Tuesday, July 5, 2011

ပို့ကုန်ခွန် သုံးရာခိုင်နှုန်း လျှော့ချ

မဇ္ဈိမသတင်းဌာန| အင်္ဂါနေ့၊ ဇူလိုင်လ ၀၅ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၃၇ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။       ။ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ထုတ်ပြန်ချက် အသစ်အရ ပို့ကုန် လုပ်ငန်းရှင်များ
 ပေးဆောင်ရသော ပို့ကုန် အခွန်ကို သုံးရာခိုင်နှုန်း လျှော့ချလိုက်သဖြင့် ခုနှစ်ရာခိုင်နှုန်းသာ ပေးဆောင်ရတော့မည်။

ယခင်က ပြည်ပပို့ကုန် လုပ်ငန်းရှင်များသည် အခွန်စုစုပေါင်းကို ၁၀ ရာခိုင်နှုန်း ပေးဆောင်ခဲ့ရာမှ ဇူလိုင် ၁ ရက်မှစ၍ အခွန်လျှော့သည့် စနစ်အရ ပို့ကုန်အတွက် အခွန်ကို ငါးရာခိုင်နှုန်းနှင့် ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းသာ ပေးရမှာ ဖြစ်သည်။

ပို့ကုန်သမားများ၏ လုပ်ငန်းများ အေးနေသောကြောင့် ရန်ကုန်မြို့ သင်္ဘောဆိပ်ကမ်းများ အပြင် တခြားမြေကွက်လပ်တွင်ရှာ၍ ကွန်တိန်နာ အလွတ်များ စုပုံထားနေသည် တွေ့ရစဉ် (ဓါတ်ပုံ မဇ္ဈိမ)

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အရာထမ်းတဦး အပြောအရ မြန်မာကျပ်ငွေ တန်ဖိုး မြင့်တက်နေသဖြင့် ပို့ကုန် လုပ်ငန်းအချို့ အရှုံးပေါ်မှုကို သက်သာစေရန် အစိုးရအဖွဲ့က လျှော့ပေါ့ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ဇွန် ၃ဝ ရက်တွင် နေပြည်တော်၌ ပြုလုပ်သော ပြည်ထောင်စု အစိုးရ အဖွဲ့ အစည်းအဝေးမှ ဆုံးဖြတ်ခဲ့သည်ဟု ဆိုသည်။

အစိုးရနှင့် နီးစပ်သော သီးခြားသတင်းတရပ်တွင် သမ္မတဦးသိန်းစိန်က အခွန်ကောက်ခံမှုကို ငါးရာခိုင်နှုန်းအထိ လျှော့ချပေးခဲ့သော်လည်း ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်းက ခုနှစ်ရာနှုန်းအထိ ကောက်ခံစေလိုသည်ဟု ဆိုထားသည်။

ရန်ကုန်တွင် အင်္ဂါနေ့ ဒေါ်လာပေါက်ဈေးမှာ အရောင်း ၈ဝဝ ကျပ်၊ အဝယ် ၈ဝ၅ ကျပ်မှ ၈၁ဝ ကျပ်အတွင်း ရှိကြောင်း မဟာဗန္ဓုလလမ်း ငွေကြေးဈေးကွက်ထံမှ စုံစမ်းသိရှိရသည်။

သို့သော် ပို့ကုန်သမားများ၏ လုပ်ငန်းများမှာမူ အေးနေပြီး ရန်ကုန်မြို့ သင်္ဘောဆိပ်ကမ်းများ၌ ကွန်တိန်နာ အလွတ်များ စုပုံနေသည်။

“ အခုက ပို့ကုန်သမားတွေ ကိုက်မှ မကိုက်တာ။ ဒါကြောင့် ပို့တာတွေ မရှိဘူး။ မပို့ဖြစ်တော့ ဆိပ်ကမ်းမှာ ကွန်တိန်နာ အခွံ့တွေ ပုံနေတယ်။ ထားစရာ နေရာမရှိလို့ မြေကွက်လပ်တွေမှာ ရှာထားရတယ်” ဟု ဆိပ်ကမ်း အေ့ဂျင့်တဦးက မဇ္ဈိမကို ပြောသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates