Monday, January 3, 2011

ဈေးရောင်းပွဲမှ ကျပ်သိန်း ၁၁၀ ခန့် ရရှိဟု NLD ပြော

ကိုဝိုင်း | တနင်္လာနေ့၊ ဇန်နဝါရီလ ၀၃ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၃၈ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။      ။ နိုင်ငံရေးအကျဉ်းသားများနှင့် HIV/AIDS ဝေဒနာရှင်များကို ကူညီရန် ရည်ရွယ် ပြုလုပ်သည့် ဈေးရောင်းပွဲမှ ရန်ပုံငွေ ကျပ်သိန်း ၁၁ဝ ခန့် ရရှိထားပြီဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြောဆိုသည်။

ရန်ကုန် NLD ရုံးချုပ်တွင် ယမန်နေ့မှစ၍ ၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုအဖြစ် ရိုးရာဝတ်စုံများ၊ ဒေါ်အောင်ဆန်းစုကြည် ရေးဆွဲခဲ့သည့် ပန်းချီပို့စ်စကဒ်များ၊ သူ၏ ဓာတ်ပုံပါ
ပြက္ခဒိန်နှင့် သော့ချိတ်များ၊ သုတနှင့် ရသစာအုပ်များ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းတင်တို့ကို မိတ်ဆွေများက ပေးထားသည့် နှစ်သစ်လက်ဆောင်များ ရောင်းချရာမှ ရရှိခြင်း ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းတင်ကလည်း နှစ်သစ်ကူးပေါ့ဗျာ မိတ်ဆွေ သင်္ဂဟတွေက လက်ဆောင်ပေးတဲ့ ပစ္စည်းတွေကို အဲဒါတွေကို ချပြီးတော့ ရောင်းတာကိုး” ဟု ပါတီပြောခွင့်ရ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။


ဇန်နဝါရီ ၂ ရက်နေ့မနက်က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရွှေဂုံတိုင် NLD ရုံးချုပ်တွင် ကျင်းပသော လွတ်လပ်ရေးနေ့ အကြို ဈေးရောင်းပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ဈေးရောင်းပွဲမှ ရရှိမည့် အမြတ်ငွေကို နိုင်ငံရေး အကျဉ်းသားများနှင့် HIV/AIDS ဝေဒနာရှင်များ ထောက်ပံ့ရေး ရန်ပုံငွေအဖြစ် လှူဒါန်းသွားမည်ဟု သိရသည်။ (ဓာတ်ပုံ မဇ္ဈိမ)။

ပါတီဌာနချုပ်အောက်ထပ် ရုံးခန်းမကြီးအတွင်းနှင့် ရုံးအဝ၌ စားပွဲများကို မျက်နှာချင်းဆိုင်ချပြီး
ဈေးရောင်း ကောင်တာများ ဖန်တီးစီစဉ်ထားသည့် ဈေးရောင်းပွဲမှ ရရှိသည့် ရန်ပုံငွေကို NLD လူမှုအထောက်အကူအဖွဲ့က စီမံခန့်ခွဲ၍ ကူညီသွားမည် ဖြစ်သည်။

သို့သော် နိုင်ငံအနှံ့ အကျဉ်းထောင်များတွင် NLD ပါတီဝင်များ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၂ဝဝ ခန့်အတွက် ထောင်ဝင်စာတွေ့၊ ခရီးသွားလာရေးနှင့် သူတို့၏ ကလေးများအတွက် ပညာရေး၊ ကျန်းမာရေးတို့အတွက် ရန်ပုံငွေများ လိုအပ်သေးသည်ဟု ဦးအုန်းကြိုင်က ပြောဆိုသည်။

မနက်ဖြန်တွင် NLD ရုံးချုပ်၌ပင် လွတ်လပ်ရေးနေ့ အခမ်းအနား ရှိသော်လည်း ဈေးရောင်းပွဲကိုမူ အခမ်းအနား မစမီနှင့် နောက်ပိုင်းတွင် ဆက်လက် ကျင်းပသွားမည် ဖြစ်သည်။

လွတ်လပ်ရေးနေ့ အခမ်းအနားတွင် နိုင်ငံရေးအကျဉ်းသား တဦးချင်းစီ၏ မိသားစုများကို စေတနာ့ဝန်ထမ်း အကူအညီပေးမည့် သူများနှင့် ချိတ်ဆက်ပေးမည့် အစီအစဉ်အသစ်တခု ပါဝင်ကြောင်း ဦးအုန်းကြိုင်က
ပြောသည်။

ဝါရင့် နိုင်ငံရေးသမားကြီးများကလည်း လွတ်လပ်ရေးနေ့ အခမ်းအနားကို သခင်သိန်းဖေ၏ နေအိမ်တွင် မနက်ပိုင်း၌ ကျင်းပပြီးနောက် NLD ရုံးချုပ်ပွဲသို့ တက်ရောက်ကြမည် ဖြစ်သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates