုများကို ဂရုမထားဘဲ၊ ပြည်ပ စွက်ဖက်မှုများအဖြစ် အပြစ်တင်လေ့ရှိပြီး၊ ပြည်ပ သတင်းမီဒီယာများနှင့် ရေဒီယိုများကိုလည်း တည်ငြိမ်မှုကို ဖျက်ဆီးသူများအဖြစ် အပြစ်ဖို့လေ့ရှိကြောင်း’ ထောက်ပြဝေဖန်ထားသည်။

လှုပ်ရှားမှုကြီးအတွင်း နံပါတ်တုတ်နှင့် အရိုက်ခံရပြီး ယခုအခါ ထိုင်း-မြန်မာနယ်စပ်တွင် ရောက်ရှိနေသော အရှင်ဃောတိသက “ဒီကောင်တွေက ဗရမ်းဗတာပစ်နေတာ။ ဗရမ်းဗတာ ပစ်နေတာ ဆိုတော့ သေတာက ပွဲချင်းပြီး သေတာ ရှိတယ်။ ဆေးရုံရောက်မှ သေတာရှိတယ်။ ဆိုတော့ အကုန်လုံးက ဘယ်ကမလဲ။ ၂၅ဝ-၃ဝဝ လောက်တောင် ရှိနိုင်တယ်” ဟု မိန့်ကြားသည်။

၂ဝဝ၈ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ရွှေဝါရောင်တော်လှန်ရေး ၄ လပြည့်အဖြစ် ထုတ်ပြန်ထားသော မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့၏ စာရင်းတွင် ရွှေဝါရောင်အတွင်း ပျံလွန်တော်မူသွားသော သံဃာ ၃ ပါးရှိသလို၊ ပျောက်ဆုံးသံဃာ ၉ ပါးရှိသည်ဟု ဖော်ပြထားပြီး၊ အဆိုပါစာရင်းသည် လတ်တလော အတည်ပြုနိုင်သော စာရင်းသာ ဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုင်းနိုင်ငံအခြေစိုက် AAPP (ခေါ်) နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) ၏ အင်တာနက် စာမျက်နှာ www.aappb.org တွင်လည်း သေဆုံးသူ ၂၂ ဦး၏ အမည်နှင့် သေဆုံးသော နေရာများကို အတိအကျ ဖော်ပြထားပြီး လတ်တလော အတည်ပြုနိုင်သော စာရင်းဖြစ်ကြောင်း ပြောသည်။

လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) ၏ အစီရင်ခံစာနှင့် တရက်တည်း ထုတ်ပြန်သော AAPP ၏ နောက်ဆုံး စာရင်းအရ လက်ရှိ မြန်မာပြည်တွင် နိုင်ငံရေး အကျဉ်းသား ၁၈၅ဝ ရှိနေပြီး၊ ထိုအထဲမှ ၇ဝ၆ ဦးသည် ရွှေဝါရောင် တော်လှန်ရေးအတွင်း အဖမ်းခံရသူများ ဖြစ်ကြောင်း ဖော်ပြထားသည်။



ဒီချုပ် လူငယ်တာဝန်ခံ နှစ်ဦးကို ရဲက ခေါ်သွားပြန်ပြီ

မောင်ဒီး
Friday, 01 February 2008 16:52 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ စုံစမ်းစစ်ဆေးရန် ရှိသည်ဟုဆိုကာ ဒဂုံမြို့သစ် တောင်ပိုင်းရှိ အဖွဲ့ချုပ် လူငယ်တာဝန်ခံ ၂ ဦးကို အာဏာပိုင်များက ယနေ့ နံနက်ပိုင်းက ခေါ်ဆောင်သွားသည်။

ဒဂုံမြို့သစ် တောင်ပိုင်းရှိ ရပ်ကွက်အမှတ် ၁၉ ၏ လူငယ်တာဝန်ခံ (၁) ကိုသီဟန်နှင့် ရပ်ကွက်အမှတ် ၉၄ မှ လူငယ်တာဝန်ခံ (၃) ကိုထိန်ဝင်းတို့ကို ရဲအထူးသတင်းတပ်ဖွဲ့ ဒုရဲအုပ် ဇော်မင်းဦး ဦးဆောင်သည့် အဖွဲ့က ယနေ့နံနက် ၇ နာရီခွဲတွင် နေအိမ်များမှ လာရောက် ခေါ်ဆောင်သွားခြင်း ဖြစ်သည်။

“ဒဂုံမြို့သစ်က အဖွဲ့ချုပ်လူငယ် ကိုသီဟန်နဲ့ ကိုထိန်ဝင်းပါ။ အိမ်ကနေ မနက် ၇ နာရီခွဲမှာ ရဲသတင်းအထူးတပ်ဖွဲ့က ဒုရဲအုပ် ဇော်မင်းဦးက ခဏမေးစရာ ရှိတယ်ဆိုပြီး လာခေါ်သွားတယ်လို့ မိသားစုတွေက လာအကြောင်းကြားတယ်” ဟု အန်အယ်ဒီရုံးချုပ် ပြန်ကြားရေး တာဝန်ခံ ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

အာဏာပိုင်များက မည်သည့်ကိစ္စအတွက် စုံစမ်း စစ်ဆေးလိုသည်ဟု ပြောဆိုခြင်း မရှိဘဲ သူတို့အား ခေါ်ဆောင်သွားခြင်း ဖြစ်ပြီး မည်သည့်နေရာ၌ ထားရှိမှန်းပင် မသိရှိရသေးသောကြောင့် မိဘများက စိုးရိမ် ပူပန်နေရသည်ဟု မိသားစုများနှင့် နီးစပ်သူ လူငယ်တဦးက ပြောသည်။

သူက “ဘာကြောင့် ခေါ်မေးတယ်ဆိုတာကို မသိရပေမဲ့ ကြည့်ရတာ အဖွဲ့ချုပ်မှာ လတ်တလောက လုပ်ခဲ့တဲ့ လှုပ်ရှားမှုတွေကို ပြန်မေးပြီး အရေးယူဖို့လား၊ လွတ်လပ်ရေးနေ့က ထုတ်တဲ့ နံရံကပ် စာစောင်ကြောင့်လားတော့ မသိပါဘူးဗျာ” ဟု အဖွဲ့ချုပ် လူငယ်တဦးက ပြောသည်။

ပြီးခဲ့သည့် ၂၉ ရက်နေ့က သင်္ကန်းကျွန်းမြို့နယ် အဖွဲ့ချုပ် လူငယ်တာဝန်ခံ ၂ ဖြစ်သူ စာရေးဆရာ ဘလော့ဂ်ဂါ ကိုနေဘုန်းလတ်ကို အာဏာပိုင်များက ခေါ်ဆောင်သွားသည်ဟု ယူဆသောကြောင့် မိသားစုဝင်များက သက်ဆိုင်ရာ ဌာနများသို့ လိုက်လံ မေးမြန်းသော်လည်း မရှိကြောင်း ပြန်လည် ဖြေကြားခဲ့သည်ဟု မိသားစုက ပြောသည်။



မတရားမှု ဖော်ထုတ်သူတဦး ကွယ်လွန်

ထိန်လင်း၊ မောင်ဒီး
Thursday, 31 January 2008 20:58 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ဒေသတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရသူများဘက်က ကာကွယ် ဖြေရှင်းပေးသူ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးအဖွဲ့ဝင် ဦးအောင်သန်းထွန်းသည် ယခုလ ၂၉ ရက်နေ့ ညပိုင်းတွင် ကွယ်လွန်ခဲ့သည်။

ရခိုင်ပြည်နယ် ဒေသခံများအပေါ် အာဏာပိုင်များ၏ အဓမ္မ လုပ်အားစေခိုင်းမှုများ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဒေသခံများဘက်မှ ရပ်တည်ကာ အကာအကွယ်ပေး ဖြေရှင်းလေ့ရှိသော တောင်ကုတ်မြို့နယ် အန်အယ်ဒီ ပြန်ကြားရေးအဖွဲ့ဝင် ဦးအောင်သန်းထွန်းသည် ၅၁ နှစ်အရွယ်တွင် လူကြီးရောဂါနှင့် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

သူသည် တောင်ကုတ်မြို့နယ်အတွင်း၌ ဆည်ဆောက်လုပ်ရေး လုပ်ငန်းများတွင် ဒေသခံများကို အာဏာပိုင်များမှ အခမဲ့ လုပ်အားစေခိုင်းခြင်း၊ ဒေသအခြေစိုက် နအဖ တပ်များက အတင်းအကျပ် အုတ်ဖုတ်ခိုင်းခြင်း စသည့် အဓမ္မ လုပ်အားပေးခိုင်းမှုများကို ဒေသခံများကိုယ်စား အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် အိုင်အယ်အိုသို့ ဆက်သွယ် တိုင်ကြားခဲ့သဖြင့် လုပ်အားပေးစေခိုင်းသူ အာဏာပိုင်များ ရာထူးမှ ဖယ်ရှားခံရသည်အထိ ရှိခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။

ဦးအောင်သန်းထွန်းသည် အောင်လံမြို့နယ် ငပျင်းရွာတွင် အတင်းအဓမ္မ လုပ်အားပေးခိုင်းရာတွင် ဦးဝင်းလွင် သေဆုံးခဲ့သည့် အမှုကို အိုင်အယ်အိုသို့ စာတင် တိုင်ကြားခဲ့သေးသဖြင့် မျက်မုန်းကျိုးနေသည့် အာဏာပိုင်တချို့က ဖမ်းဝရမ်းထုတ်ကာ လိုက်လံ ဖမ်းဆီးမှုကြောင့် ရမ်းဗြဲကျွန်းသို့ ရှောင်တိမ်း ပုန်းခိုခဲ့ရသေးသည်။

ယခုလို လူ့အခွင့်အရေး ချိုးဖောက်ခံရသူများဘက်တွင် အခိုင်အမာ ရပ်တည်လေ့ရှိသူ ကွယ်လွန်သွားသည့်အပေါ် ဒေသခံများက စိတ်မကောင်း ဖြစ်နေကြပြီး သူ၏ ကူညီ ဆောင်ရွက်ပေးမှုများကို ပြန်လည် ပြောဆိုနေကြသည်ဟု တောင်ကုတ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် တဦးက ပြောသည်။

မြို့နယ် အဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်သိန်းအောင်ကလည်း “သူ့လို လူတယောက် ဆုံးသွားတာ ဝမ်းနည်းစရာပဲဗျာ။ သူ့အသက် ဆုံးသွားသည်အထိ သူ့လုပ်ရပ်တွေက ဂုဏ်ယူစရာတွေပါပဲ။ လူ့အခွင့်အရေးအတွက် ပြည်သူလူထုဘက်က မားမားမတ်မတ် ရပ်တည်ပေးခဲ့တဲ့ တယောက် အခုလို ဆုံးသွားတော့ မိသားစုနဲ့ထပ်တူ ဝမ်းနည်းရပါတယ်” ဟု ပြောသည်။

ဦးအောင်သန်းထွန်းသည် ၁၉၈၈ ခုနှစ်မတိုင်မီက ကျောက်တော်မြို့နယ်တွင် သစ်တော ဦးစီးအရာရှိ ရာထူးဖြင့် အစိုးရအလုပ် လုပ်ကိုင်ခဲ့သူ ဖြစ်ပြီး ၁၉၈၈ ခုနှစ်တွင် တနိုင်ငံလုံး လူထုအုံကြွမှုကြီး ပေါ်ပေါက်လာသောအခါ တောင်ကုတ် ပြည်သူများကို ဦးဆောင်ကာ အာဏာရှင် အစိုးရကို တိုက်ပွဲဝင်ခဲ့သဖြင့် ရာထူးမှ ဖယ်ရှားခံရပြီးနောက် တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ဖြစ်လာခဲ့သည်။

ကွန်လွန်ချိန်တွင် ဇနီးသည်နှင့် သား ၂ ဦး၊ သမီး တဦး ကျန်ရစ်ခဲ့သည်။



တိုက်ပွဲ ဆက်လက်နွှဲမည်ဟု ကရင်ခေါင်းဆောင်များ ပြောကြား

နေသွင်
Thursday, 31 January 2008 19:02 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ တိုင်းရင်းသားအားလုံး၏ တန်းတူ အခွင့်အရေးအတွက် ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု ကရင်အမျိုးသား အစည်းအရုံး ခေါင်းဆောင်များက သံဓိဌာန်ပြု ပြောကြားလိုက်သည်။

ထိုင်း-မြန်မာ နယ်စပ်အနီး သောင်းရင်းမြစ်ဘေးရှိ ကေအင်ယူ၏ စစ်တပ်ဖြစ်သော ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (ကေအန်အယ်အေ) ဌာနချုပ်၌ ကျင်းပသည့် ၅၉ နှစ်မြောက် ကရင့် တော်လှန်ရေးနေ့တွင် ပြောဆိုကြခြင်း ဖြစ်သည်။

ကေအန်ယူ ဥက္ကဋ္ဌ ပဒိုစောဘသင်စိန်က “ပြည်သူလူထု၏ အပြည့်အဝ ထောက်ခံမှုကြောင့် တရားသော ကရင့်တော်လှန်ရေးသည် ယခုတိုင် လက်နက် စွဲကိုင်နိုင်ခြင်း ဖြစ်တယ်။ အခြား တိုင်းရင်းသားတွေနဲ့ ပူးပေါင်းပြီး စစ်မှန်သော ပြည်ထောင်စုကြီးကို တည်ဆောက်သွားမယ်” ဟု အခမ်းအနားတွင် ပြောဆိုသည်။

နံနက် ၇ နာရီတွင် စစ်ရေးပြ အခမ်းအနားနှင့် ကရင်အမျိုးသားရေး သီချင်း သီဆိုခြင်းတို့ဖြင့် အခမ်းအနားအား စတင်ဖွင့်လှစ်ခဲ့သည်။ စစ်ဦးစီးချုပ် မူးတူးစေးဖိုးနှင့် ကေအန်ယူ အထွေထွေ အတွင်းရေးမှူး ပဒိုမန်းရှာတို့နှင့်အတူ မဟာမိတ်ခေါင်းဆောင်များကလည်း တက်ရောက်ခဲ့ကြသည်။

ဖားအံခရိုင် ဥက္ကဋ္ဌ ပဒိုအာတိုးက “အခုဆိုရင် တော်လှန်ရေးနေ့ ၅၉ နှစ်ရှိပြီ။ ကရင်တွေရဲ့ ရပိုင်ခွင့် လုပ်နေပါတယ်။ ဒါ တခုတည်း မဟုတ်ပါဘူး၊ တိုင်းရင်းသား အခွင့်အရေးတွေလည်း ပါပါတယ်။ ကျနော်တို့က ဆက်လက်ပြီး တိုက်ပွဲဝင်နေပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုယ်စား ဦးအောင်စောဦးကလည်း မဟာဗမာ လူမျိုးကြီးဝါဒကို ကျင့်သုံးသူမှာ စစ်အုပ်စုသာ ဖြစ်ကြောင်းနှင့် လက်ရှိစစ်အုပ်စုသည် စစ်အာဏာရှင်စနစ် ဆက်လက် တည်မြဲရေးအတွက် ကြိုးပမ်းနေကြောင်း အခမ်းအနားတွင် ပြောဆိုသွားသည်။

“တိုင်းရင်းသား အင်အားစုတွေရော၊ ဒီမှာရှိနေတဲ့ ဒီမိုကရေစီ အင်အားစုတွေကြားမှာ ဘာမှ ပြဿနာမရှိပါဘူး။ ပြဿနာ ဖြစ်နေတာက ဒီကနေ့ နအဖ လုပ်နေတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်း။ တိုင်းရင်းသား အားလုံးက လက်မခံနိုင်ဘူး။ အဲဒီ နအဖ အမျိုးသားညီလာခံက အတည်ပြုလိုက်မယ်ဆိုတဲ့ အခြေခံမူကြမ်း ၁ဝ၄ ချက်ဟာ အာဏာရှင် ထာဝရတည်မြဲရေး ဖွဲ့စည်းပုံ ဖြစ်တဲ့အတွက် ဒီမှာ ရှိနေတဲ့ ကျနော်တို့ရဲ့ ဒီမိုကရေစီ အင်အားစုတွေရော၊ တိုင်းရင်းသား အင်အားစုတွေရော လုံးဝ လက်မခံနိုင်ဘူး” ဟု သူက ဆိုသည်။

မဟာမိတ် အဖွဲ့အစည်းများမှ ဧည့်ပရိသတ် ၁၅ဝဝ ခန့် တက်ရောက်လာသော ကရင့်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ကေအန်အယ်အေ တပ်မဟာ ၇ ၏ တပ်မဟာမှူး ဗိုလ်ချုပ်ဂျော်နီကို သူရဲကောင်း ဘွဲ့တံဆိပ် အပ်နှင်းခဲ့သလို၊ နံနက် ၉ နာရီခွဲတွင် သေနတ်ပစ်ဖောက်ခြင်း၊ ကရင်ရိုးရာ ဒုံးယိမ်းအက တို့ဖြင့် အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates