Wednesday, July 25, 2012

ဂျပန် အလုပ်သမားများသမဂ္ဂ မြန်မာ အလုပ်သမားအရေး ကူညီမည်ဟုဆို

မြတ်ကျော်သူ | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၂၅ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၄၂ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။       ။ ဂျပန်နိုင်ငံ မီးရထား အလုပ်သမားများ သမဂ္ဂသည် နောင်တွင် ဖွဲ့စည်းမည့် မြန်မာနိုင်ငံရှိ သယ်ယူပို့ဆောင်ရေးနယ်ပယ်မှ အလုပ်သမားများ၏ အခွင့်အရေးများနှင့် ရပိုင်ခွင့်များ ချိုးဖောက်ခံရမှု မရှိစေရန် ကူညီသွားမည်ဟု အဆိုပါသမဂ္ဂ၏ ဥက္ကဋ္ဌ မစ္စတာ မာဆတ်ဟာရိုတာခဲရိ က ပြောသည်။

“ကျနော်တို့အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ အလုပ်သမားသမဂ္ဂတွေ အားလုံးကိုတော့ အကူအညီ မပေးနိုင်ပါဘူး။ သယ်ယူ ပို့ဆောင်ရေးကဏ္ဍမှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမားများတွေရဲ့ အခွင့်အရေးများ၊ ရပိုင်ခွင့်ဆိုင်ရာကိစ္စများကို ကူညီပေးသွားမှာပါ” ဟု မြန်မာအလုပ်သမား သမဂ္ဂများ ပေါ်ထွန်းရေး ကြိုးပမ်းနေသူများနှင့် ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးအပြီး မာဆတ်ဟာရို တာခဲရိ က မဇ္ဈိမကို ပြောသည်။

ဂျပန် အလုပ်သမားခေါင်းဆောင်သည်  မြန်မာနိုင်ငံရှိ လွတ်လပ်သော သမဂ္ဂများ ဖြစ်မြောက်ရေး
ကော်မတီ၊ ရေကြောင်းဆိုင်ရာ အလုပ်သမားအဖွဲ့ ဖြစ်မြောက်ရေးအဖွဲ့နှင့် မြန်မာစီးပွားရေး ဦးပိုင် လက်အောက်ရှိ ကုမ္ပဏီမှ အလုပ်သမား သမဂ္ဂ ဖွဲ့စည်းရေး ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များနှင့် ဇူလိုင်လ ၂၃ ရက်နေ့က ယုဇနဟိုတယ်တွင် တွေ့ဆုံခဲ့သည်။

“ဘယ်လိုပုံစံနဲ့ ပံပိုးသွားရမလည်းဆိုတာ ကျနော်တို့ ဆက်ပြီး ဆွေးနွေးသွားမှာပါ” ဟု မာဆတ်ဟာရိုတာခဲရိ က ပြောသည်။

အဆိုပါ ဂျပန်သမဂ္ဂသည် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် ဘတ်စ်ကား၊ မီးရထား၊ ရေကြောင်း လုပ်ငန်းများတွင် ဖွဲ့စည်းမည့် အလုပ်သမား သမဂ္ဂများအတွက် နည်းပညာနှင့် အကြံဉာဏ်ပေးမှုများ ဆောင်ရွက်သွားမည်ဟု ဆိုသည်။

အဖွဲ့ဝင် ခုနှစ်သောင်းရှိ ဂျပန်မီးရထား အလုပ်သမားများ သမဂ္ဂသည် ၂၅ နှစ် သက်တမ်းရှိကာ ဂျပန်နိုင်ငံတွင် အကြီးဆုံးသော အလုပ်သမား အဖွဲ့အစည်းဖြစ်သည်။

“ကျနော်တို့ သူတို့အဖွဲ့နဲ့ ညီနောင် အဖွဲ့အစည်းအဖြစ် ပူပေါင်းလုပ်ဆောင်သွားဖို့
မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံမှာ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရတာတွေ
လျော့နည်းသွားစေဖို့လည်း ရည်ရွယ်ပါတယ်။ နောက်ပြီး အလုပ်သမားတွေကို ဈေးပေါပေါနဲ့ ခိုင်းဦးမယ်၊ နှိပ်စက်ဦးမယ်၊ ဒီလိုမျိုးတွေ ထပ်မဖြစ်စေဖို့အတွက် ကြိုတင်ပြီး အလုပ်သမား အဖွဲ့အစည်းတွေကိုလည်း ဖွဲ့စည်းထားသင့်ပါတယ်” ဟု လွတ်လပ်သော အလုပ်သမားသမဂ္ဂများ
ဖြစ်မြောက်ရေး ကော်မတီ အထွေထွေ တာဝန်ခံ ဦးမြင့်စိုး က ပြောသည်။

ယခုနှစ် ဖေဖော်ဝါရီ နောက်ဆုံးပတ်တွင် အလုပ်သမားအဖွဲ့အစည်း ဥပဒေ စတင် အသက်ဝင်လာခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံရှိ အလုပ်သမားများသည် အဖွဲ့အစည်းများ ဖွဲ့စည်းလာကြရာ အလုပ်သမားအဖွဲ့ချုပ် တခုနှင့် အခြေခံ အလုပ်သမားအဖွဲ့အစည်း ၁၂၇ ဖွဲ့အား တရားဝင် ဖွဲ့စည်းပြီးဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန အင်တာနက် စာမျက်နှာအရ သိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates