Wednesday, July 25, 2012

ပါကစ္စတန် လူ့အခွင့်အရေးခေါင်းဆောင် ဗီဇာ အငြင်းပယ်ခံရ

မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၂၅ ရက် ၂၀၁၂ ခုနှစ် ၁၄ နာရီ ၂၈ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။       ။ ရခိုင်ပြည်နယ်တွင်း ရိုဟင်ဂျာ မူဆလင်များ အစုအပြုံလိုက် သတ်ဖြတ်ခံရမှုအတွက် အချက်အလက်များ လာရောက်လေ့လာရယူရန်အတွက် မြန်မာနိုင်ငံသို့ လာရောက်လိုသည့် ပါကစ္စတန် လူ့အခွင့်အရေး လှုပ်ရှားမှုခေါင်းဆောင် Ansar Burney နှင့် လုပ်ဖော်ကိုင်ဖက် တဦးတို့အား မြန်မာနိုင်ငံမှ ပြည်ဝင်ခွင့် ဗီဇာ ငြင်းပယ်လိုက်ကြောင်း သိရသည်။

ပါကစ္စတန် လူ့အခွင့်အရေး လှုပ်ရှားမှုခေါင်းဆောင် Ansar Burney (ဓာတ်ပုံ - wikipedia)

မည်သည့် လူ့အခွင့်အရေးလှုပ်ရှားသူ၊ စာနယ်ဇင်းသမားများကိုမှ အချက်အလက် ရှာဖွေလေ့လာရေး မစ်ရှင်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ခွင့် မပြုနိုင်ကြောင်း လန်ဒန်ရှိ Ansar Burney Trust International သို့ မြန်မာသံရုံးမှ အကြောင်းကြားလာခြင်း ဖြစ်သည်။

“သူတို့နိုင်ငံကို စာနယ်ဇင်းသမားတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေကို ၀င်ခွင့်မပေးဘူးလို့ သံရုံးက ကျနော့်ကို ပြောလာပါတယ်။ ကျနော် လုံးဝကို အဖျက်ဆီးခံလိုက်ရတာပါပဲ။ ဒါဟာ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာကြီးကနေ ထိန်ဝှက်ထားစရာ တစုံတရာ ရှိနေတယ်ဆိုတာ သက်သေပြလိုက်တာပါပဲ” ဟု Ansar Burney အား ကိုးကား၍ International The News တွင် ဖော်ပြပါရှိသည်။

ပါကစ္စတန် ဖက်ဒရယ် လူ့အခွင့်အရေး ၀န်ကြီးဟောင်းလည်းဖြစ်၊ လန်ဒန်ရှိ ပါကစ္စတန် သတင်းစာကလပ်၏ အတွင်းရေးမှူးလည်း ဖြစ်သည့် Ansar Burney သည် ဇူလိုင်လ ၁၉ ရက်နေ့က ဗီဇာလျှောက်ထားခဲ့ပြီး ခွင့်ပြုရန်
အတွက် သံရုံးမှ အားမခံချက် ရရှိထားပြီးသော်လည်း ဇူလိုင်လ ၂၄ ရက်နေ့တွင် ယခုကဲ့သို့ ငြင်းပယ်ခံရခြင်းဖြစ်သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အကြံပေးပုဂ္ဂိုလ်ဟောင်း တဦးဖြစ်သည့် Ansar Burney သည် မြန်မာနိုင်ငံ
အတွင်း မူဆလင်များ အစုအပြုံလိုက် သတ်ဖြတ်ခံနေရသည် ဟူသော အစီရင်ခံစာများနှင့်ပတ်သက်၍ ကိုယ်တိုင် သွားရောက် လေ့လာကာ အချက်အလက်များ ရှာဖွေစုဆောင်းပြီး အမှန်တရားကို ဖော်ထုတ်မည်ဟု ဆိုထားသည်။

ယခုကဲ့သို့ မြန်မာအစိုးရ၏ ပြုမူချက်မှာ ၎င်းနိုင်ငံတွင်း အပြစ်မဲ့ မူဆလင်များအား သတ်ဖြတ်နေမှုများ၊ မူဆလင် အမျိုးသမီးငယ်များအား အဓမ္မပြုကျင့်နေမှုများ၊ အခြားသော ယုတ်မာရက်စက်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှု
များ ဖြစ်နေသည်ဟူသော မြန်မာအစိုးရအပေါ် ထွက်ဆိုချက်များအား သက်သေပြလိုက်ခြင်းသာ ဖြစ်ကြောင်း Ansar Burney က မှတ်ချက်ပြု ပြောဆိုသွားသည်ဟု Pakistan Today သတင်းတရပ်တွင်လည်း ဖော်ပြပါရှိသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates