Monday, July 30, 2012

လျှပ်တစ်ပြက် ဂျာနယ်အမှု သြဂုတ် ၃ ရက်နေ့တွင် ထပ်မံကြားနာမည်

သစ်ငြိမ်း | တနင်္လာနေ့၊ ဇူလိုင်လ ၃၀ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၂၉ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။       ။ လျှပ်တစ်ပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင် အား ပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေးမှူးက တရားစွဲဆိုထားသည့်အမှုကို သြဂုတ် ၃ ရက်နေ့တွင် ပဉ္စမကြိမ်မြောက် ကြားနာရန် ပုစွန်တောင်မြို့နယ် တရားရုံး၌ရုံးချိန်း ထပ်မံခေါ်ယူထားသည်။

ရခိုင်ဒေသ လူမှုအဖွဲ့ ပဋိပက္ခသတင်းနှင့် ဆက်စပ်သောဓာတ်ပုံများ ရေးသားဖော်ပြရာတွင်   အများပြည်သူ အထိတ်တလန့်ဖြစ်အောင် သို့မဟုတ် လူမျိုးစုအချင်းချင်း ပြစ်မှုကျူးလွန်အောင် လှုံ့ဆော်သည်ဟု စွပ်စွဲကာ လျှပ်တစ်ပြက် ဂျာနယ်ကို ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅ဝ၅(ခ)(ဂ)တို့ဖြင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့ ကိုယ်စား ပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေးမှူးက တရားရုံးသို့ တရားလိုပြု ဦးတိုက် လျှောက်ထားသည့် အမှုဖြစ်သည်။

ထိုသို့ တရားစွဲဆိုထားမှုနှင့်အတူ လျှပ်တစ်ပြက်ဂျာနယ်ကိုလည်း စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းထားသည်မှာ နှစ်လနီးပါး ကြာမြင့်လာခဲ့ပြီဖြစ်ကြောင်း သိရသည်။

လျှပ်တစ်ပြက်ဂျာနယ်အမှုကို ဇွန် ၂၅ ရက်က ပထမအကြိမ်၊ ဇွန် ၂၉ ရက်က ဒုတိယအကြိမ်၊ ဇူလိုင် ၁၃ ရက်က တတိယအကြိမ်၊ ဇူလိုင် ၂၄ ရက်က စတုတ္ထအကြိမ် ကြားနားစစ်ဆေးခဲ့ပြီး ဂျာနယ် ထုတ်ဝေခွင့်ကို ဇွန်လ ၈ ရက်နေ့ ထုတ်ဝေသည့် အတွဲ(၃)၊ အမှတ်(၉၁) နောက်ပိုင်းမှ စတင်ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။

စာပေစိစစ်ရေးမှ အရေးယူပြီးသားကိစ္စကို ရန်ကုန်တိုင်းအစိုးရက ယခုကဲ့သို့ တရားစွဲဆိုနေခြင်း
အတွက် မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း ဖြစ်မြောက်ရေး ကော်မတီက အမှုကို ပြန်လည် ရုတ်သိမ်းပေးရန် ရန်ကုန်တိုင်း အစိုးရသို့ တောင်းဆိုထားသည်။

လျှပ်တပြက်ဂျာနယ် အတွဲ (၃) အမှတ် ၉၁ တွင် ရခိုင်အရေး ကိစ္စရပ်အပေါ် သတင်းရေးသားပုံနှင့် မသီတာထွေး အလောင်းပုံ ဖော်ပြခြင်းနှင့် ပတ်သက်ပြီး အုပ်ချုပ်ရေးပိုင်း၊ ဥပဒေ ပိုင်းများဖြင့် အရေးယူမည်ဟု ဇွန်လ ၁ဝ ရက်နေ့က ရန်ကုန်တိုင်း ဝန်ကြီးချုပ်က အစိုးရ အဖွဲ့ဝင်များနှင့် မီဒီယာများ ရှေ့တွင် ပြောကြားခဲ့သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates