Friday, October 12, 2012

KIO နှင့် ဆက်သွယ်မှုဖြင့် ကချင်အမျိုးသား တဦး ထောင်ဒဏ် ချမှတ်ခံရ

ဖနိဒါ | သောကြာနေ့၊ အောက်တိုဘာလ ၁၂ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၀၀ မိနစ်

ချင်းမိုင်(မဇ္စျိမ) ။          ။ ဖားကန့်မြို့နယ်၊ မရှီကထောင် ကျေးရွာမှ ကချင်အမျိုးသား ဦးမကျန် ရော်ထုန် အား မြစ်ကြီးနားမြို့နယ်တရားရုံးက မတရားအသင်း ဆက်သွယ်မှု ၁၇(၁)ဖြင့် ထောင်ဒဏ် ၈ လ ပြစ်ဒဏ် ချမှတ်လိုက်သည်ဟု ဧမာနွေလ နှစ်ခြင်းအသင်းတော်မှ ဆရာအင်ကွမ် နန်နော် က ပြောသည်။

ဦးရော်ထုန်ကို ဖားကန့်မြို့တွင် ဗုံးခွဲသည်ဟု စွပ်စွဲပြီး တနှစ်နှင့် နှစ်လကျော်ကြာ ဖမ်းဆီးထားခဲ့သည်။ ထို့နောက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ဆက်သွယ်မှု ပုဒ်မ ၁၇(၁) ဖြင့် ပြန်လည် တရားစွဲဆိုကာ သောကြာနေ့ ညနေ ၅ နာရီကျော် အချိန်တွင် မြို့နယ် တရားရုံးက ထိုသို့ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

“အခုပဲ ၁၇(၁)နဲ့ ၈ လ ချတယ်။ မသင်္ကာမှုနဲ့ ဖမ်းတာတော့ အခု သူ့ကို KIA ရဲဘော်ဆိုပြီး စွပ်စွဲပြီးတော့ ချလိုက်တယ်” ဟု သင်းထောက်ဆရာ နန်နော်က ပြောသည်။

ဦးရော်ထုန်မှာ ကျန်းမာရေး ကောင်းမွန်နေပြီး မြစ်ကြီးနား ထောင်တွင် အကျဉ်းကျခံနေရသည်ဟု ဆရာနန်နော် က မဇ္စျိမကို ပြောသည်။

KIO က ဦးရော်ထုန်ကို အမိန့်စာဖြင့် ခေါ်ယူခဲ့၍ စစ်သင်တန်း တလ တက်ရောက်ခဲ့ ပြီးနောက် မိသားစုတဦး သေဆုံး သွားဖြင့် မိမိနေအိမ်သို့ ပြန်လာရာမှ (သမီး တဦးကလည်း ၁ဝ တန်းကျောင်းတက်ရောက်နေ၍) KIO တပ်သို့ မသွားတော့ဘဲ နေအိမ်တွင်သာ နေထိုင်နေသူ ဖြစ်သည်ဟု နီးစပ်သူ ရှေ့နေ တဦးက ပြောသည်။

အလားတူ စက်တင်ဘာလ ၂၁ ရက်နေ့ကလည်း မြစ်ကြီးနားမြို့နယ် တရားရုံးတွင် ပုဒ်မ ၁၇(၁) ဖြင့် ကချင် အမျိုးသား သုံးဦးအား အမိန့်ချမှတ်ခဲ့ရာ နှစ်ဦး လွှတ်ပေးလိုက်သည်ဟု အမှုအား ကူညီပေးခဲ့သူ ရှေ့နေ ဘန်ထွယ် က ပြောသည်။

ဝိုင်းမော်မြို့နယ် ဝရံကျေးရွာမှ ကိုဒရန်ခင်၊ ကိုမရန်တိန်းခေါ တို့ လွတ်မြောက်သွားပြီး
အောင်မြေ (၁) ကျေးရွာမှ ကိုနော်ထွဲ အား ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

“အဲဒီအတွက် ဆက်ပြီး အယူခံနေတယ်။ သူတို့က တိုက်ပွဲဖြစ်လို့ ထွက်ပြေးလာတာ လမ်းမှာ အစိုးရစစ်တပ်က တွေ့လို့ KIO စစ်သားဆိုပြီး ဖမ်းဆီးခံရတာ” ဟု ရှေ့နေက မဇ္ဈိမကို ပြောသည်။

ဇူလိုင်လ ၃၁ ရက်နေ့ကလည်း KIO အား သတင်းပေးခြင်း၊ ဆက်သွယ်ခြင်းဟု စွပ်စွဲ၍ ဖမ်းဆီးခံရသူ ဝိုင်းမော် မြို့နယ် ဂါးရားယန်ကျေးရွာမှ အသက် ၅ဝ နှစ်အရွယ် ဦးဘောမ်ဇုန် ကိုလည်း ပြစ်မှုထင်ရှားမရှိ၍
ပြန်လည် လွတ်မြောက်လာသည်။

ကချင်ပြည်နယ်တွင် ၂ဝ၁၁ ခုနှစ် ဇွန်လအတွင်းမှ စတင်၍ အစိုးရနှင့် KIO တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း ဗုံးဖောက်ခွဲမှု၊ မတရားအသင်း ဥပဒေတို့ဖြင့် ဖမ်းဆီးခံရသူ ၇ဝ ဦး ခန့်ရှိသည်ဟု ရှေ့နေ ဦးဂျီမာခါး က မဇ္ဈိမကို ပြောဆိုခဲ့သည်။

မြစ်ကြီးနားမြို့နယ် တရားရုံးက ၁၇(၁)ဖြင့် ဖမ်းဆီးခံရသူများကို ပြစ်ဒဏ်ချမှတ်မှုများ ရှိနေရာ ယနေ့ထိ သုံးဦးသာ ပြန်လည် လွတ်မြောက်လာကြောင်း သိရသည်။ အများအားဖြင့် အနည်းဆုံး ထောင်ဒဏ် ၆ လမှ ၂ နှစ်ထိ ချမှတ်နေသည်ဟု သိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates