Friday, October 5, 2012

အောက်တိုဘာလအတွင်း မလေးရှား ကုန်စည်ပြပွဲ ပြုလုပ်မည်

မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ အောက်တိုဘာလ ၀၅ ရက် ၂၀၁၂ ခုနှစ် ၁၅ နာရီ ၂၃ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။   ။ လေးရက်ကြာ ပြုလုပ်မည့် မလေးရှား ကုန်စည်ပြပွဲကို ရန်ကုန်မြို့တွင်
အောက်တိုဘာလ ၁၈ ရက်နေ့မှ စတင်မည်ဟု သိရှိရသည်။

Showcase Malaysia Exhibition 2012 တွင် မလေးရှား ကုမ္ပဏီ ၅၀ ၏ အစားအစာနှင့် အဖျော်ယမကာများ၊ ဆောက်လုပ်ရေးကိရိယာများ၊ လျှပ်စစ်ပစ္စည်းများ၊ စက်မှုထွက်ကုန်များ၊ အထည်အလပ်နှင့် အဝတ်အစားများ၊ ဆေးပစ္စည်းများအပြင် သတင်းနှင့် ဆက်သွယ်ရေးနည်းပညာ (ICT)၊ ရေနံနှင့်ဓာတ်ငွေ့၊ လျှပ်စစ်ဝန်ဆောင်မှုများ ခင်းကျင်းပြသထားမည်ဖြစ်ဟု The Star အွန်လိုင်းသတင်းတွင် ဖော်ပြထားသည်။

Matrade ခေါ် မလေးရှား ပြည်ပကုန်သွယ်မှု ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်း၏ အဆိုအရ အဆိုပါ ပြပွဲဖြင့် မလေးရှား ကုမ္ပဏီများအနေနှင့် မြန်မာနိုင်ငံရှိ စီးပွားရေး အသိုင်းအဝိုင်းအတွင်း ထိုးဖောက် ဝင်ရောက်နိုင်စေပြီး သွင်းကုန်နှင့် ဖြန့်ချိသူများအပြင် အစိုးရနှင့် ပုဂ္ဂလိကပိုင်းမှ ဆုံးဖြတ်ချက် ချမှတ်သူများနှင့်ပါ တွေ့ဆုံပြီး အပြန်အလှန် အကျိုးဖြစ်ထွန်းလာနိုင်စေမည်ဟု ဆိုသည်။

မတ်လ အတွင်းကလည်း ကုန်သည်စက်မှုအသင်းချုပ် UMFCCI နှင့် Matrade တို့ ပူးတွဲ၍ စီးပွားရေးအခွင့်အလမ်း ဆိုင်ရာဆွေးနွေးပွဲတခု ရန်ကုန်မြို့တွင် ကျင်းပခဲ့ကြပြီး မလေးရှား ပို့ကုန်လုပ်ငန်း၊ ရင်းနှီးမြှုပ်နှံသူနှင့် စီမံကိန်းလုပ်ငန်းရှင် ၄၀ ကျော် တက်ရောက်ခဲ့ကြသည်။

အလားတူ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလအတွင်းကလည်း ရေနံနှင့် ဓာတ်ငွေ့ဆိုင်ရာ ဆွေးနွေးပွဲတခုကို မလေးရှား-မြန်မာ ပူးတွဲ၍ ရန်ကုန်မြို့တွင်ပင် ကျင်းပခဲ့သေးသည်။

မြန်မာနိုင်ငံမှ မလေးရှားသို့ အထည်အလိပ်နှင့် အဝတ်အစားများ၊ သစ်သား ပရိဘောဂပစ္စည်းများ၊ ကြက်ပေါင်ရိုင်းများနှင့် ဟင်းသီးဟင်းရွက်များ တင်ပို့နေပြီး မလေးရှားမှ မြန်မာသို့ သံနှင့် သံမဏိထည်များ၊ ချက်ပြုတ်ပြီး အစားအစာများ၊ လျှပ်စစ်ပစ္စည်းများ၊ ပို့ဆောင်ရေး ကိရိယာများနှင့် သိပ္ပံဆိုင်ရာ ကိရိယာများ ပါဝင်သည်။

မလေးရှား စာရင်းအင်းဌာနအရ မြန်မာ-မလေးရှား နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏမှာ ၂၀၁၀ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၅၉၃.၉ သန်း ရှိခဲ့ကြောင်း သိရသည်။

၂၀၁၂ ခုနှစ်၊ ဇန်နဝါရီတွင် မြန်မာနိုင်ငံအတွင်း မလေးရှား ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ဒေါ်လာ ၉၇၇.၄၆ သန်း ရှိပြီး သတ္တမမြောက် အများဆုံးနိုင်ငံလည်း ဖြစ်သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates