Wednesday, November 3, 2010

ကြံ့ဖွံ့နှင့် မပေါင်း၊ အတိုက်အခံ လုပ်မည်ဟု NDF ပြော

မဇ္ဈိမသတင်းဌာန
နယူးဒေလီ (မဇ္ဈိမ) ။      ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီသာ အစိုးရဖွဲ့ပါက မိမိတို့အနေဖြင့် အတိုက်အခံအဖြစ် ရပ်တည်မည်ဟု အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီက ပြောဆိုလိုက်သည်။

ရွေးကောက်ပွဲပြီးလျှင် ကြံ့ဖွံ့အနေဖြင့် အစိုးရတရပ်ကို ဦးဆောင်ဖွဲ့စည်းမည်ဖြစ်ရာ အစိုးရအဖွဲ့အတွင်း အခြားပါတီများ ပါဝင်ကောင်း ပါဝင်နိုင်ကြောင်း ပါတီအကြီးအကဲ ဝန်ကြီးချုပ် ဦးသိန်းစိန်က အရိပ်အမြွက် ပြောကြားခဲ့သည့်အပေါ် NDF က တုံ့ပြန်ပြောဆိုခြင်း ဖြစ်သည်။

’’လောလောဆယ် ကျနော်တို့သဘောထားကတော့ ကျနော်တို့ ရွေးကောက်ပွဲဝင်တာက ၁၆ဝ ကျော်ပဲ ရှိတဲ့အတွက် ရွေးကောက်ပွဲအနိုင်ရရင် လူထုရဲ့ခံစားမှု၊ လူထုရဲ့ဆန္ဒတွေနဲ့ ရပ်တည်ပြီးတော့ လွှတ်တော်အတွင်းမှာ အတိုက်အခံ ပါတီအဖြစ် ရပ်တည်ပြီးတော့ ဆောင်ရွက်သွားမှာပါ။ ပြည်သူ့အကျိုးစီးပွားကို ထိခိုက်မယ့်အရာကို လွှတ်တော်ထဲမှာ ဘယ်ပါတီ အစိုးရပဲ တင်လာတင်လာ ကန့်ကွက်မှာပါ’’ ဟု NDF ခေါင်းဆောင်တဦးဖြစ်သူ ဦးသိန်းညွှန့်က မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “ပြည်သူ့လွှတ်တော်အမတ် ၆၆၄ ယောက်ပါ၊ ဒီမိုကရေစီ အင်အားစုဘက်က အမတ် ၁၃ဝ၊ ၁၄ဝ လောက် ရောက်လာရင် အဓိက အလုပ်က ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ ဥပဒေကို ပြဋ္ဌာန်းတဲ့ ပြင်ဆင်ချက်အတိုင်း ပြည်သူတွေ၊ လွှတ်တော်ထဲမှာရှိတဲ့ တခြားပါတီ၊ တပ်မတော်သား ကိုယ်စားလှယ်တွေကို ကျနော်တို့ တင်ပြနိုင်မှာပါ” ဟု ဆိုသည်။

ကြံ့ဖွံ့လွှတ်တော်ကိုယ်စားလှယ် အများစုဖြင့် အစိုးရဖွဲ့မည်ဟု ဝန်ကြီးချုပ် ဦးသိန်းစိန်က ရွေးကောက်ပွဲဝင်မည့် ပါတီကိုယ်စားလှယ်လောင်းများကို ပြီးခဲ့သည့် စက်တင်ဘာလအတွင်း နေပြည်တော် ရက်တိုသင်တန်းပေးပွဲ၌ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“လွှတ်တော်အသီးသီးမှာ ကျနော်တို့ပါတီဝင် ကိုယ်စားလှယ်တွေ ရောက်လာအောင် ဥပဒေနဲ့အညီ တရားသဖြင့် ကြိုးပမ်းဆောင်ရွက်မယ်၊ ကျနော်တို့ ပါတီဝင်ကိုယ်စားလှယ် အများစုပါဝင်တဲ့ ခိုင်မာတဲ့ အစိုးရတရပ် ဖွဲ့စည်းမယ်” ဟု သူက ပြောဆိုခဲ့သည်။

အရပ်သားအဖြစ် ခံယူထားသည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်က သူတို့ပါတီအနေဖြင့် တပ်မတော် အစိုးရဆီမှ အာဏာလွှဲပြောင်းယူသွားမည်ဟုလည်း ဆိုသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates