Wednesday, July 25, 2012

OIE မှ ခွာနာလျှာနာ ကာကွယ်ဆေး အကူအညီပေးမည်

ရတနာဦး | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၂၅ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၄၆ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။        ။ ကမ္ဘာ့ တိရိစ္ဆာန် ကျန်းမာရေးအဖွဲ့ (OIE) မှ ခွာနာလျှာနာ ရောဂါ ကာကွယ်ရေးအတွက် မြန်မာနိုင်ငံသို့ ဆေးအလုံးရေ ငါးသိန်း အကူအညီပေးရန်ရှိကြောင်း
မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူတဦးက ပြောသည်။

တရုတ်နိုင်ငံသို့ တင်ပို့သည့် အေးခဲအသား (အမဲသား)တွင် ခွာနာလျှာနာ မကင်းကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် တရုတ်နိုင်ငံသည် ဇူလိုင်လဆန်းပိုင်းမှ စတင်ကာ မြန်မာ နိုင်ငံမှ အမဲသား တင်ပို့ခြင်းကို ပိတ်ပင်ထားသည်။

မြန်မာနိုင်ငံသို့ ကာကွယ်ဆေး အကူအညီပေးရန် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် OIE မှ ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိသည်။

ခွာနာလျှာနာ ကာကွယ်ရေး ဆေးအကူအညီများကို OIE မှ မကြာခဏ ပေးလေ့ရှိပြီး ယခုကူညီမှုမှာ ၂ဝ၁၂ ခုနှစ် အတွက် ပထမဆုံးအကြိမ် ပေးခြင်းဖြစ်ကြောင်း မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ ဒု-ဥက္ကဋ္ဌ ဦးဝင်းစိန် က ပြောသည်။

“နိုင်ငံတကာမှာ ခွာနာလျှာနာ ကင်းတဲ့ နိုင်ငံဆိုလို့ စင်္ကာပူနဲ့ အင်ဒိုနီးရှားကျွန်းပဲ ရှိပြီး နိုင်ငံအများစုက ခွာနာလျှာနာ ဖြစ်တတ်တဲ့ ရောဂါပိုးတွေ ရှိပါတယ်။ မြန်မာနိုင်ငံမှာ ခွာနာလျှာနာပိုး တွေ့တာကြောင့် OIE က အကူအညီပေးဖို့ စီစဉ်တာပါ။ ခွာနာလျှာနာ ရောဂါက ကုန်သွယ်မှုကို ထိခိုက်စေရုံမက မွေးမြူသူတွေကို နစ်နာဆုံးရှုံးမှု ဖြစ်စေတာကြောင့် ကာကွယ်ဆေး ရောက်လာတာနဲ့ ဆေးထိုးနှံမှုကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားမှာပါ” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ၌ ခွာနာလျှာနာ ရောဂါသည် ကျွဲနွား အများဆုံး မွေးမြူသည့် ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် မန္တလေးတိုင်း တို့တွင် မိုးရာသီဖြစ်သော မေ၊ ဇူလိုင်လနှင့် အောက်တိုဘာလ နှောင်းပိုင်းတွင် ဖြစ်ပွားမှု များလေ့ရှိသည်။

ထိုရောဂါ ကာကွယ်ဆေး မြန်မာနိုင်ငံတွင် ထုတ်လုပ်ရန် အစိုးရတွင် အသုံးစရိတ် လုံလောက်မှု မရှိသေး၍ မထုတ်လုပ်နိုင်သေးကြောင်း ဦးဝင်းစိန် က ပြောသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates