Monday, July 30, 2012

ခရောင်းလမ်းပေါ်က နိုင်ငံတကာ ဖျော်ဖြေပွဲများ

ပန်းမြတ်ဇော် | တနင်္လာနေ့၊ ဇူလိုင်လ ၃၀ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၅၁ မိနစ်

မြန်မာ့မြေပေါ်မှာ နိုင်ငံတကာက နာမည်ကျော် အဆိုတော်တွေကို တွေ့မြင်ရတော့မယ် ဆိုတဲ့ မျှော်လင့်ချက်တွေ တိုးပွားလာနေသလိုပဲ ဖျော်ဖြေနေရာ အကျယ်အဝန်းနဲ့ အသံပိုင်းဆိုင်ရာ ကျွမ်းကျင်မှု နည်းပါးတဲ့ အားနည်းချက်တွေ အပါအဝင် အတားအဆီးတွေ ရှိနေပြီး ဖျော်ဖြေပွဲ စီစဉ်သူတွေအတွက် စိန်ခေါ်မှုတွေ ကြီးလှပါတယ်။

ဖျော်ဖြေပွဲ စီစဉ်သူတွေအဆိုအရ နိုင်ငံခြား အဆိုတော်တွေ လိုချင်တဲ့ ပွဲကျင်းပဖို့နေရာ မြန်မာပြည်မှာ ရဖို့ ခဲယဉ်းသလို အသံပိုင်းဆိုင်ရာ အရည်အသွေး ဖြည့်ဆည်းဖို့အတွက် ကျွမ်းကျင်သူ ရှားပါးလှတယ်လို့ ဆိုပါတယ်။

ဒီနှစ် ဇူလိုင်လက အမျိုးသားဇာတ်ရုံမှာ ကျင်းပဖို့ စီစဉ်ခဲ့ပြီး ဖျက်သိမ်းခဲ့ရတဲ့ Engelbert ပွဲ စီစဉ်သူ MRTV 4 မှ တာဝန် ရှိသူ တဦးဖြစ်တဲ့ ဦးမျိုးမြတ်သူက “အဓိက ကတော့ နိုင်ငံတကာ အဆင့်မီတဲ့ ဇာတ်ရုံကြီးတွေ ပေါ်ပေါက်ဖို့ လိုတယ်။ ဒါ့အပြင် အသံပိုင်း၊ မီးပိုင်း၊ စက်ပစ္စည်းပိုင်း ကျွမ်းကျင်တဲ့ အင်ဂျင်နီယာတွေ လိုအပ်နေတယ်” လို့ ပြောပါတယ်။

နိုင်ငံခြား အဆိုတော် ဖျော်ဖြေရေးအတွက် ကျယ်ကျယ်ဝန်းဝန်းရှိတဲ့ သုဝဏ္ဏ ဘောလုံးကွင်းလို နေရာတွေ ရှိပေမယ့် အသံပိုင်းမှာ လုံခြုံမှု မရှိပြန်တာကြောင့် အသံစနစ် ကောင်းတဲ့ အမျိုးသား ကဇာတ်ရုံကိုပဲ အသုံးပြုနေရတယ်လို့ ဦးမျိုးမြတ်သူ က ပြောပါတယ်။

အသံပိုင်းဆိုင်ရာ ကြည်လင်ပြတ်သားမှုအတွက် ပွဲစီစဉ်သူတွေအနေနဲ့ နိုင်ငံခြားကနေ စက်ပစ္စည်းအသစ်တွေ ဝယ်ရပေမယ့် ဒီစက်ပစ္စည်းတွေကို အသုံးပြုနိုင်တဲ့ ကျွမ်းကျင်တဲ့ အင်ဂျင်နီယာဆိုပြီး မရှိဘဲ ကိုယ့်ဘာသာ လေ့လာ ထားတဲ့ ဗဟုသုတနဲ့ လုပ်နေကြရပါတယ်။

စင်တင် တေးဂီတ ပွဲတွေအတွက် အလင်းအမှောင်ကလည်း အရေးကြီး ပြန်ပါတယ်။ ဒီလို လိုအပ်တဲ့ အလင်းအမှောင် စနစ်ကလည်း မြန်မာနိုင်ငံအနေနဲ့ နောက်ကျနေပြီး သူများ နိုင်ငံတွေလို ကွန်ပျူတာနဲ့ အသုံးပြုတဲ့ အလင်းအမှောင် စနစ်မျိုးတွေ ဖြစ်သင့်နေပါပြီလို့ ဦးမျိုးမြတ်သူ က ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတကာ ဖျော်ဖြေပွဲတွေ ကျင်းပနိုင်ဖို့ဆိုရင် နှစ်လလောက် ကြိုတင် ပြင်ဆင်မှုတွေ လုပ်ရပြီး ပွဲတပွဲ စီစဉ်တဲ့ အခါ ငွေကြေးကလည်း အနည်းဆုံး သိန်း ၈ဝဝ ကုန်ကျတတ်ပါတယ်။

ပွဲမလုပ်ဖြစ်ခဲ့ရင် တချို့ အခန်းငှားခတွေ ပြန်မရတာ၊ ကြော်ငြာဆိုင်းဘုတ် တင်တဲ့အတွက် ငွေကြေးဆုံးရှုံးရတာ၊ ပွဲပျက်သွားတဲ့အတွက် ပရိသတ်ကို ငွေပြန်အမ်းရ၊ လိုအပ်ရင် တောင်းပန်ရတာတွေ လုပ်ကြရပြန်ပါတယ်။

မိုက်ကယ်လန်း တေးဂီတပွဲ ၂ဝ၁ဝ ခုနှစ်က စီစဉ်ခဲ့ပြီးမှ ဖျက်သိမ်းခဲ့ရတဲ့ ပွဲစီစဉ်ခဲ့သူ တဦး ဖြစ်တဲ့ ကိုသက်ထူးက “သူတို့ဘက်က လိုချင်တဲ့ အချက်အလက်အတွက် စာအုပ်အထူကြီး ပေးတယ်။
ပြင်ဆင်မှုပိုင်း ဘယ်လိုအနေအထား ရှိရမယ်။ ဘယ်လို အသံစနစ် ရှိရမယ် ဆိုပြီး ပြောတယ်။
ကေဘယ်ကြိုးတွေကအစ အသစ်တွေ သုံးရတယ်။ ဒီမှာက ရတဲ့ဟာကို ရသလို နည်းပညာနဲ့ လုပ်ကြတယ်။ အခုလို အတိအကျ ဖြစ်လာတဲ့အခါ အများကြီး ပြင်ဆင်မှုတွေ လုပ်ရတယ်” လို့ ပြောပါတယ်။

တဖန် တိုက်ရိုက် ထုတ်လွှင့်ပြသခွင့်အတွက် အရည်အသွေးနဲ့ ဈေးနှုန်းကလည်း နှစ်ဘက် သဘောတူညီမှု ရဖို့ မလွယ်တတ်ပြန်ပါဘူး။

“သူတို့ဆီမှာ live ပေးမလွှင့်ဘူး။ ရုပ်မြင်သံကြား ထုတ်လွှင်ဖို့ မူပိုင်ခွင့်ဆိုတာတွေက ဈေး အရမ်းကြီးတယ်။ ဆရာတို့ လည်း အဲလောက် မတတ်နိုင်ဘူး။ တိုက်ရိုက် ထုတ်လွှင့်မယ် ဆိုလည်း သူတို့သတ်မှတ်ထားတဲ့ အဆင့်အတန်း၊ စံတွေ မီမှ live လွှင့်ဖို့ ခွင့်ပြုတယ်” လို့ ဦးမျိုးမြတ်သူ က ပြောပါတယ်။

ပွဲစီစဉ်သူတွေအတွက် ကောင်းသတင်းကတော့ နိုင်ငံခြားအဆိုတော် တေးဂီတပွဲတွေရဲ့ လက်မှတ် ဈေးနှုန်းဟာ ဒေသခံ အဆိုတော်တွေ အမြင့်ဆုံး ရရှိတဲ့ လက်မှတ်ကြေး သုံးသောင်းထက် အဆများစွာ များပေမယ့် လက်မှတ် ဝယ်လိုအား ကတော့ ကောင်းနေပြန်ပါတယ်။

“ဇူလိုင်လမှာ ကျင်းပဖို့ လုပ်ခဲ့တဲ့ Engelbert အဆိုတော်တုန်းက လက်မှတ်ကို တသိန်းခွဲ၊ တသိန်း၊ ခုနှစ်သောင်း ဆိုပြီး သတ်မှတ်ပေမယ့် ပရိသတ်က စိတ်ဝင်စားတဲ့အတွက် ဈေးကြီးလည်း လက်မှတ်ဝယ်ကြတယ်” လို့ ဦးမျိုးမြတ်သူ က ပြောပါတယ်။

နိုင်ငံရေး အပြောင်းအလဲတွေကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ထင်ပေါ်လာတဲ့ မြန်မာနိုင်ငံ အပေါ် နိုင်ငံခြား အဆိုတော်တွေဘက်က နယ်မြေသစ် အတွေ့အကြုံ လိုချင်တာရယ်၊ လမ်းသစ် ဖောက်ချင်တာရယ်ကြောင့် သူတို့ဘက်က အကုန်အကျခံပြီး လာရောက်ချင်တဲ့ သဘောတွေ ရှိနေတာကိုလည်း တွေ့နေရပါတယ်။

သီချင်းရေးဆရာ အဆိုတော် ဖြစ်သူ ဆောင်းဦးလှိုင် က ပြည်တွင်း အနုပညာရှင်တွေ အနေနဲ့ နိုင်ငံတကာက နာမည်ကြီး အဆိုတော်တွေ လာပြီး ဖျော်ဖြေတာကို စိတ်ဝင်တစား ရှိပေမယ့် နေရာကျယ်ကျယ်မှာ လက်မှတ်ဈေးနှုန်း နည်းနည်းနဲ့ လူအများ ကြည့်ရှုနိုင်တာမျိုး
ဖြစ်စေချင်တယ်လို့ ပြောပါတယ်။

“နိုင်ငံခြားက နာမည်ကြီး အဆိုတော် ဖျော်ဖြေမယ်ဆိုရင် ဝမ်းသာပြီး စိတ်ဝင်စားတယ်။ ဒါပေမယ့် Copy rights နဲ့ မြန်မာနိုင်ငံမှာ ရှိတဲ့ အနေအထားနဲ့ဆို အခက်အခဲ ရှိနိုင်တယ်။ စာချုပ်စာတမ်းက အစ တိကျဖို့ လိုမယ်။ ပြည်တွင်းမှာ နားလည်မှုနဲ့ လုပ်သလို လုပ်လို့ မရဘူး။ နည်းပညာပိုင်း၊ အသံပိုင်း စသဖြင့် အခက်အခဲ မျိုးစုံ ရှိနိုင်တယ်။ နောက်ပိုင်း နိုင်ငံခြား နာမည်ကြီး အဆိုတော် လာပြီး ဖျော်ဖြေမယ်/
မဖျော်ဖြေဘူး ဆိုတာက တိုင်းပြည် ဖွံ့ဖြိုးမှုနဲ့ပဲ ဆိုင်ပါတယ်” လို့ ဆောင်းဦးလှိုင် က ပြောပါတယ်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates