Monday, January 31, 2011

မြစ်ဆုံရေကာတာအတွက် စိုးရိမ်နေကြ

သောမတ်စ် မောင်ရွှေ | တနင်္လာနေ့၊ ဇန်နဝါရီလ ၃၁ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၂၉ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။       ။ ကချင်ပြည်နယ် ဧရာဝတီမြစ်ဖျားရှိ မြစ်ဆုံရေကာတာ စီမံကိန်းပေါ် စိုးရိမ်မိကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူများက ပြောဆိုကြသည်။

မြစ်ဆုံရေကာတာ ဆောက်လုပ်သဖြင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ ဒေသခံများ ပြောင်းရွှေ့ရမှုများ အကျိုးဆက်အဖြစ် ပေါ်ပေါက်လာနိုင်သဖြင့် စိုးရိမ်သောက ဖြစ်ကြခြင်း ဖြစ်သည်။

"ကချင်ကျေးရွာလူထုတွေ ထောင်နဲ့ချီ ပြောင်းရွှေ့ပေးကြရမယ်ဆိုတာ တကယ့်ပြဿနာကြီးပဲ" ဟု ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

ဖြစ်ပေါ်လာမည့် အကျိုးဆက်များအပေါ် ကချင်လူထုအနေဖြင့် "စစ်အစိုးရက ချယ်လှယ်သည့် စီမံကိန်းကြောင့်လော၊ ဗမာပြည်သူလူထု အများသဘောအရလော" ဟု မခွဲခြားနိုင်မည်ကို စိုးရိမ်ကြောင်းနှင့် အကျိုးဆက်ကြောင့် တိုင်းရင်းသား အချင်းချင်း ပိုမိုတင်းမာလာနိုင်ပြီး၊ ဆယ်စုနှစ်များစွာ ဖြစ်ပွားခဲ့သည့် တိုင်းရင်းသားအရေး ပဋိပက္ခ၊ ပြည်တွင်းစစ်အတွက် ဆိုးကျိုးဖြစ်စေနိုင်ကြောင်း နိုင်ငံရေးအကျဉ်းသားအဖြစ် နှစ်များစွာ ထောင်ကျခဲ့သူလည်းဖြစ်သည့် ဝါရင့်နိုင်ငံရေးသမားကြီး ဦးဝင်းတင်က သုံးသပ်သည်။ ယခုစီမံကိန်း စတင်သည်မှာ နှစ်အတန်ကြာ ရှိပြီဖြစ်သော်လည်း၊ ပြည်သူများနှင့် တိုင်ပင်အကြံရယူမှု မရှိဟု ဆိုသည်။

၎င်းမြစ်ဆုံရေကာတာ စီမံကိန်းကို ဝေဖန်နေကြသူများကမူ မြစ်အညာပိုင်းတွင် တမံတုတ်လိုက်သည့်အခါ ရေဆင်းရေလာ နည်းသွားမှုကြောင့် မြစ်အကြေပိုင်းတွင် နောက်ထပ် ထိခိုက်သက်ရောက်မှုများ ဖြစ်လာနိုင်ပြီး၊ ငါးမျိုးများ ရှားပါးပျက် သုဉ်းစေနိုင်ကာ၊ မြန်မာနိုင်ငံတွင် ထွက်ရှိနေသည့် စပါး၏ ၆ဝ % ထုတ်လုပ်နေသော ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုအပေါ် သက်ရောက်မှု ရှိလာနိုင်သည်ဟု ထောက်ပြပြောဆိုသည်။

မြန်မာနိုင်ငံတွင် မြစ်ကြောင်းများကို ဆည်များ ပိတ်ဆို့တည်ဆောက်နေမှုကြောင့် ထိခိုက်နစ်နာရသူများအရေး လှုပ်ရှားနေသည့် အဖွဲ့အစည်းများ စုပေါင်းဆောင်ရွက်နေသည့်၊ မြန်မာနိုင်ငံ မြစ်ကြောင်းများဆိုင်ရာ ကွန်ယက်အဖွဲ့ Burma Rivers Network ခေါင်းဆောင်တဦးဖြစ်သူ စိုင်းစိုင်းက "ဆည်အကြေနေ ပြည်သူတွေအတွက် ရေကြောင်း ပြောင်းလဲမှုကြောင့် ထိခိုက်နစ်နာရဖွယ် ရှိနေတယ်" ဟု ပြောသည်။

မြန်မာနိုင်ငံ၏ အသက်သွေးကြောသဖွယ် ဖြစ်နေသည့် မြစ်ကြီးဧရာ၏ ရေကြောင်းကို ပိတ်ဆို့၍၊ တရုတ်နိုင်ငံ လျှပ်စစ်စွမ်းအင် လိုအပ်ချက်နှင့်အညီ၊ ဖွင့်ချီတခါ ပိတ်ချီတလှည့် ရေလွှတ်ပေးမည်ဖြစ်သဖြင့် မြေအကြေပိုင်းတွင် နေထိုင်သူများ မျှော်လင့်မထားသည့် ရေအတက်အကျကို ကြုံကြရမည်မှာလည်း တဒုက္ခဟု ဆိုသည်။

မြန်မာနိုင်ငံ မြစ်ကြောင်းများဆိုင်ရာ အဖွဲ သုတေသီတဦးဖြစ်သူ အနန်းကလည်း ရာနှင့်ချီရှိသည့် ကျေးရွာလူထုများကို ပြီးခဲ့သည့်နှစ်တွင် ပြောင်းရွှေ့စေခဲ့ပြီး၊ စစ်အစိုးရက အစားပြန်ပေးသည့်နေရာ၌ လူမှုဖူလုံရေးနှင့် အသက်မွေးဝမ်းကြောင်း လုပ်ငန်းများအတွက် မည်သို့မျှ ပြည့်စုံဖူလုံမှု မရှိဟု ထောက်ပြပြောဆိုသည်။

"အခုပြောင်းရွှေ့ခံရတဲ့ ကျေးရွာလူထု အများစုက ဝမ်းစာဖူလုံရေးအတွက်လောက် စိုက်ပျိုးနေကြတဲ့ လယ်သမားတွေပါ။ ဒီမြေပေါ်မှာ သူတို့ ဘိုးဘေးဘီဘင် လက်ထက်ကတည်းက စိုက်ပျိုးနေထိုင်လာကြတာ။ စစ်အစိုးရက မပြောမဆို ချက်ချင်း ပြောင်းခိုင်းတော့ သူတို့အတွက် ပိုဆိုးတယ်။ သူတို့ပိုင်တဲ့ အိမ်မွေးတရိစ္ဆာန်တွေတောင် ပြန်သိမ်းချိန် မရကြဘူး" ဟု အနန်းက မဇ္ဈိမကို ပြောသည်။

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို မေခနှင့် မလိခမြစ်များဆုံရာ မြစ်ဆုံတွင် တည်ဆောက်မည်ဖြစ်ပြီး၊ စစ်အစိုးရ၏ သတင်းထုတ်ပြန်ချက်များအရ လျှပ်စစ် ၆,ဝဝဝ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်မည်ဟု သိရသည်။

တရုတ်အစိုးရပိုင် လျှပ်စစ်စွမ်းအင် ကုမ္ပဏီကြီးဖြစ်သည့် တရုတ်စွမ်းအင်ရင်းနှီးမြှုပ်နှံရေး ကော်ပိုရေးရှင်း CPI က ရင်းနှီးမြှုပ်နှံကာ ဦးဆောင်တည်ဆောက်နေပြီး၊ မြန်မာနိုင်ငံဘက်မှ အစိုးရပိုင် မြန်မာ့လျှပ်စစ်လုပ်ငန်း MEPE၊ ပုဂ္ဂလိက ကုမ္ပဏီဖြစ်သည့် စတီဗင်လောနှင့် မိသားစုပိုင် အေးရှားဝေါ ကုမ္ပဏီနှင့် ဖက်စပ်ဆောင်ရွက်နေသည်။

စတီဗင်လော၏ ဖခင်လော်စစ်ဟန်မှာ အေးရှားဝေါကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သလို၊ အမေရိကန်အစိုးရက သူ့ကို မူးယစ်ဆေး 'ဘိန်းရာဇာ'၊ ငွေကြေးခဝါချမှု စသည့် ပြစ်မှုများဖြင့် နာမည်ပျက်စာရင်း သွင်းထားသူလည်း ဖြစ်သည်။

ပြီးခဲ့သည့်စက်တင် ဘာလတွင် ထုတ်ပြန်ခဲ့သည့် ဘရပ်ဆယ်မြို့ အခြေစိုက် အကြံပေးပညာရှင်အဖွဲ့၊ အပြည်ပြည်ဆိုင်ရာ ပဋိပက္ခများ လေ့လာရေးအဖွဲ့ ICG ၏ တရုတ်-မြန်မာ ဆက်ဆံရေးအကြောင်း သုံးသပ်ချက်တွင် တရုတ်သတင်းမီဒီယာ ဌာနများကို ကိုးကားဖော်ပြထားရာ၌ "မြစ်ဆုံဆည်မှ ထွက်ရှိလာသည့် လျှပ်စစ်အများစုကို တရုတ်သို့ တင်ပို့လိမ့်မည်ဟု ယူဆရသည်" ဟု ဖော်ပြထားခဲ့သည်။

Burma Rivers Network ရှိ လှုပ်ရှားနေသူများနှင့် ဤအဖွဲ့၏ အဖွဲ့ဝင်တခုဖြစ်သည့် ကချင်ဖွံ့ဖြိုးရေးကွန်ရက်အဖွဲ့ KDNG ကမူ ဤဆည်ဆောက်လုပ်မှုကြောင့် ရေလွှမ်းမိုးနစ်မြုပ်ခံရမည့်နေရာ အကျယ်အဝန်းသည် စင်္ကာပူနိုင်ငံထက်ကျယ်ပြီး၊ ကျေးရွာအများအပြား ပျက်စီးပြောင်းရွှေ့ရမည်၊ ကျေးရွာလူထု ၁၅,ဝဝဝ ခန့်အထိ ထိခိုက်နစ်နာဖွယ်ရှိနေသည်၊ ဂေဟဗေဒ သဘောအရ အရေးကြီးသည့် ဇီဝသတ္တစုံလင်သော နေရာဒေသ အများအပြားပါ ပျက်စီးဆုံးရှုံးရဖွယ်ရှိသည်ဟု ဆိုသည်။ 

ယခု ဆည်တည်ဆောက်ရေး စီမံကိန်းကြောင့် နောက်ဆုံးဖြစ်လာသည့် စစ်အစိုးရ၏ "မြေယာလုယက် သိမ်းပိုက်ရေး" ဖြစ်ရပ်များအပေါ် ဦးဝင်းတင်က ရှုတ်ချသည်။ မကြာခဏဆိုသလို လူထုများထံမှ အာဏာပိုင်များက မြေသိမ်းပိုက်သည့် ကိစ္စများ နိုင်ငံအနှံ့ ဖြစ်နေပြီး၊ စီမံကိန်းကြီးများအတွက်ဟုဆိုကာ လျော်ကြေး တပြားတချပ်မှမရ၊ နစ်နာမှုများကိုလည်း ဖြေရှင်းပေးခြင်း မရှိဘဲ ဒုက္ခကြုံနေကြရသည်ဟု ပြောသည်။

မြစ်ဆုံဆည်သည် ကချင်ပြည်နယ်ရှိ ဧရာဝတီမြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာ ၇ ခု အနက် ပထမဦးဆုံး စီမံကိန်းဖြစ်သည်။ ပြီးခဲ့သည့် စက်တင်ဘာလထုတ် အာရှတိုက်ရှိ စွမ်းအင် Power in Asia အမည်ရှိ စီးပွားရေးဆိုင်ရာ ဂျာနယ်တခုတွင် ဖော်ပြထားချက်အရ ဤမဟာစီမံကိန်းကြီးမှ စုစုပေါင်း လျှပ်စစ်ထုတ်လုပ်နိုင်စွမ်း ၁၆,၅ဝဝ မဂ္ဂါဝပ်ရှိမည် ဟု ဆိုပြီး၊ တရုတ်နိုင်ငံမှ ၁၈,၂ဝဝ မဂ္ဂါဝပ် ထုတ်လုပ်ပေးနေသည့် ကမ္ဘာ့အကြီးဆုံး ဧရာမကျောက်သုံးလုံးဆည် Three Gorges Dam ထက် အနည်းငယ်သာ လျှော့သည်။

Burma Rivers Network က ထောက်ပြထားသည်မှာ ဧရာဝတီမြစ်ကြောင်းရှိ ဆည် ၇ ခုမှ ထုတ်လုပ်မည့် စွမ်းအင်သည် မြန်မာနိုင်ငံတွင် လိုအပ်နေသည့် လျှပ်စစ်စွမ်းအင်ထက် ၅ ဆမျှပင် ပို၍ နေသေးသည်။

မြစ်ဆုံဆည်ကဲ့သို့ပင် ကျန်ဆည် ၆ ခုကိုလည်း CPI တရုတ်အစိုးရ ကုမ္ပဏီက မြန်မာ့လျှပ်စစ်လုပ်ငန်း၊ အေးရှားဝေါ ကုမ္ပဏီတို့နှင့် ဖက်စပ်တည်ဆောက်လိမ့်မည်ဖြစ်သည်။ ပြီးခဲ့သည့်နှစ် ဇူလိုင်လတွင် မြန်မာအစိုးရ၏ နိုင်ငံတော် ပြန်တမ်း၌ ဖော်ပြထားရာ၌ ၎င်းလုပ်ငန်းကြီး ၃ ခု ပူးပေါင်း၍ ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလတွင် ဧရာဝတီမြစ်ဆုံ-မြစ်ညာ-မြစ်ဝှမ်း ရေအားလျှပ်စစ် ကုမ္ပဏီလီမိတက်ကို တည်ထောင်၍ ၎င်းလုပ်ငန်းများကို စီမံဆောင်ရွက်မည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် တည်ဆောက်ခဲ့သည့် အခြားဆည်စီမံကိန်းများတွင် တွေ့ရသည့်အတိုင်း၊ စစ်အစိုးရက ၎င်းလုပ်ငန်းများမှ သူတို့ ကြွယ်ဝရေးကိုသာ အလေးပေး ဆောင်ရွက်နေပြီး၊ လာရောက် ရင်းနှီးမြှပ်နှံကြသူများကလည်း အကျိုးအမြတ်ထုတ် ယူမည်ဖြစ်ကြောင်းနှင့် သို့သော် မြန်မာပြည်သူများ၏ လိုအပ်ချက်ကိုမူ လျစ်လျူရှုထားကြောင်း စိုင်းစိုင်းက ဝေဖန်သည်။

Power in Asia စာစောင်က တရုတ်အစိုးရ၏ တရားဝင် ခန့်မှန်းတွက်ချက်မှုများအရ လာမည့် ၁၅ နှစ်အတွင်း ဆည် ၇ ခု တည်ဆောက်မှုအတွက် အမေရိကန်ဒေါ်လာ ၃ဝ ဘီလီယံခန့် (တရုတ်ယွမ်ငွေ ၂ဝဝ ဘီလီယံခန့်) ကုန်ကျမည်ဟု ဖော်ပြထားသည်။

၎င်းအစီရင်ခံစာအရ တရုတ်များက ပြည်ပရှိ တည်ဆောက်ရေး လုပ်ငန်းများတွင် သူတို့ ဆောင်ရွက်နေကြအတိုင်း သူတို့ ကိုယ်ပိုင် တရုတ်လုပ်သားများ ခေါ်ယူလာ၍ တည်ဆောက်မည်ဖြစ်ပြီး၊ သို့အတွက်ကြောင့် ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းများလည်း တိုးတက်လာစရာ အကြောင်းမရှိပေ။

တာတမံ တည်ဆောက်မည့် နေရာတွင် ဗုံးဖြင့် တိုက်ခိုက်ခံရခြင်း

ပြီးခဲ့သည့်နှစ်က မြစ်ဆုံဆည် တည်ဆောက်မည့်နေရာ၌ ၂ဝ၁ဝ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် ဗုံး ၁ဝ လုံးခန့် နေရာအသီးသီးတွင် ပေါက်ကွဲခဲ့ပြီး၊ ဆည်တည်ဆောက်လုပ်ရေး လုပ်ငန်းမှ တရုတ်လုပ်သားတဦး ဒဏ်ရာရရှိခဲ့သည်။ အေရှားဝေါ ကုမ္ပဏီပိုင် ယာယီတဲများနှင့် ကားအချို့လည်း ဗုံးဒဏ်ကြောင့် ပျက်စီးခဲ့သည်။

ဗုံးပေါက်ကွဲပြီး နောက်ရက်များတွင် စစ်အစိုးရက ဒေသခံ ၇ဝ ခန့်ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ အများစုမှာ လူငယ်များဖြစ်ပြီး၊ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၏ လူငယ်စည်းရုံးရေးအောက်ရှိ ပညာရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို ရည်သန်ဆောင်ရွက်နေကြသည့် လူငယ်များလည်း ထိုအထဲတွင် ပါဝင်ခဲ့သည်။

KIO က ယခုဆည်တည်ဆောက်မည့် ကိစ္စကို လူသိရှင်ကြား ကန့်ကွက်ခဲ့သော်လည်း၊ ဗုံးခွဲတိုက်ခိုက်မှုအတွက် တာဝန်မရှိကြောင်း ငြင်းဆိုခဲ့သည်။ နောက်ပိုင်းတွင် ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးခဲ့သည်။ KIO ၏ အဆိုအရ ဆည်တည်ဆောက်ရေးကိစ္စ သူတို့၏ စိုးရိမ်ပူပန်မှုများကို စစ်အစိုးရက လျစ်လျူရှုကာ၊ တည်ဆောက်ရေး လုပ်ငန်းများ ရှေ့တိုးလုပ်ဆောင်နေသည်ဟု ဆိုသည်။

(သောမတ်စ် မောင်ရွှေရေးသားသည့် Win Tin, environmentalists alarmed by Myistone Dam ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။)
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates