Thursday, November 3, 2011

အစိုးရ နိုင်ငံရေးအမြတ်ထုတ်ဟု KIO စွပ်စွဲ

ကိုဝိုင်း | ကြာသပတေးနေ့၊ နိုဝင်ဘာလ ၀၃ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၁၁ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။       ။ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးမည့်အဖွဲ့ ဒုတိယ ခေါင်းဆောင် ဦးသိန်းဇော်၏ ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် စာပို့ကမ်းလှမ်းချက်သည် နိုင်ငံရေး အမြတ်ထုတ်ခြင်းသာ ဖြစ်ကြောင်း တုံ့ပြန်လိုက်သည်။

“နိုင်ငံတကာက သံတမန်ကိစ္စတွေ၊ ပုဂ္ဂိုလ်တွေ ရောက်နေကြတယ်။ ဒီလိုမျိုး စောင့်ကြည့်နေတဲ့ အချိန်မှာ သူတို့က လက်နက်ကိုင် အင်အားစုတွေ အားလုံးနဲ့ အဆက်အသွယ်ရှိပါတယ် ဆိုတဲ့ အနေနဲ့ ဟန်ရေးပြပေါ့ဗျ။ သံတမန်ရေး မှာ အမြတ်ထုတ်ဖို့ လုပ်တဲ့ကိစ္စလို့ပဲ လုံးဝခိုင်ခိုင်မာမာ သုံးသပ်တယ်ခင်ဗျ။”  ဟု KIO ပြောရေးဆိုခွင့်ရှိသူ ဦးလနန် က ပြောသည်။

KIO ထံ စာမပေးပို့မီ တရက်အလိုကပင် မြစ်ကြီးနားမြို့တွင် စစ်ဘက်လုံခြုံရေး-စရဖ က ကြိုတင် သတင်းဖြန့်ထားခဲ့ သည်ဟု ဆိုသည်။

အောက်တိုဘာလ ၂၉ ရက်နေ့က KIO ဥက္ကဌ ဦးဇောင်းဟရားသို့ လိပ်မူသည့် ဦးသိန်းဇော်၏ စာအတွင်း၌ “ကချင်ပြည်နယ် အတွင်း ပိုမိုပြင်းထန်သော စစ်မက်ဆိုင်ရာ အရှိန်အဟုန်များ မပေါ်ပေါက်မှီ တည်ငြိမ်အေးချမ်းရေး အတွက်” အပစ်အခတ်ရပ်ဆဲရန် ဖိတ်ခေါ်ထားသည်။

ကချင်ဒေသ ရှေ့တန်း နယ်မြေထဲသို့ အစိုးရတပ် စစ်ကူများထပ်လွှတ်ရာ ဗုဒ္ဓဟူးနေ့ ညသန်းခေါင်က မြစ်ကြီးနားသို့ ရောက်ရှိလာပြီး တိုက်ပွဲကြီးများဖြစ်လာနိုင်သည်ဟု ဦးလနန်က မျှော်လင့်နေသည်။

၁၉၉၄ ခု KIO အပစ်ရပ်စဉ်က နယ်မြေအတွင်းမှ ထွက်ခွာသွားရသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး-ABSDF နှင့် KIO က ပြန်လည် ပူးတွဲလှုပ်ရှားမည် ဖြစ်သည်ဟု ဆိုသည်။

ကချင်ပြည်နယ် ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် ညှိနှိုင်းရေးအဖွဲ့ ကိုယ်စားလှယ်တို့နှင့် KIO ခေါင်းဆောင်များ သြဂုတ်လ ၂ ရက်နေ့က တတိယအကြိမ် တွေ့ဆုံဆွေးနွေးပြီးနောက် သဘောတူညီမှုမရဘဲ ဖြစ်ခဲ့သည်။ 

KIO အဖွဲ့ ဥက္ကဌ၏ နိုဝင်ဘာ ၁ ရက်နေ့တွင် ပြန်ကြားစာ၌မူ အပစ်ခတ်ရပ်ဆဲရေး မပြောတော့ဘဲ “ပြည်တွင်းစစ်နှင့် တိုင်းရင်းသားအရေးဖြေရှင်း နိုင်ရန် တန်းတူရေးကိုအခြေခံသော နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများဖြင့် အစပြုသင့် ပါသည်။” ဟု ရေးထားသည်။

ဦးလနန်က “ပစ်ခတ်ရင်းနဲ့လည်း ဆွေးနွေးကြမယ်။ အပစ်ရပ်ဆိုင်းရေးလုပ်ပြီးမှပဲ ဆွေးနွေးပွဲ လုပ်မယ်ဆိုရင် အာမခံချက် မရှိတဲ့ ကိစ္စလို့ ကျနော်တို့ ပြန်သုံးသပ်မိတယ်လေ။” ဟုဆိုသည်။

၁၉၉၄ ခုတွင် KIO အပစ်အခတ်ရပ်ဆဲခဲ့သဖြင့် သူ၏ နယ်မြေအတွင်းမှ ထွက်ခွာသွားရသည့် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး-မြောက်ပိုင်း တပ်ရင်းရုံးကို နိုဝင်ဘာ ၁ ရက်နေ့တွင် KIO ဌာနချုပ် လိုင်ဇာအနီးရှိ လခွမ်းဘွမ် ဒေသတွင် KIA ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် တက်ရောက်၍ တရားဝင် ပြန်ဖွင့်ခွင့်
ပြုလိုက်သည်။

“ကျနော်တို့ရဲ့ တွေ့ဆုံမှုကိစ္စတွေကြောင့် မဟာမိတ်တပ်ဖွဲ့ဖြစ်တဲ့ ABSDF အပေါ်မှာ အရင်တုန်းက လို ထိခိုက်နစ်နာစေတဲ့ ကိစ္စမျိုး ပေါ်လာစရာ အကြောင်းမရှိဘူး။” ဟု ဦးလနန်က ပြောသည်။

တန်းတူရေး တိုင်းရင်းသား ၁၂ ဖွဲ့ပါ ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်များဖြစ်သော ရှမ်းပြည်တပ်မတော် (မြောက်) SSPP/SSA၊ ချင်းအမျိုးသားတပ်ဦး-CNF၊ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့နှင့်အတူ ပူးတွဲကော်မတီဖြင့် လုပ်ငန်းများ စတင်နေပြီ ဟု ABSDF မြောက်ပိုင်း အလုပ်အဖွဲ့ခေါင်းဆောင် ဦးလှစိုင်းကပြောသည်။

“တန်းတူရည်တူဆက်ဆံတဲ့ မဟာမိတ်ပုံစံနဲ့ သွားတာပါ။ ကျနော်တို့ကတော့ တပ်ရင်းတရင်းစာ လုပ်ထားတယ်။ လောလောဆယ် အလုပ်အဖွဲ့နဲ့သွားတယ်။ ဗဟိုကော်မတီ အစည်းအဝေးမှာမှ တပ်ရင်း ဘယ်လောက်ဆိုတာ ပြန်ချ ယူမယ်။” ဟု သူကပြောသည်။

အောက်တိုဘာလအတွင်းက KIO ထိန်းချုပ်နယ်မြေအနှံ့ တိုက်ပွဲပေါင်း ၁၆၄ ကြိမ်ဖြစ်ပွားခဲ့ပြီး ဗဟိုဌာနချုပ် စိုက်သည့် တပ်မဟာ-၅၊ တပ်မဟာ-၃ မိုးမောက်မြို့နယ်၊ တပ်မဟာ-၄ ရှမ်းပြည် နယ်မြောက်ပိုင်း မူဆယ်-ကွတ်ခိုင် တို့တွင် တိုက်ပွဲများ အဖြစ်များသည်ဟု သိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates