Wednesday, August 1, 2012

“ပုဂ္ဂလိက အာမခံကုမ္ပဏီ ၁၀ ခုလောက် လုပ်ကိုင်ခွင့် ပေးသွားမှာပါ”

သစ်ငြိမ်း | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၀၁ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၄၇ မိနစ်

ဒေါက်တာ မောင်မောင်သိမ်း
မြန်မာ့အာမခံလုပ်ငန်း
(အထွေထွေ မန်နေဂျာ၊ အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး) နှင့် တွေ့ဆုံခြင်း

ရန်ကုန် (မဇ္ဈိမ) ။        ။ ပြည်တွင်း အာမခံလုပ်ငန်းတွင် နှစ်ပေါင်း ၄၀ ကျော်ကြာ တခုတည်းသော အာမခံ လုပ်ငန်း အဖြစ် မြန်မာ့အာမခံလုပ်ငန်း က ရပ်တည်ခဲ့ရာမှ မကြာမီ ပုဂ္ဂလိက ကုမ္ပဏီများကို လုပ်ကိုင်ခွင့်ပြုတော့မည် ဖြစ်သည်။

အလျော်အစား ရှိသည့် အာမခံလုပ်ငန်းများအတွက် မည်မျှ ငွေအရင်းလိုသည်၊ နိုင်ငံခြား အာမခံကုမ္ပဏီများအား ဖက်ပြိုင်နိုင်ရန်အတွက် တိုင်းရင်းသားကုမ္ပဏီများအား မည်သို့ အားမွေးရမည်၊ ထိန်းကျောင်း သွားရမည် စသည်တို့ကို သိရှိနိုင်ရန်အတွက် မြန်မာ့ အာမခံလုပ်ငန်းမှ အထွေထွေ မန်နေဂျာတဦး ဖြစ်ပြီး အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး တာဝန်ပါ ယူထားသူ ဒေါက်တာ မောင်မောင်သိမ်း အား မဇ္ဈိမ က တွေ့ဆုံ မေးမြန်းထားသည်။

အခုလို ပုဂ္ဂလိကလုပ်ငန်းတွေ လုပ်ကိုင်ခွင့်ပြုဖို့ စီစဉ်ဖြစ်တာကို သိလိုပါတယ်ခင်ဗျ။

ဖြေ။    ။ လက်ရှိမှာတော့ မြန်မာ့အာမခံလုပ်ငန်းက တခုပဲရှိတယ်။ သို့သော်လည်းပဲ နိုင်ငံတော်က ဒီမိုကရေစီနိုင်ငံ အဖြစ် ကူးပြောင်းတဲ့အခါမှာ စီးပွားရေး လုပ်ငန်းတွေ တိုးချဲ့များပြားလာတယ်။ ပြည်သူတွေကလည်း အာမခံထားမှုတွေ များပြားလာတော့ Single Insurance တခုတည်း မလုံလောက်တဲ့အတွက်ကြောင့် Multiple Insurance Market အာမခံကုမ္ပဏီတွေ ရှိတဲ့ ဈေးကွက်ကို ပြောင်းလဲဖို့ လုပ်ဆောင်တာဖြစ်တယ်။ နောက်တခါ ၂ဝ၁၅ မှာ အာဆီယံနိုင်ငံတွေက အာမခံကုမ္ပဏီတွေ ဝင်လာတော့မယ် ဆိုတော့ အဲဒီအတွက်လည်း ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေကို အာမခံလုပ်ငန်း လုပ်ခွင့်ပေးတာဖြစ်တယ်။

ဒေါက်တာမောင်မောင်သိမ်း ( မြန်မာ့ အာမခံလုပ်ငန်းမှ အထွေထွေ မန်နေဂျာ၊ အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး) ဓါတ်ပုံ - မဇ္ဈိမ

အဲဒီလို ပုဂ္ဂလိက လုပ်ကိုင်ခွင့်ပြုဖို့အတွက် လျှောက်ထားမှု ဘယ်လောက် ရှိပါသလဲ။ ကုမ္ပဏီ ဘယ်နှစ်ခုကို
ရွေးချယ်ဖြစ်ပါသလဲ။

ဖြေ။    ။ အဲလို လုပ်ခွင့် ပေးဖို့အတွက်က သတ်မှတ်ထားတဲ့ ပုံစံနဲ့ လျှောက်လွှာ တင်ရတယ်။ အဲဒီ့လျှောက်လွှာရော၊ ဥပဒေရော စုစုပေါင်း ၂၁၄ စောင် ရောင်းလိုက်ရတယ်။ တကယ်တမ်း ပြန်တင်တဲ့အခါ အစောင် ၂ဝ ပြန်တင်တယ်။

လျှောက်လွှာ တင်တဲ့အထဲမှာ ဘယ်လိုအဖွဲ့အစည်းတွေကနေ လာရောက် လျှောက်ထားမှု ရှိပါသလဲ။

ဖြေ။    ။ အဲဒီ အစောင် ၂၀ ကို ပြန်ပြီးစိစစ်ကြည့်တော့ အုပ်စု သုံးစု သွားတွေ့ရတယ်။ ပထမ အုပ်စုကတော့ ပုဂ္ဂလိက ဘဏ်ကြီးတွေက လျှောက်တာ တအုပ်စု။ ဒုတိယ အုပ်စုက ဘဏ်တော့ မဟုတ်ဘူး။ သို့သော်လည်း ထင်ရှားကျော်ကြား လူသိများတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေက
လျှောက်တာ ဖြစ်တယ်။ တတိယ အုပ်စုကျတော့ လူသိနည်းတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ဖြစ်တယ်။ အဲဒီသုံးခုကို တွေ့ရတယ်။

အခု လျှောက်ထားတဲ့ ကုမ္ပဏီ ၂ဝ လုံးကို ရွေးချယ်သွားမှာပါလားဗျ။

ဖြေ။    ။ အဲဒီ ၂ဝ ထဲကမှ ဆန်ကာတင် ပြန်ရွေးမှာပါ။ ၂ဝ စလုံးတော့ ပေးလို့မရဘူး။ ၂ဝ ဆို နည်းနည်းများတယ်။ မြန်မာ့အာမခံ ဈေးကွက်နဲ့ဆိုရင် အခု ၂ဝ ပေးဖို့က နည်းနည်း များသွားပြီ။ အဲလောက် အများကြီး မပေးချင်ဘူး။

မရွေးရတဲ့အကြောင်းနဲ့ များနေတယ်ဆိုတဲ့အပေါ်မှာ ဘယ်လိုကြောင့်ဆိုတာ ရှင်းပြပေးပါဦးခင်ဗျာ။

ဖြေ။    ။ ဘာလို့ မပေးချင်ရလဲဆိုရင် ဥပမာ ထိုင်းမှာဆိုရင် တိုင်းရင်းသား အာမခံ ကုမ္ပဏီအဖွဲ့ ၇၅ ခုလောက် ရှိတယ်။ အဲတော့ များနေတာပေါ့။ နိုင်ငံခြားကပါ လာဖွင့်တော့ သူ့မှာ အများကြီးဖြစ်နေတာပေါ့။ အဲတော့ ဘယ်သူမှ မစားရဘူး ဖြစ်တာပေါ့။ အဲလိုလည်း မဖြစ်စေချင်ဘူး။ မြန်မာ့ အာမခံဈေးကွက်နဲ့ ကိုက်ညီမယ့်အတိုင်းအတာလောက်ပဲ ပေးချင် တယ်။ အခု ၂ဝ ကတော့ များလွန်းတယ်။


နောက်ဆုံးအဆင့် ရွေးချယ်မှုက ဘယ်အချိန်လောက်ဆိုရင် သိရပါပြီလဲ။ ကုမ္ပဏီ ဘယ်နှစ်ခုလောက်ကို ရွေးချယ် သွားမှာပါလဲ။

ဖြေ။    ။ အဲဒါ သြဂုတ်လလယ်၊ လကုန်လောက်ဆိုရင်တော့ သိရပါပြီ။ ဘယ်နှစ်ခု ရွေးမယ် ဆိုတာကတော့ ပြောလို့မရ ပါဘူး။ ဒါပေမယ့် ကျနော့် ခန့်မှန်းခြေအရကတော့ မြန်မာ့ အာမခံ ဈေးကွက်အနေအထား၊ မြန်မာ့စီးပွားရေး အနေအထားအရဆိုရင် ၁ဝ ခု ပတ်ဝန်းကျင်လောက်ဆို သင့်တော်ပါတယ်။ ၁ဝ ခု ပတ်ဝန်းကျင်ဆိုတာ ၉ ခုလည်း ဖြစ်ချင်ဖြစ်မယ်။ ၈ ခုလည်း ဖြစ်ချင်ဖြစ်မယ်။ ၁ဝ ခုလည်း ဖြစ်ချင်ဖြစ်မယ်။ ၁၁ ခုလည်း ဖြစ်ချင် ဖြစ်နိုင်ပါတယ်။ အဲလောက်ကတော့ အားလုံးအတွက် သင့်တော်မယ်လို့ ထင်တယ်။

ပုဂ္ဂလိက အာမခံ တည်ထောင်မယ်ဆိုရင် ဘယ်နှစ်မျိုးလောက် ဝင်ရောက်နိုင်ပါသလဲ။ ခိုင်လုံမှုအတွက် ဘယ်လိုစီစဉ်ထားပါသလဲ။

ဖြေ။    ။ အာမခံကုမ္ပဏီ ထောင်မယ်ဆိုရင် လိုင်စင် သုံးမျိုး ရှိတယ်။ အသက်အာမခံ၊ အထွေထွေအာမခံနဲ့ အဲဒီ အသက်ရော၊ အထွေထွေရော ပေါင်းထားတဲ့ နှစ်ခုပေါင်း အာမခံတို့ ဖြစ်ပါတယ်။ အာမခံ ကုမ္ပဏီဆိုတာက သူများကို လျော်ရမယ့် ကုမ္ပဏီ ဖြစ်တယ်။ စားလည်း စားရမယ်။ လျော်လည်း
လျော်ရမယ်ဆိုတာ့ အာမခံကုမ္ပဏီ ထောင်မယ့် သူဟာ ပိုက်ဆံ ရှိရမယ်။ ပိုက်ဆံရှိဖို့ လိုတယ်။ ချမ်းသာမှ ဖြစ်မယ်။ အာမခံ ကုမ္ပဏီတခုရဲ့ ချမ်းသာမှုကို ဘာနဲ့တိုင်း သလဲဆိုတော့ အဲကုမ္ပဏီရဲ့ထည့်ဝင်ပြီး မတည်ငွေရင်းနဲ့ တိုင်းရတယ်။

အဲဒီ သုံးမျိုးထဲ ဘယ်အမျိုးအစားကို အများဆုံးလျှောက်ထားပါသလဲ။

ဖြေ။    ။ များသောအားဖြင့်ကတော့ နှစ်ခုပေါင်းကို လျှောက်ကြတယ်။ ဒါပေမယ့် အသက်အာမခံတခုတည်း လျှောက်တဲ့ ကုမ္ပဏီလည်း ရှိတယ်။ အထွေထွေ အာမခံ တခုတည်း လျှောက်တဲ့ ကုမ္ပဏီတွေလည်း ရှိတယ်။

အဲဒီသုံးမျိုးအတွက် မတည်ငွေရင်းက ဘယ်လောက်ရှိရပါမလဲ။

ဖြေ။    ။ အသက်အာမခံ တခုတည်း လျှောက်မယ်ဆိုရင် မြန်မာငွေ သန်းပေါင်း ခြောက်ထောင် (ခြောက်ဘီလီယံ) ရှိရမယ်။ ပြရမယ်။ အထွေထွေအာမခံ လျှောက်မယ် ဆိုရင်တော့ သန်းပေါင်း လေးသောင်း (၄ဝ ဘီလီယံ) ရှိရမယ်။ တင်ပြရမယ်။ အဲဒါမှ ပေးမယ်။ နှစ်ခုပေါင်းဆိုရင်တော့ သန်းပေါင်း လေးသောင်း ခြောက်ထောင် ရှိရမယ်။ ဒါမှလည်း လျော်နိုင်မှာ။ တော်ကြာ ထွက်ပြေး ဘယ်လိုလုပ်မလဲ။ ဒါမှလည်း အပ်ရတဲ့သူက စိတ်ချရမယ်လေ။

အခုလို ပုဂ္ဂလိကတွေကို လုပ်ကိုင်ခွင့်ပေးရတဲ့ ရည်ရွယ်ချက်ကိုလည်း သိလိုပါတယ်။

ဖြေ။    ။ အဓိကပြောရရင် အာမခံ ကျယ်ကျယ်ပြန့်ပြန့် ပေးနိုင်အောင်ပေါ့။ တယောက်တည်း
ပေးတာထက်စာရင် အများကြီးပေးတော့ အာမခံလုပ်ငန်း ပိုကျယ်ပြန့်သွားမယ်။
ပြည်သူလူထုရဲ့လိုအပ်ချက်၊ နိုင်ငံတော်ရဲ့ လိုအပ်ချက်ကို များများ ဖြည့်ဆည်းပေးနိုင်မှာဖြစ်တယ်။ ဒုတိယအချက်ကတော့ အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီး ထွက်လာမယ်။ တတိယအချက်ကတော့ အာဆီယံ စီးပွားရေး အသိုက်အအုံ ဖြစ်လာတဲ့ တနေ့မှာ နိုင်ငံခြားကုမ္ပဏီတွေ ဝင်လာမှာ ဖြစ်တဲ့အတွက် သူတို့ ဝင်မလာခင်မှာ ကိုယ့်တိုင်းရင်းသားတွေကို ကိုယ်က အာမခံနဲ့ ပတ်သက်လို့ လေ့ကျင့်ပေးပြီး ကိုယ်ခံအား ကောင်းအောင် လုပ်ပေးလိုက်တဲ့သဘောပဲ။

ပုဂ္ဂလိက လုပ်ကိုင်ခွင့်တွေ ပေါ်လာရင် ပြည်သူအပေါ်မှာ ဘယ်လို အကျိုး သက်ရောက်စေပါမလဲ။

ဖြေ။    ။ ပြည်သူ အကျိုးဖြစ်ထွန်းမှုကတော့ တယောက်တည်း ငါးဖမ်းတာထက်စာရင် သုံးလေးယောက်လောက်က ဝိုင်းပြီးဖမ်းပေးတဲ့အခါမှာ ငါးပိုရတာပေါ့။ အဲသဘောပဲ။ တယောက်တည်းက အကာအကွယ် ပေးတာထက်စာရင် သုံးလေးငါးယောက်လောက်က ပေးတဲ့အခါကျတော့ အာမခံအကာအကွယ်တွေ ပိုကျယ်ပြန့်စေတာပေါ့။

အာမခံလုပ်ငန်းဆိုတာ အလျော်၊ အစား ရှိတဲ့အတွက် အဲဒီ့လုပ်ငန်းစဉ်မှာ ပုဂ္ဂလိက အနေနဲ့ ယိမ်းယိုင်သွားတာမျိုး မဖြစ်ပေါ်အောင် ဘယ်လိုစီမံထားပါသလဲ။

ဖြေ။    ။ ၁၉၉၆-၉၇ ခုနှစ်မှာ အာမခံလုပ်ငန်း ဥပဒေ ဆိုပြီး ပြဋ္ဌာန်းထားတယ်။ ၁၉၉၆-၉၇ ခုနှစ်မှာ နည်းဥပဒေကို ပြဋ္ဌာန်းထားတယ်။ အဲဒီ့ဥပဒေက အာမခံကုမ္ပဏီတွေကို လိုင်စင်ပေးဖို့အတွက် သူတို့ကို ထိန်းကျောင်းဖို့အတွက် ပြဋ္ဌာန်းထားတာဖြစ်တယ်။ အဲဒီ့ ဥပဒေအရဆိုရင် အာမခံ လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဆိုပြီး ဖွဲ့ရတယ်။ လိုင်စင်ပေးတာလည်း ဒီအဖွဲ့က ပေးရတယ်။ ဒီအဖွဲ့မှာတော့ မြန်မာ့အာမခံလုပ်ငန်းရဲ့ ဦးဆောင် ညွှန်ကြားရေးမှူးက ဥက္ကဋ္ဌ၊ အတွင်းရေးမှူးက မြန်မာ့အာမခံလုပ်ငန်း အထွေထွေ အတွင်းရေးမှူးဖြစ်တဲ့ ကျနော် (ဒေါက်တာ မောင်မောင်သိမ်း)။ အခြားဌာနတွေ၊ အဖွဲ့အစည်းတွေကလည်း ပါတယ်။

အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့က ပုဂ္ဂလိကလုပ်ကိုင်ခွင့်နဲ့ပတ်သက်ပြီး ဘယ်လိုတွေ စီမံလုပ်ဆောင်ပေးဖို့ ရှိပါသလဲ။

ဖြေ။    ။ ပေါ်ပေါက်လာမယ့် အာမခံ ကုမ္ပဏီတွေ အချိန်တိုအတွင်းမှာ ကြီးထွား ဖွံ့ဖြိုးလာအောင် တာဝန်ယူ လုပ်ဆောင် ပေးရမှာဖြစ်တယ်။ အဲလိုမှ တာဝန်မယူဘဲ လွှတ်ပေးထားလို့ ပရမ်းပတာနဲ့ ဖြစ်ချင်တာ
ဖြစ်သွားရင် နောက် သုံးနှစ် လေးနှစ်အကြာ နိုင်ငံခြားကုမ္ပဏီတွေ ဝင်လာရင် ကိုယ့်ကုမ္ပဏီတွေက ကွဲမှာပဲလေ။ သူတို့ ဝင်လာတဲ့အခါမှာ ခံနိုင်ရည်ရှိဖို့ဆိုတဲ့ ရည်ရွယ်ချက်ပါတယ်။ အဲဒီ ရည်ရွယ်ချက် အောင်မြင်ဖို့အတွက်ဆိုရင် သူတို့ကို ပစ်ထားလို့မရဘူး။ သူတို့ကို အရွယ်မရောက်သေးတဲ့ သားသမီးတွေလို ကျွေးမွေးစောင့်ရှောက်ပြီး ဘေးအန္တရာယ်တွေကနေ ကာဆီးပေး ရမှာဖြစ်တယ်။ ကြီးကြပ်ရေးအဖွဲ့ရဲ့ တာဝန်က ကြီးတယ်။

အဖွဲ့အနေနဲ့ အခြားသော ဆောင်ရွက်ပေးမှု၊ စီမံကွပ်ကဲမှုတွေရှိရင်လည်း သိလိုပါတယ်။

ဖြေ။    ။ ဒီအာမခံ လုပ်ငန်း ကြီးကြပ်ရေးအဖွဲ့က သူတို့ကို လိုင်စင်ပေးပြီးတာနဲ့ ရပ်သွားမှာ မဟုတ်ဘူး။ လိုင်စင်ပေးပြီး နောက်ပိုင်းမှာ ပိုပြီး တာဝန်က ကြီး၊ ပိုပြီး အလုပ်က များလာမှာ ဖြစ်တယ်။ ပေါ်လာပြီဆိုမှ တကယ့်လုပ်ငန်းတွေက စလာမှာ ဖြစ်တယ်။ သူတို့ကို ပျိုးထောင်ပေးရမယ်။ အာမခံလုပ်ငန်းနဲ့ ပတ်သက်ပြီး သိလာအောင် လုပ်ပေးရမယ်။ မမှားသင့်တာ မမှားအောင် (Guidelines) လမ်းညွှန်ချက်တွေ ပေးရမယ်။ အများကြီးပဲ။ ဘာမှမသိသေးတဲ့ သူတွေကို အာမခံလုပ်ငန်းကြီး အကြောင်းကို ရက်တိုတိုနဲ့ သိအောင်လုပ်ပေးရမယ်။ အာမခံလုပ်ငန်းက ပညာတရပ် ဖြစ်တဲ့အတွက် အဲဒီ့ပညာကို သူတို့ကို သင်ပေးရဦးမယ်။ သူတို့ ရှေ့လောမကြီးအောင်၊ အချင်းချင်း အပြိုင်အဆိုင် မဖြစ်အောင်၊ နိုင်ငံခြား ပယောဂ မဝင်အောင်။ ဒါတွေ လုပ်ပေးရမယ်။


ပုဂ္ဂလိက လုပ်ကိုင်ခွင့်အနေနဲ့ ပြည်ပနိုင်ငံခြားသားတွေကိုရော ခွင့်ပြုပေးသွားဖို့ ရှိပါသလား။

ဖြေ။    ။ လောလောဆယ်မှာ နိုင်ငံခြားသားကို လုံးဝမပေးဘူး။ တိုင်းရင်းသားကိုပဲ ဦးစားပေးသွားမှာ ဖြစ်တယ်။ နိုင်ငံခြားက တနေ့ ဝင်လာမှာပဲ။ အဲအချိန်မှာ တိုင်းရင်းသားတွေဘက်က ကိုယ်ခံအား ကောင်းစေချင်တာ။ အခု ကတည်းက ကြိုပြီး သူတို့ ခိုးဝင်လာတာကိုလည်း လက်ခံလို့မရဘူး။ အချိန်တန်ရင်တော့ သူတို့ ဝင်လာမှာပဲ။ ဝင်ခွင့် ပေးရမှာပဲ။ ပေးတဲ့အခါမှာ ကိုယ့်လူတွေက သူတို့နဲ့ ရင်ပေါင်တန်းနိုင်အောင်၊ မျက်လုံးချင်း ဆိုင်ကြည့်ရဲအောင် အခုကတည်းက (Train) လေ့ကျင့်ပေးတဲ့ သဘောပဲ။

နိုင်ငံတကာအာမခံလုပ်ငန်းတွေနဲ့ ရင်ဘောင်တန်းနိုင်ဖို့ရော ဘယ်လိုတွေ စီစဉ်ထားပါသလဲ။

ဖြေ။    ။ သင်တန်းတွေ ပေးရမယ်။ သင်တန်းပေးတာကတော့ အခြေခံပေါ့။ ဒါတင်မကဘူး သူတို့ရဲ့ အဆောက်အအုံက အစ နိုင်ငံတကာစံနဲ့ ညီအောင်ပေါ့။ အဲဒါတွေပါ လုပ်ပေးရ မယ်။ နိုင်ငံတကာစံမှာ အာမခံကုမ္ပဏီဆိုတာ အင်မတန်ကို ခမ်းနားတာ။ အဲဒါကို သွားပြီး ဒီမှာ စုတ်စုတ်ပြတ်ပြတ် လုပ်တာတော့ ခွင့်ပြုလို့မရဘူး။ အစကတည်းက ခွင့်ပြုလိုက်ရင် သွားပြီ လမ်းဘေးဆင်းသွားမှာပေါ့။ ကိုယ့်ရဲ့ ကလေး
တယောက်ကို အရွယ်ရောက်အောင် ပြုစုပျိုးထောင်သလိုမျိုးပေါ့။ ၂ဝ၁၅ မှာ အာဆီယံ စီးပွားရေးအသိုက်အအုံ(AEC) က စတော့မှာ။ အဲတော့ ဘာရမလဲဆိုတော့ အချိန်အများဆုံးရ သုံးနှစ်ကျော် လေးနှစ်အတွင်းမှာ ဒေါင်းတိ မောင်းတိ ဖြစ်လာအောင်၊ အခြေခိုင်အောင် လုပ်ရမှာ။

ပုဂ္ဂလိက အာမခံလုပ်ကိုင်မှုနဲ့ ပတ်သက်ပြီး ဆရာ ပြောချင်တာများရှိရင် ပြောပေးပါဦး။

ဖြေ။    ။ အခြား စီးပွားရေး လုပ်ငန်းတွေကတော့ နဂိုကတည်းက တိုင်းရင်းသားတွေက လုပ်နေတာ ပြဿနာမရှိဘူး။ အာမခံမှာကျတော့ အခုမှ စလုပ်မှာ ဖြစ်တဲ့အတွက်ကြောင့် အဲလိုမှ ဖွင့်ပေးမထားဘူး။ လေ့ကျင့်ပေးမထားဘူးဆိုရင် တခြားက ကိုယ့်ဆီ လာလုပ်သွားလိမ့်မယ်။ ကိုယ်က ဘာမှ လုပ်လို့မရဘူး ဖြစ်လိမ့်မယ်။ သုံးလေးနှစ် အတွင်းမှာ ကိုယ့်လူတွေက တောင့်တင်းနေပြီဆိုရင် သူတို့လာလည်း ပြိုင်နိုင်တယ်။ ကိုယ်ကလည်း သူတို့ဆီ သွားဖွင့်မယ်ဆိုလည်း ဖွင့်လို့ရတယ်။ အဲလောက်ထိ မှန်းထားတာပေါ့။ မြန်မာပြည်မှာ ဖွင့်မယ့် အာမခံကုမ္ပဏီက မြန်မာပြည်တခုတည်း အတွက် မဟုတ်ဘူး။ နိုင်ငံခြားထိ သွားလို့ရအောင်။ ချက်ခြင်းသွားလို့ မရဘူး ဆိုရင်တောင် သုံးလေးငါးနှစ် ကြာရင် သွားလို့ရအောင် လုပ်စေချင်တယ်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates