သိန်းလှိုင် | သောကြာနေ့၊ သြဂုတ်လ ၁၇ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၀၇ မိနစ်
စစ်တွေ (မဇ္ဈိမ) ။ ။ အထိန်းသိမ်းခံခဲ့ရသော နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ဒေသခံဝန်ထမ်း ငါးဦးအား စစ်တွေနှင့် ဘူးသီးတောင် အကျဉ်းထောင်များမှ ကြာသပတေးနေ့ ပြန်လွှတ်ပေးခဲ့ပြီး သုံးဦးကိုမူ ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်သည်။
နယ်သာလန်နိုင်ငံ အခြေစိုက် AZG နယ်စည်းမခြား ဆရာဝန်များအဖွဲ့မှ ဦးကျော်လှအောင်၊ ဦးဝင်းနိုင်၊ ဦးဇော်မြင် တို့နှင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP မှ ဦးစိုးမြင့် နှင့် ဦးသန်းနိုင် တို့ကို လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။
“အရမ်းဝမ်းသာပါတယ်။ ကျနော်ပြန်လွတ်လိမ့်မယ် ထင်မထားဘူး။ ကျနော့် အသက်က ၇၃ နှစ် ရှိနေပြီ။ ဒီတသက် ထောင်ထဲမှာပဲ သေရတော့မယ် ထင်ထားတာ။ အခုလိုပြန်လွှတ်ပေးတာ အားလုံးကို ကျေးဇူးတင်ပါတယ်” ဟု စစ်တွေထောင်ဗူးဝမှ အထွက်တွင် ဦးကျော်လှအောင်က မဇ္ဈိမကို ပြောသည်။
တရားလို အာဏာပိုင်များဘက်မှ စွဲချက်မတင်မီ အမှုကို ပြန်ရုတ်သိမ်းကြောင်း တင်ပြခဲ့သည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေးနှင့် မှတ်တမ်း စုဆောင်းရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက အတည်ပြု ပြောကြားသည်။
ဇွန်လ အရေးအခင်းများနှင့် ပတ်သက်၍ NGO ဝန်ထမ်း ၁ဝ ဦးအား အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော မြို့နယ် တရားရုံးများတွင် စစ်ဆေးခဲ့သည်။ ဖမ်းဆီးပြီး မကြာမီ နှစ်ဦးအား ပြန်လွှတ်ပေးခဲ့ ပြီး ဖြစ်သည်။
ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး UNHCR ရုံးဝန်ထမ်း သုံးဦးဖြစ်သော ဒေါ်ချိုလေးမာ၊ ဦးခင်မောင်၊ ဦးခင်မောင်ဆွေ တို့မှာမူ ဆက်လက် ထိန်းသိမ်းခံနေရဆဲ ဖြစ်သည်။
၎င်းတို့အား လူထုအဖွဲ့ တစုနှင့်တစု ရန်ငြိုးစိတ် မုန်တီးစိတ်ဖြစ်အောင် အားပေးအားမြှောက် ပြုမှု၊ မီးဖြင့် အကျိုး ဖျက်ဆီးမှု၊ ရုန်းရင်းဆန်ခတ် ဖြစ်စေမှု၊ ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေမှု၊ အများပြည်သူတို့၏ ကိုယ်ကျင့်တရားကို ဖောက်လွဲ ဖောက်ပြန်ဖြစ်အောင် ဆောင်ရွက်မှုတို့ဖြင့် စွပ်စွဲကာ ရုံးတင် စစ်ဆေးခဲ့ကြောင်း ဦးလှသိန်းက ရှင်းပြသည်။
ရခိုင်လူထုအဖွဲ့ ပဋိပက္ခဖြစ်ပွားပြီးနောက် ကုလ လူ့အခွင်းအရေး ကိုယ်စားလှယ် သောမတ်စ် ကွင်တားနား ရောက်ရှိလာ ခဲ့ပြီး လက်ရှိ နိုင်ငံသားဥပဒေကို ပြန်လည်သုံးသပ်ရန်၊ UN နှင့် အန်ဂျီအိုများမှ ဖမ်းဆီးထားသူများအား ပြန်လွှတ်ပေးရန် တို့ကို တောင်းဆိုသွားခဲ့သည်။
သို့သော် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ RNDP ကမူ ထိုသို့ နိုင်ငံသား ဥပဒေအား ပြန်လည် သုံးသပ်ရန် တောင်းဆိုခြင်းမှာ “နိုင်ငံ တနိုင်ငံ၏ ဥပဒေပြုခွင့်အာဏာကို ဝင်ရောက် စွက်ဖက်ရာရောက်” ကြောင်း သြဂုတ်လ ၁၂ ရက်နေ့က ကြေညာချက်တရပ် ထုတ်ပြန်လိုက်သည်။
“ကုလသမဂ္ဂ လက်အောက်ရှိ အဖွဲ့အစည်းများနှင့် INGOs အဖွဲ့အစည်းတချို့ကတရားမဝင် ခိုးဝင်လာသည့် ဘင်္ဂလီများ ကို တဖက်သတ် ကူညီထောက်ပံ့နေခြင်းသည်သာ အမှန်တကယ် ခွဲခြားဆက်ဆံခြင်းဖြစ်သည်” ဟု ဝေဖန်ထားပြီး မစ္စတာ ကွင်တားနား၏ နေရာတွင် အခြား ကိုယ်စားလှယ်တဦး ပြောင်းလဲ ခန့်အပ်ပေးရန်လည်း တောင်းဆိုထားသည်။
ဆူပူမှုများ ဖြစ်ပွားရာ ဘူးသီးတောင်၊ မောင်တော၊ စစ်တွေ၊ မင်းပြားနှင့် ညမထွက်ရ အမိန့် ကန့်သတ်ထားမှုမှ အချိန်လျှော့ချပေးထားပြီး ဖြစ်သည်။
ရခိုင်ပြည်နယ် အကြမ်းဖက်မှုများကြောင့် လူပေါင်း ၈၇ ဦး သေဆုံးခဲ့ရပြီး ၁၂ဝ ဒဏ်ရာရရှိခဲ့ကာ အိမ်ပေါင်း ၅,၃ဝဝ ကျော် ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ပြည်နယ်အစိုးရက ထုတ်ဖော်ပြောဆိုသည်။
ကုလသမဂ္ဂ အဆိုအရ ဒုက္ခသည် ၆၈,၅ဝဝ ကျော်မှာ စစ်တွေ၊ ကျောက်တော်နှင့် မောင်တောရှိ ဒုက္ခသည်စခန်း ၆၃ ခုတွင် နေရာချပေးထားရသည်။