Friday, October 12, 2012

တရုတ်မင်းသမီး Xu Fan မြန်မာပရိသတ်များနဲ့ တွေ့ဆုံမည်

ပန်းမြတ်ဇော် | သောကြာနေ့၊ အောက်တိုဘာလ ၁၂ ရက် ၂၀၁၂ ခုနှစ် ၁၄ နာရီ ၀၂ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။        ။ ရန်ကုန်မြို့တွင် အောက်တိုဘာ ၁၅ ရက်မှ ၂၀ ရက်နေ့ထိ ကျင်းပမည့် တရုတ် ရုပ်ရှင်ပွဲတော် သို့ မင်းသမီး Xu Fan လည်း လာရောက်မည်ဖြစ်ပြီး မြန်မာပရိသတ်များနှင့်
တွေ့ဆုံမည်ဖြစ်ကြောင်း တရုတ်သံရုံးမှ သိရှိရသည်။

ကျောက်တံတားမြို့နယ်ရှိ နေပြည်တော် ရုပ်ရှင်ရုံတွင် တနေ့လျှင် နှစ်ပွဲ ပြသမည့် တရုတ်ကား ၆ ကားတွင် အချစ်၊ သက်ကြီးရွယ်အို လူနေမှုဘဝ သရုပ်ဖော်ကားများအပြင်
ကျောင်းသားဘဝ သရုပ်ဖော်ကားနှင့် သိုင်းကားများလည်း ပါဝင်မည်ဟု သိရသည်။

တရုတ်နိုင်ငံတွင် အောင်မြင်ကြော်ကြားနေသည့် မင်းသမီး Xu Fan မှာ ရန်ကုန်မြို့သို့ တနင်္ဂနွေနေ့တွင် ရောက်ရှိပြီး တနင်္လာနေ့ပွဲစဉ်သို့ လာရောက်ကြည့်ရှုကြသည့် ပရိသတ်များနှင့်
တွေ့ဆုံမည် ဖြစ်သည်။

အသက် ၄၅ နှစ် ရှိပြီဖြစ်သည့် Xu Fan မှာ ၁၉၈၈ ခုနှစ် ကတည်းက အနုပညာ လောကထဲသို့ ဝင်ရောက်ခဲ့ပြီး ရုပ်ရှင်ကားများအပြင် တီဗီဇာတ်လမ်းတွဲများလည်း ရိုက်ကူးခဲ့သည်။

၁၉၇၆ ငလျင်ကြီးအကြောင်း ရိုက်ကူးထားသည့် After Shock ဇာတ်ကားတွင် Xu Fan က Asian Film Award For Best Actress ဆုနှင့် Huabiao Award For Outstanding Actress ဆုများ ၂၀၀၉ ခုနှစ်က ဆွတ်ခူးနိုင်ခဲ့သည်။

၁၉၉၈ ခုနှစ်တွင် Be There Or Be Square ဇာတ်ကားဖြင့် Huabiao Award for Out Standing Actress ဆုနဲ့ Student's Choice Award For Favorite Actress ဆု တို့ကို ရရှိ ခဲ့သည်။ ၂၀၀၀ ခုနှစ်တွင်လည်း A Sigh ဇာတ်ကားဖြင့် Student's Choice Award For Favorite Actress ဆုနှင့် Cairo International Film Festival For Best Actress ဆုတို့ကို ထပ်မံရရှိသည်။

တရုတ်ရုပ်ရှင်ပွဲတော် ဇာတ်ကားများကို ကြည့်ရှုလိုသူများအတွက် လက်မှတ်များကို ရန်ကုန်ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးတွင် အောက်တိုဘာ ၁၂ ရက် နေ့က စပြီး နံနက် ၉ နာရီမှ ၁၁ နာရီအတွင်း ထုတ်ယူရရှိနိုင်
ကြောင်း သိရှိရသည်။

၂၀၁၁ ခုနှစ်ကလည်း တရုတ် ရုပ်ရှင်ပွဲတော်ကို ရန်ကုန်အပြင် နေပြည်တော်တွင်ပါ ကျင်းပခဲ့သေးသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates