Friday, November 26, 2010

ငြိမ်းချမ်းရေး အမျိုးသား နိုင်ငံရေးသစ်သို့

မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ နိုဝင်ဘာလ ၂၆ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၁၈ မိနစ်

မဇ္ဈိမသတင်းဌာန ။       ။ ပြည်နယ်မြို့တော် မြစ်ကြီးနားကဲ့သို့ စစ်အစိုးရ အာဏာစက်ကျရာ
ဒေသတွင်ဖြစ်စေ၊ မြောက်ဘက် သုံးနာရီကြာ ကားဖြင့်သွားရသည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်ရာ လိုင်ဇာတွင်  ဖြစ်စေ၊ မြန်မာစစ်တပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) အကြား စစ်ဖြစ်တော့မည့် နိမိတ်ဆိုးကြီးက နေရာအနှံ့ ပျံ့နေသည်။

ထင်ရှားသည့် ကချင်နိုင်ငံရေးသမားများ ပါဝင်ခွင့် မရလိုက်သည့် နိုဝင်ဘာ ရွေးကောက်ပွဲကြီး ပြီးဆုံးသွားခြင်းနှင့် မြန်မာစစ်တပ် ခေါင်းဆောင်မှုအောက်တွင် ထားမည့် နယ်ခြားစောင့်တပ် ကိစ္စကို KIO က ငြင်းလိုက်သည့်အတွက် နေပြည်တော်နှင့် ကချင်အမျိုးသား ခေါင်းဆောင်များအကြား ဆက်ဆံရေးမှာလည်း ၁၉၉၄ အပစ်အခတ် ရပ်စဲရေးလက်မှတ် ထိုးပြီးနောက်ပိုင်း အဆိုးဆုံးအချိန် ရောက်သွားသည်။

အစိုးရတပ်များဘက်မှ တိုက်တော့မည် တကဲကဲ ဟန်ရေးပြနေခြင်းနှင့် KIO အုပ်ချုပ်ရာ ဒေသများရှိ စီးပွားရေး အဆက်အဆံများကို ဖြည်းဖြည်းချင်း လည်မျိုညှစ်နေခြင်းတို့ကြောင့် စစ်ဖြစ်မည့်အရေးမှာ သေချာပေါက် ဖြစ်နေပြီး ပစ်မိန့်စောင့်နေသည့် အနေအထားသာ တွေ့ရသည်။

မြစ်ကြီးနား ကချင်အသိုင်းအဝိုင်းအကြား မြန်မာအစိုးရအပေါ် မုန်းတီးမှုနှင့် စိတ်ပျက်လက်ပျက်ဖြစ်မှု ထုထည်က ကြီးလှသည်။ အကယ်၍ အစိုးရတပ် များနှင့်တိုက်ရာတွင် KIO စစ်တပ်အဖြစ်မှ ချုပ်ငြိမ်းသွားသည့်တိုင် ပြောက်ကျားစစ် အသေးလေးများကတော့ ကချင်ပြည်နယ်အနှံ့ ဆက်ဖြစ်နေပေဦးမည်။

၁၉၄၈ လွတ်လပ်ရေး ရကတည်းက ပြည်တွင်းစစ် မဖြစ်သောနေ့ဟူ၍ မရှိခဲ့သည့် နိုင်ငံတွင် ဒေသတခု၌
နောက်ထပ် စစ်ပူတခုဖြစ်လာခဲ့လျှင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မကောင်းသော နိမိတ်ဆိုးကြီး ဖြစ်လိမ့်မည်။

ကချင်ပြည်သူများ လိုအင်ဆန္ဒကို အသိအမှတ်ပြုပြီး တချိန်တည်းတွင် ပိုမိုကျယ်ပြန့်သည့် အမျိုးသား နိုင်ငံရေး မူဘောင်အတွင်း တိုင်းပြည်၏ ပဓာနကျသော လုံခြုံရေး အကျိုးစီးပွားများကို ထည့်သွင်း စဉ်းစားမှသာလျှင် ဆယ်စုနှစ်များစွာကြာ ခြေကုန်လက်ပန်းကျအောင် တိုက်ခဲ့ရသည့် လက်နက်ကိုင် ပဋိပက္ခ နောက် တစခန်းထမည့်အရေးမှ ရှောင်ရှားနိုင်ကာ ပြည်သူတို့အတွက် အကောင်းဆုံး အကျိုးစီးပွားကို ဖော်ဆောင်ပေး နိုင်လိမ့်မည်။

မြန်မာပြည်  နယ်စပ်ဒေသများတွင် ၆၂ နှစ်ကြာခဲ့ပြီဖြစ်သည့် အမျက်၊ လောဘ၊ အကြမ်းဖက်မှုများကြောင့် တိုင်းပြည် လူထုကြီး၏ လူမှုလုံခြုံရေး၊ စီးပွားရေး၊ ရုပ်ပိုင်း အခြေအနေများ ဝမ်းနည်းဖွယ်ကောင်းအောင် ဆုတ်ယုတ်သွားခဲ့ရသည်။ တချိန်တည်းတွင် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုမှာလည်း ပြည်တွင်းရော ပြည်ပပါ တာဝန်မဲ့သည့် အစိုးရကြောင့် အဟန့်အတား ဖြစ်ခဲ့ရသည်။

တိုတိုပြောရလျှင် လက်ရှိဖြစ်ပေါ်နေသည့် မြန်မာ့အကျပ်အတည်းတွင် စိတ်ဓာတ်ယဉ်ကျေးမှု  အကြီးအကျယ် ပြောင်းလဲရန် လိုအပ်သည်။ ငြိမ်းချမ်းရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး စိတ်ဓာတ်ကို ပွေ့ဖက်ထားမှသာလျှင် တိုင်းပြည်နှင့် လူထုအတွက် အလားအလာကောင်းများ
အောင်မြင်ပေါက်ရောက် ပေလိမ့်မည်။

နိုင်ငံအဝှမ်း ငြိမ်းချမ်းဖို့ နိုင်ငံသူ နိုင်ငံသားအားလုံးတွင် တာဝန်ရှိပေရာ ညီတူလက်တွဲကာ စစ်ကို ဆန့်ကျင်သွားပြီး နိုင်ငံရေးလမ်းအရ အဖြေရှာရန် စုပေါင်း အားထုတ်သင့်ကြသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates