Wednesday, February 2, 2011

ကူးပြောင်းခြင်း

မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၀၂ ရက် ၂၀၁၁ ခုနှစ် ၁၅ နာရီ ၄၁ မိနစ်

အရပ်သားအစိုးရ ပေါ်ထွက်လာမည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးများကား ၂ဝ၁၁ ခုနှစ် နှစ်ဆန်းမှာ ပေါ်ထွက်လာခဲ့သည်။ စစ်တပ်က တိုက်ရိုက်ချုပ်ကိုင်ခြင်း တကျော့ပြန် ချုပ်ငြိမ်းသွားခဲ့ခြင်းလည်း ဖြစ်သည်။ သို့သော် စစ်အုပ်စုအနေဖြင့် ဒီမိုကရေစီသို့ ကူးပြောင်းခြင်းဖြစ်သည်ဟု ဆိုသော်လည်း အခင်းအကျင်း အသစ်ကား လူအများ၏ မျှော်လင့်ချက်တက်လာအောင် ဆွဲဆောင်နိုင်မှုတော့ ကင်းနေပြန်သည်။ လူမပြောင်းဘဲ ပုံစံနောက်တခု ပြောင်းခြင်းဖြစ်၍ ယုံကြည်မှုအားနည်းခြင်းလည်း ဖြစ်ပေမည်။

ထို့အပြင် မူသစ်တွင်ပင် ထိန်းချုပ်မှုကို ရှေ့တန်းတင်ပြီး အမိန့်နာခံမှုကို ဦးစားပေးသော အကျင့်ကို ဆက်လက် ယူဆောင်လာခြင်းကြောင့်လည်း ဖြစ်ပေလိမ့်မည်။

နမူနာပြဆိုရလျှင် အထက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးချယ်လိုက်သည့် ယဉ်ကျေးမှုဝန်ကြီး ဦးခင်အောင်မြင့်က လွှတ်တော်အတွင်း အငြင်းအခုံပြုခြင်းသည် အချိန်ကို အလဟဿ ကုန်ဆုံးသွားစေမည်ဟု နှုတ်ခွန်းဆက် အမှာစကား ပြောကြားသွားမှု ဖြစ်သည်။ မတူသော အတွေးအမြင်၊ အဓိပ္ပာယ်ဖွင့်ဆိုမှုတို့ကို ဆွေးနွေးငြင်းခုံမှုကသာလျှင် အပြန်အလှန် နားလည်မှုအထိ ပေးစွမ်းနိုင်သော တိုးတက်မှုကို ပေးစွမ်းနိုင်စေသည်ဆိုခြင်းမှာ ဒီမိုကရေစီ၏ အခြေခံသဘောတရားတခု ဖြစ်သည်။ လွှတ်တော်များသည် တိုင်းပြည်ရေးရာများကို ငြင်းခုံဆွေးနွေးဖို့အတွက် ဖန်တီးပေးထားကြသည် မဟုတ်ပါလော။

ထို့အပြင် ပြောင်းလဲရန် ခဲယဉ်းလွန်းလှသော မြန်မာ့နိုင်ငံရေးဟု ကင်ပွန်းတပ်ရလောက်အောင် အုပ်စိုးသူက တဖက်သတ် အသာစီး လုပ်ဆောင်မှုများ ဖြစ်သည်။

ကိုယ်ပျောက်ကြိုတင်မဲ၊ မဲလိမ်မှုများဖြင့် အနိုင်ရလာခဲ့သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်များ ကြီးစိုးထားသော လွှတ်တော်များထဲတွင် အရေးပါသော နေရာများကိုလည်း သူတို့ကပင် အုပ်စိုးထားသည်။ ထိန်းညှိမှု ဖြစ်ထွန်းစေနိုင်သော အတိုက်အခံပါတီများ၊ တိုင်းရင်းသားလူမျိုးစုများကို နေရာပေးရန် မကြိုးစားကြပေ။ ရလဒ်ကမူ နာတာရှည် လူမျိုးရေးအခြေခံ ပြသနာများ ဆက်နေဦးမှာဖြစ်သည်။

ရုပ်ဆိုးလှသော ဖြစ်ရပ်တခုကလည်း လွှတ်တော်အစည်းအဝေးများကို သတင်းစာဆရာများ
ပေးမတက်ခြင်း ဖြစ်သည်။ တိုင်းပြည်၏ သံယံဇာတ၊ တိုင်းသူပြည်သားများ၏ အခွန်အတုတ်များဖြင့် တိုင်းရေးပြည်ရာများကို စီမံခန့်ခွဲရာတွင် မဏ္ဍိုင်တခုဖြစ်သော လွှတ်တော်အစည်းအဝေးကို တိုင်းသူပြည်သားများလေ့လာ အကဲခတ်နိုင်မှာဖြစ်သည်။ စတာလင်ခေတ် ဝါဒဖြန့်ပုံစံနှင့် ဒီမိုကရေစီမှာ ပြဒါးတလမ်း၊ သံတလမ်း ဖြစ်နေတော့သည်။

ပြုပြင်ပြောင်းလဲမှုကို အစိုးရက ရှေးရှုမှုမပြုလျှင် အစိုးရအတွက်လည်း အလားအလာ မကောင်းပါ။ ပြည်သူအများက အင်အားသုံး ဖြေရှင်းရန် ရွေးချယ်လာကြမှာဖြစ်သည်။ တည်ငြိမ်သော အကူးအပြောင်းဖြင့် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံသစ်တခု ဖန်တီးနိုင်ရန် အစိုးရကိုယ်တိုင်က တွန်းတွန်းတိုက်တိုက် လုပ်ရန် လိုအပ်ပေသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates