Monday, January 3, 2011

ရှုံးနိမ့်သူ ကြံ့ဖွံ့အမတ်လောင်းက ရခိုင်အမတ်ကို မဲလိမ်ဟု တိုင်တန်း

မျိုးသိဏ်း | တနင်္လာနေ့၊ ဇန်နဝါရီလ ၀၃ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၀၉ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။      ။ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် ရွေးကောက်ပွဲရှုံးခဲ့သည့် ကြံ့ခိုင်ရေးပါတီ အမတ်လောင်းတဦးက အနိုင်ရ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP အမတ်ကို မဲလိမ်သည်ဟုဆိုကာ ရွေးကောက်ပွဲကော်မရှင်သို့ တိုင်ထားသည်ဟု RNDP အဆိုအရ သိရသည်။

ရသေ့တောင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှနေ၍ ပြည်နယ်လွှတ်တော်အတွက် အရွေးခံခဲ့သည့် RNDP မှ ဦးလှမောင်သိန်းကို ယှဉ်ပြိုင်ဘက် ကြံ့ဖွံ့ပါတီအမတ်လောင်း ဦးသိန်းမောင်က တိုင်တန်းထားကြောင်း
ပြောဆိုခြင်း ဖြစ်သည်။

"ဒါက တရားမမှုဆိုတော့ ကျနော်တို့ဘက်က လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ဖို့ ပြင်ဆင်နေပါတယ်။ အချက်အလက်တွေ ခိုင်လုံအောင် လုပ်နေတုန်းပါ’’ ဟု RNDP ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က မဇ္ဈိမကို ပြောသည်။

နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်က ဦးလှမောင်သိန်းကို တိုင်တန်းချက်နှင့်ပတ်သက်၍ ယခုလ ၁၇ ရက်နေ့ နောက်ဆုံးထားပြီး လာရောက်ဖြေရှင်းရန်နှင့် မဖြေရှင်းပါက လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းမည်ဟူသည့် အကြောင်းကြားစာအား ပေးပို့ထားပြီးဖြစ်သည်။ ယင်းအကြောင်းကြားစာကို ပါတီသို့ ပေးပို့ခြင်း မဟုတ်ဘဲ ပုဂ္ဂိုလ်ရေး အကြောင်းကြားစာအနေဖြင့် ပေးပို့ခဲ့ခြင်း ဖြစ်သည်။

စွပ်စွဲတိုင်တန်းခံရသူ ဦးလှမောင်သိန်းကို မဇ္ဈိမက ဆက်သွယ်ရာတွင် ခရီးလွန်နေသဖြင့် အဆက်အသွယ် မရခဲ့ပါ။

RNDP သည် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် အမတ်လောင်း ၄၄ ဦးဖြင့် ဝင်ပြိုင်ခဲ့ပြီး အမျိုးသားလွှတ်တော် ၇ ဦး၊ ပြည်သူ့လွှတ်တော် ၉ ဦး၊ ပြည်နယ်လွှတ်တော် ၁၈ ဦး၊ လူမျိုးစုကိုယ်စားလှယ် တဦးဖြင့် စုစုပေါင်း ၃၅ ဦး အနိုင်ရခဲ့သည်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးကမူ ၈၈၂ ဦး အနိုင်ရရှိခဲ့သည်ဟု စစ်အစိုးရက ထုတ်ဖော်
ကြေညာထားသည်။

တနိုင်ငံလုံးတွင် ပါတီပေါင်း ၃၇ ပါတီက အမတ်လောင်း ၁၁၃၄ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates