Tuesday, August 14, 2012

လျှပ်တစ်ပြက် စွဲချက်တင်သင့် မတင်သင့် ရုံးချိန်းပေးလိုက်

သစ်ငြိမ်း | အင်္ဂါနေ့၊ သြဂုတ်လ ၁၄ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၅၂ မိနစ်
   
ရန်ကုန် (မဇ္ဈိမ) ။      ။ လျှပ်တစ်ပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင် အား ပုဇွန်တောင် မြို့နယ် အုပ်ချုပ်ရေးမှူးက တရားစွဲ ဆိုထားသည့်အမှုကို သြဂုတ် ၁၄ ရက်က ဆဋ္ဌမ အကြိမ်မြောက်အဖြစ် စစ်ဆေးကြားနားခဲ့ပြီး သြဂုတ်လ ၂၄ ရက်နေ့တွင် စွဲချက်တင်သင့်၊ မတင်သင့်ကို နှစ်ဖက်
ရှေ့နေများက လျှောက်လဲချက်ပေးရမည် ဖြစ်သည်။

“ပုဒ်မ ၅ဝ၅(ခ)၊ (ဂ)နဲ့ ပတ်သက်လို့ တရားရုံး စွဲချက်တင်သင့် မတင်သင့် လျှောက်လဲချက် ပေးမယ်။ ကျနော်တို့ဘက် ကတော့ စွဲချက် မတင်သင့်ဘူးလို့ လျှောက်မယ်။ အစိုးရဘက် ကတော့ စွဲချက်တင် သင့်တယ်ဆိုပြီးလျှောက်မှာပေါ့။ ဒါကတော့ ထုံးစံပါပဲ” ဟု လျှပ်တစ်ပြက် ဂျာနယ်ဘက်မှ လိုက်ပါဆောင်ရွက် ပေးနေသည့် တရားလွှတ်တော် ရှေ့နေ ဦးဝင်းရွှေ က ပြောသည်။

ယင်းလျှောက်လဲချက်များကို နှစ်ဘက်ရှေ့နေများက စာဖြင့် တင်သွင်းပြီး နောက်ရုံးချိန်းတခုတွင် တရားရုံးက အမိန့် ချမှတ်သွားရန် ရှိကြောင်းလည်း “၂၄ ရက်နေ့ပြီးရင် နောက်ရုံးချိန်းမှာ စွဲချက် တင်သင့်မတင်သင့် အမိန့်ချမယ်။ စွဲချက်မတင်ရင်တော့ လွတ်သွားမယ်။ စွဲချက် တင်ရင်တော့ ဦးမြတ်ခိုင် ကို စစ်မယ်။ ကိုယ့်ဘက်က သက်သေတွေကို စစ်မယ်” ဟု ၎င်းက ဆက်ပြောသည်။

အင်္ဂါနေ့ ရုံးချိန်းတွင် ပုဇွန်တောင်မြို့နယ် ၈ ရပ်ကွက်တွင် နေထိုင်သည့် ရပ်မိရပ်ဖ တဦး ဖြစ်သူ ဦးစန်းဦး အား တရားလိုပြသက်သေအဖြစ် နှစ်ဖက်ရှေ့နေများက စစ်ဆေးကြားနာမှုများ ပြုလုပ်ခဲ့သည်။

ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ-၅ဝ၅(ခ)၊ (ဂ)သည် ပြစ်မှုထင်ရှား စီရင်ခံရပါက ထောင်ဒဏ် နှစ်နှစ်ဖြစ်စေ၊
ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်သည်။

ရခိုင်သတင်းနှင့် ဓာတ်ပုံများ ရေးသားဖော်ပြခဲ့သည့်အတွက် လျှပ်တစ်ပြက်ဂျာနယ်ကို ရန်ကုန်တိုင်း အစိုးရအဖွဲ့ ကိုယ်စား ပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေးမှူးက တရားလိုပြု ဦးတိုက်လျှောက်ထားခြင်း
ဖြစ်သည်။

ထိုအမှုကို ဇွန် ၂၅ ရက်က ပထမအကြိမ်၊ ဇွန် ၂၉ ရက်က ဒုတိယအကြိမ်၊ ဇူလိုင် ၁၃ ရက်က တတိယအကြိမ်၊ ဇူလိုင် ၂၄ ရက်က စတုတ္ထအကြိမ်နှင့် သြဂုတ် ၃ ရက်နေ့က ပဉ္စမအကြိမ်အဖြစ် ကြားနားစစ်ဆေးခဲ့ပြီး ဖြစ်သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates