Tuesday, November 16, 2010

ရေရှည်အကျိုးအတွက် လမ်းစဉ်သစ်

မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ နိုဝင်ဘာလ ၁၆ ရက် ၂၀၁၀ ခုနှစ် ၁၀ နာရီ ၅၄ မိနစ်
ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အကန့်အသတ်မဲ့ လွတ်မြောက်လာခြင်းကား မင်္ဂလာ ရှိလှပေသည်။ သြဇာအရှိဆုံး မြန်မာ့နိုင်ငံရေးခေါင်းဆောင် လွတ်မြောက်လာ၍ စစ်အစိုးရ ခေါင်းကြိမ်းရသော်လည်း ပြည်သူအများအတွက်တော့ သမိုင်းဘီး အထပ်ထပ်လည်နေသော မြန်မာ့နိုင်ငံရေးကို ဖောက်ထွက်ဖို့ မျှော်လင့်ချက် ရောင်ခြည်ဦး ဖြစ်ပါလိမ့်မည်။

၇ နှစ်ကြာ တနေ့ကို နာရီများစွာ ရေဒီယိုနားထောင်ပြီး ပြည်သူ့ဆန္ဒ သိအောင် လုပ်ခဲ့သည်ဟု ယခုလ ၁၄ ရက်နေ့ NLD ရုံးရှေ့တွင် သူပြောသွားခဲ့သည်။ လွတ်လပ်စွာ ပြောဆိုခွင့်ကျင့်သုံးဖို့နှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆက်လုပ်သွားမည်ဟုလည်း အလေးအနက် ပြောသွားခဲ့သည်။

ဒုတိယ လွတ်လပ်ရေး တိုက်ပွဲဟူသော ခရီးရှည်တွင် လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း သမီးအတွက် ရည်မှန်းချက် အောင်မြင်ရေး စိန်ခေါ်မှုများက ကြီးမားလှသည်။ ဒါကြောင့်လည်း
ပြည်သူ့ ထောက်ခံယုံကြည်မှုကို သူတောင်းဆိုသွားခဲ့သည်။

အခြေခံ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အပြောင်းအလဲအတွက် ဒေါ်အောင်ဆန်းစုကြည် ဆက်လက် တိုက်ပွဲဝင်ရန် မြန်မာပြည်သူလူထု အများအပြားက မျှော်လင့်လျက်ရှိကြသည်။ ပြည်သူတို့ ခံစားနေရသော စစ်အာဏာရှင်၏ ဖိနှိပ်ချုပ်ချယ်မှုများ လွတ်မြောက်အောင် သူမက တိုက်ပွဲဝင်ပေးစေလိုနေကြသည်။

တဖက်မှာလည်း စစ်အစိုးရက တွက်ချက်စီမံထားသော ရွေးကောက်ပွဲဖြင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို အနိုင်ပေးပြီးခါစ ဖြစ်သည်။ စစ်အစိုးရ၏ ယုံကြည်မှုအပြည့်ဖြင့် လျှောက်နေခဲ့သော “ဒီမိုကရေစီ လမ်းပြမြေပုံ” ၏ အဆင့်တခုဖြစ်သော ရွေးကောက်ပွဲတွင် မဲလိမ်မဲခိုးသည်ဆိုသော စွပ်စွဲချက်များကတော့ လျှံထွက်နေပေသည်။

ယခုလိုအချိန်မှာ နိုင်ငံတကာ ဖိအားများ လျော့ကျသွားရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်ပြီး ပြည်တွင်းပြည်ပ တုံ့ပြန်မှုတွေကို စစ်ဗိုလ်ချုပ်များ သိလိုနေကြသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်ပေသော်ငြားလည်း ရှမ်းခေါင်းဆောင် ခွန်ထွန်းဦး၊  ကိုမင်းကိုနိုင် အပါအဝင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ ဦးဂမ္ဘီရလို သံဃာတော်များ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၁ဝဝ ကျော် ကျန်နေဆဲ ဖြစ်သည်။

၁၅ နှစ်ကျော် သူ့ကို ချုပ်နှောင်ခဲ့သူ အာဏာရ ဗိုလ်ချုပ်များအပေါ်  အာဃာတတရား မထားသော၊  ကျင့်ဝတ်သိက္ခာကို တန်ဖိုးထားသော ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးရန် ထပ်လောင်း ပြောနေသည်။

သို့သော် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သော စစ်ဗိုလ်ချုပ်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နောက်ဆုံး လျှို့ဝှက်တွေ့ဆုံခဲ့သည်က ၂ဝဝ၂ ခုနှစ်အတွင်းက ဖြစ်သည်။ ထို့နောက် လူ ၇ဝ ကျော် သေဆုံးခဲ့ရသော ၂ဝဝ၃ ဒီပဲယင်း အရေးအခင်းဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည်လည်း နေအိမ်အကျယ်ချုပ်သို့
ပြန်ရောက်သွားပြီး ၂ဝဝ၇ တွင် သံဃာတော်များ ဦးဆောင်ကာ လူထုအုံကြွခဲ့သည်။

ခေတ်သစ် မြန်မာ့သမိုင်းတွင် အကြီးဆုံး ကပ်ဘေး ၂ဝဝ၈ နာဂစ်ဆိုင်ကလုန်းအပြီး ရက်အနည်းငယ်တွင်ပင် ဟန်ဆောင် အခြေခံဥပဒေ ဆန္ဒခံယူပွဲဖြင့် စစ်အစိုးရက ၎င်းတို့ အုပ်ချုပ်မှု တရားဝင်မှုရအောင် နိုင်ငံရေးတွင် ဆက်လက်ကြီးစိုးနိုင်အောင် လမ်းခင်းခဲ့သည်။ ထို့နောက် နိုင်ငံရေးဇာတ်လမ်းက ဝေးသထက်ဝေးလာသော အနေအထားကို ညွှန်ပြနေသည်။

စစ်အစိုးရ၏ ရွေးကောက်ပွဲဖြစ်စဉ်တွင် လျစ်လျူရှုထားခံရသော တိုင်းရင်းသားအဖွဲ့များနှင့် သဘောတူညီမှု မတည်ဆောက်နိုင်ခြင်းကလည်း စစ်ပွဲများ ပိုဖြစ်လာမည်ကို စိုးရိမ်နေရသည်။ ကရင်အမျိုးသားအစည်းအရုံး ဒုဥက္ကဋ္ဌ ပဒိုဒေးဗစ်သာကပေါက “ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံရေးသက်သက် တိုက်ပွဲလုပ်လာတာ အင်မတန် ရက်စက်ကြမ်းကြုတ် အာဏာမက်မောတဲ့ အာဏာရှင်စနစ်အောက်မှာ ဘာမှ အောင်မြင်ဖို့ မလုပ်နိုင်ဘူး။ ကျနော်တို့ တိုင်းရင်းသားတွေအတွက်လည်း သူ ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး” ဟု မဇ္ဈိမကို ပြောကြားခဲ့သည်က စိတ်ဝင်စားစရာ ကောင်းလှသည်။

ပညာရေး၊ ကျန်းမာရေးစသည့် အခြေခံလူမှုယန္တရားများ ပျက်ယွင်းနေသော နိုင်ငံ၏ သဘာဝသယံဇာတ ကြွယ်ဝမှုမှ သပိတ်ဝင်အိတ်ဝင် အမြတ်ထွက်နေသော စစ်ဗိုလ်ချုပ်များနှင့် ဆွေးနွေးကာ လစ်ဘရယ် ဒီမိုကရေစီသို့ ကူးပြောင်းလာမည်ကို မျှော်နေခြင်းကား လက်တွေ့မကျလှပေ။

တိုင်းရင်းသား လူမျိုးများအပါအဝင် သူမကို ချစ်ခင်လေးစားသူများ၏ တခဲနက် ထောက်ခံမှုနှင့်အတူ များပြားလှသော မျှော်လင့်ချက်များကို ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုံချထားခြင်းသည်လည်း ဝန်ထုတ်ဝန်ပိုး ဖြစ်စေနိုင်သည်။

စစ်အစိုးရက သူမ၏ လှုပ်ရှားမှု မှန်သမျှကို မျက်လုံးဒေါက်ထောက်ကြည့်နေပြီး အရင်ဆုံးစိန်ခေါ်မှုက
ပြန်အဖမ်းမခံရရေး ဖြစ်သည်။ ထိပ်တိုက်ရင်ဆိုင်ခြင်းကို ရှောင်လွှဲကာ ရေရှည်ရလဒ်
ကောင်းမွန်နိုင်သော နိုင်ငံရေးလမ်းစဉ်တခုကို ဒေါ်အောင်ဆန်းစုကြည် ဖော်ထုတ်နိုင်ရန် လိုအပ်နေပေသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates