Monday, January 3, 2011

ကချင်မနောပွဲကို တိုက်ရိုက် ထုတ်လွှင့်မည်

ဖနိဒါ | တနင်္လာနေ့၊ ဇန်နဝါရီလ ၀၃ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၃၈ မိနစ်

ချင်းမိုင် (မဇ္စျိမ) ။        ။ ၆၃ နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောပွဲကို ဖျော်ဖြေရေး ကုမ္ပဏီတခုမှနေ၍ ပထမဆုံးအကြိမ် တိုက်ရိုက် ထုတ်လွှင့်သွားမည်ဟု ပွဲဖြစ်မြောက်ရေး
ကော်မတီက ပြောသည်။

ကချင်ပြည်နယ်  မြစ်ကြီးနားရှိ ပွဲတော်ကျင်းပမည့် မနောကွင်းတွင် တီဗီကင်မရာ ၅ လုံး တပ်ဆင်မည်ဖြစ်ကာ ၁ဝ မိုင်ပတ်လည်အတွင်း တိုက်ရိုက်ထုတ်လွှင့်ပေးရန် စီစဉ်ထားခြင်း ဖြစ်သည်။

“Studio 35 က ၁ဝ မိုင်ပတ်လည်မှာ တိုက်ရိုက် ထုတ်လွှင့်ပေးမယ်။ မနောပွဲအပေါ်ကနေ ပွဲကြည့်စင်ဘက်ကနေ ရိုက်မယ်။ နောက်ပြီး မနောကွင်း တဖက်တချက်မှာ တပ်ထားတယ်” ဟု မနောပွဲ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလခရီလအောင်က မဇ္စျိမကို ပြောသည်။

ပွဲတော်ရန်ပုံငွေကို ကျပ်သိန်း ၃ဝ၆ဝ ကုန်မည်ဟု ခန့်မှန်းထားသော်လည်း လက်ရှိတွင် ဖားကန့်မြို့ ကျောက်စိမ်းတွင်း လုပ်ငန်းရှင်များထံမှ အလှူငွေ သိန်းပေါင်း ၄ ထောင်ကျော် ရရှိထားပြီဟု သူက ဆိုသည်။

မက်စ်၊ ယုဇန၊ ထူး၊ အေးရှားဝေါလ် စသည့် ကုမ္ပဏီများက အစောပိုင်းတွင် မနောပွဲအတွက် အလှူငွေ ကျပ်သိန်း ၅ဝဝ ကူညီခဲ့သော်လည်း မလုံလောက်သဖြင့် ဖားကန့်ဗျူဟာမှူး ဦးစီး၍ ရန်ပုံငွေ ရှာဖွေရေးကော်မတီ ဖွဲ့စည်းကာ အလှူငွေများ ရှာဖွေခဲ့ခြင်း ဖြစ်သည်။

ယခင်နှစ်များတွင် ပွဲဖြစ်မြောက်ရေး ကော်မတီနှင့် နာယကအဖွဲ့ ထားရှိခဲ့ရာမှ  တိုင်းစစ်လေ့ကျင့်ရေး စခန်းမှ တာဝန်ခံ ဗိုလ်မှူးချုပ်စိုးဝင်းနှင့် စစ်ဖက်ရေးရာ လုံခြုံရေးဌာန စစ်ဦးစီးမှူး (ပထမတန်း) ဒုဗိုလ်မှူးသက်ပုံတို့ ပါဝင်သည့် ဦးစီးကော်မတီတခုကို ဖွဲ့စည်းခဲ့သဖြင့် အစောပိုင်းက ကချင်ပြည်သူများ မကျေမနပ် ဖြစ်ခဲ့သည်။

ယမန်နေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ စာမျက်နှာ ၁၃ တွင်လည်း “၆၃ နှစ်မြောက် ကချင်ရိုးရာယဉ်ကျေးမှု ပြည်ထောင်စု မနောပွဲတော်” ကျင်းပရေး ဦးစီးကော်မတီဟု
ရေးသားဖော်ပြသည့်အတွက် ကချင်ရိုးရာ လူကြီးအချို့ စိတ်မကောင်း ဖြစ်နေကြသည်ဟု ကချင်ရိုးရာ ယဉ်ကျေးမှု ကော်မတီဝင်တဦးက ပြောသည်။

“သူတို့(စစ်တပ်)က စိတ်ကြိုက်ဖွဲ့စည်းပြီးတော့ မနောပွဲ ကျင်းပဖို့ ပြင်နေတဲ့ကြားက အခု သတင်းစာမှာလည်း ပြည်ထောင်စု မနောပွဲတော်လို့ ဖော်ပြလာတော့ ကျနော်တို့ စိတ်မကောင်းဖြစ်နေတယ်။ ဒီနှစ်က အရင်နှစ်လို ခံစားချက် မတူဘူး။ ဘာမှ ရှင်းရှင်းမသိတော့ ဘာဖြစ်လာမယ်ဆိုတာ မသိတော့ ကျနော်တို့က စိုးရိမ်တယ်လေ” ဟု အခြား ကော်မတီဝင် တဦးကလည်း ပြောဆိုသည်။

ထို့ပြင် ယခင်နှစ်များတွင် မနောပွဲကွင်းအတွင်း လုံခြုံရေးအတွက် ကချင်လူငယ်များက တာဝန်ယူခဲ့ကြသော်လည်း ယခုနှစ်တွင်မူ အစိုးရ ရဲတပ်ဖွဲ့များနှင့် မီးသတ် တပ်ဖွဲ့များ ကွင်းအတွင်း၊ အပြင်များတွင် စောင့်ကြည့်သွားမည် ဖြစ်သည်။

မနောပွဲ လုံခြုံရေးတာဝန်ခံမှာ ကချင်ပြည်နယ် ဒုရဲမှူးကြီး ကိုကိုအောင် ဖြစ်ပြီး၊ ဒုတာဝန်ခံမှာ ကချင်တိုင်းရင်းသား ဦးမရန်ဇော်ရော် ဖြစ်သည်။

ပြီးခဲ့သည့်နှစ် မနောပွဲကို ဇန်နဝါရီလ ၅ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကပါ ပါဝင်ဆင်နွဲ့ခဲ့သော်လည်း ယခုနှစ်မှာမူ KIO က ပါဝင်ခွင့် မရခဲ့ဘဲ၊ ပွဲတော်ကို လာမည့် ၇ ရက်နေ့မှ ၁၁ နေ့အထိသာ ကျင်းပမည်ဖြစ်သည်။ လာမည့် ၈-၉ ရက်နေ့များတွင် Iron Cross တေးဂီတအဖွဲ့က သီဆိုဖျော်ဖြေသွားမည်။

ကချင်ပြည်နယ် လွတ်လပ်ရေး ရရှိသည့် ၁၉၄၈ ခုနှစ်မှစ၍ မနောပွဲတော် ကျင်းပလာခဲ့ခြင်း ဖြစ်သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates