Friday, August 17, 2012

ရန်ကုန်-ပုသိမ် ကားလမ်းပိုင်းတခု ရေလွှမ်း၍ ညအချိန် ပိတ်

တင်ဇာအောင် | သောကြာနေ့၊ သြဂုတ်လ ၁၇ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၃၀ မိနစ်   

ရန်ကုန် (မဇ္ဈိမ) ။        ။ ရန်ကုန်-ပုသိမ် အဝေးပြေး လမ်းပိုင်းတခုပေါ် ရေလွှမ်းနေ၍ ညအချိန် မော်တော်ယာဉ် ဖြတ်သန်းခွင့် ခေတ္တပိတ်ထားကြောင်း ဒဂုံဧရာ အဝေးပြေးကား ဂိတ်မှ တာဝန်ရှိသူများက ပြောသည်။

ဒါးကနှင့် ကြိုးကြာကွင်းရွာအကြား လမ်းပိုင်း ကားလမ်းရေကျော်မှု ဖြစ်ပွားနေ၍ သြဂုတ်လ ၁၅ ရက်နေ့မှ စတင်ကာ ညဘက်တွင် မည်သည့်ယာဉ်မျှ ဖြတ်သန်းသွားလာခွင့် မပြုဘဲ မနက် ၅ နာရီမှ ည ၈ နာရီအတွင်းသာ ဖြတ်သန်း သွားလာခွင့် ပြုသည်ဟု ဆိုသည်။

ရေကြီးမှုကြောင့် အချို့သော ကားဂိတ်များမှ ခေတ္တပိတ်ထားပြီး အချို့မှာ ခွင့်ပြုသည့်အချိန်တွင်
ပြေးဆွဲလျက်ရှိသည်။

“မနေ့က အထိတော့ ကားနှစ်စီး ထွက်ပါတယ်။ ဒီရက်တွေက ရေထရက်ဖြစ်လို့ ရေ ပိုကြီးတယ်လို့ သိရတယ် ” ဟု ဒဂုံဧရာ အဝေးပြေးဂိတ်ရှိ ပုသိမ်သို့ ကားအထွက် ရပ်နားထားသည့် ဧရာရွှေစင် ယာဉ်လိုင်းမှ တာဝန်ရှိသူ တဦးက ပြောသည်။

ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်သည် ရန်ကုန်မြို့၏ အနောက်ဘက် မိုင် ၁၃ဝ အကွာတွင် တည်ရှိသည်။

ထို့ပြင် ရန်ကုန်-မြောင်းမြ ပြေးဆွဲလျက်ရှိသည့် အဝေးပြေးကားလိုင်းများလည်း ဒါးက၊ ကြိုးကြာကွင်း လမ်းအပိုင်း ညဘက်တွင် ပိတ်ထား၍ ဝါးခယ်မ လမ်းအပိုင်းကို  ကားပြောင်းပေးကြောင်း ကောင်းထက် ယာဉ်လိုင်းမှ တာဝန်ရှိသူ တဦး က ပြောသည်။

“ညပိုင်းကားတွေကို ဝါးခယ်မ လမ်းဆုံအထိ မောင်းသွားတယ်။ အဲဒီရောက်ရင် ကားချိန်းပေးတယ်။
နေ့ခင်းကားတွေ ဆိုလည်း ဒါးကအထိ ကားကြီးနဲ့ မောင်းတယ်။ ပြီးရင် ကားချိန်းတယ်။ အဲဒီလို သွားပါတယ်။ ရောက်ချိန် ပိုကြာသွား တာပေါ့။ အဲဒီ ရေကြီးတဲ့ နေရာကို ဖြတ်ဖို့
နှစ်နာရီကနေ နှစ်နာရီခွဲလောက် ကြာတယ်။ ကားတွေလည်း အချိန် မမှန်တော့ဘူး။ လောလောဆယ် အထိတော့ ကားထွက်ပေးနေသေးတာပါပဲ” ဟု ပြောသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates