Friday, October 12, 2012

အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မြန်မာပြည်လာမည်

မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ အောက်တိုဘာလ ၁၂ ရက် ၂၀၁၂ ခုနှစ် ၁၄ နာရီ ၁၀ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။   ။ အမေရိကန်နိုင်ငံ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဝီလျန်ဘန်း William Burns သည် အောက်တိုဘာလ ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိလာမည်ဖြစ်သည်။

အာရှ ငါးနိုင်ငံသို့ လှည့်လည်မည့် ခရီးစဉ်အတွင်း မြန်မာသမ္မတနှင့် အစိုးရ အဖွဲ့ဝင်များအပြင်
ဒေါ်အောင်ဆန်းစုကြည် နှင့်ပါ တွေ့ဆုံရန် ဖြစ်သည်။

၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက နိုင်ငံခြားရေးဝန်ကြီး ကလင်တန် လာရောက်ခဲ့ပြီးနောက် ဝီလျန်ဘန်း၏ ယခုခရီးစဉ်သည် အမေရိကန်မှ အဆင့်အမြင့်ဆုံး ကိုယ်စားလှယ် လာရောက်ခြင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း အမေရိကန် ရင်းနှီးမြှုပ်နှံမှု ပိတ်ဆို့ထားခြင်းများကို ဇူလိုင်လအတွင်းက ရုတ်သိမ်းပေးခဲ့ကာ အကူအညီပေးရေး ဥပဒေတရပ်ကိုလည်း အောက်လွှတ်တော်မှ စက်တင်ဘာလအတွင်း ဖြတ်သန်းခဲ့ကာ သမ္မတ အိုဘားမားက ထောက်ခံမှုပေးခဲ့သည်။

“ဤဥပဒေအား အကောင်အထည်ဖော်ခြင်းအားဖြင့် အမေရိကန် ပြည်ထောင်စုအား ထိုအဖွဲ့အစည်းများ၏ မူဝါဒနှင့် လုပ်ဆောင်ချက်များကို ထိန်းချုပ်ပုံသွင်းနိုင်သည့် စွမ်းရည်ကို ပေးစွမ်းနိုင်ပြီး
မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်၊ ကောင်းမွန်သော အုပ်ချုပ်မှု ၊ ပွင့်လင်းမြင်သာမှု ရှိရေး၊ တာဝန်ခံမှု ရှိရေးတို့ကို တိုးတက်လာစေနိုင်သည့် နည်းလမ်းတခုဖြစ်သည်” ဟု လက်ထောက် ဘဏ္ဍာရေးဝန်ကြီး Neal Woli က ဆိုသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို နေပြည်တော်လွှတ်တော်မှ ပြဋ္ဌာန်းခြင်း မပြုနိုင်သေးသော်လည်း အမေရိကန်က
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်တစားရှိကြောင်း ပြသလျက်ရှိနေသည်။

ဒု-ဝန်ကြီး ဘန်း သည် မြန်မာနိုင်ငံသို့ မရောက်မီ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံများသို့ ဝင်ရောက်မည်ဖြစ်ပြီး အိန္ဒိယနိုင်ငံသို့လည်း ခရီးစဉ်အတွင်း ဝင်ရောက်ဦးမည်ဖြစ်သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates