ရွေးကောက်ပွဲ မဲဆွယ်မှုများတွင် ဒေသ အာဏာပိုင်များနှင့် ဒေသခံ ရွေးကောက်ပွဲ ကော်မရှင်များ၏ အနှောင့်အယှက်ပေး သိက္ခာချမှု ကြုံနေရကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) ရန်ကုန်တိုင်း စည်းရုံးရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းက ပြောသည်။
အောက်တိုဘာလ ၁၅ ရက်နေ့လယ်ပိုင်းက NDF ပါတီ ရန်ကုန်တိုင်း ရွေးကောက်ပွဲ အောင်နိုင်ရေး အစည်းအဝေးကို အလုပ်သမား ဆေးရုံအနီး ပါတီရုံးခန်းတွင် ကျင်းပရာ ကိုယ်စားလှယ်လောင်းများ မဲဆွယ် စည်းရုံးရေးတွင် အာဏာပိုင်များ၏ အနှောင့်အယှက် ပေးမှုများကို တင်ပြခဲ့ကြသည်။
"ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ထားတဲ့ စည်းရုံးရေး စည်းမျဉ်း စည်းကမ်းတွေနဲ့ အညီပဲ ဦးတို့အဖွဲ့က ပြည်သူတွေကို မဲဆွယ်စည်းရုံးတဲ့ အနေနဲ့ မြောက်ဥက္ကလာပမြို့နယ် စလုံး ရပ်ကွက်မှာ လက်ကမ်း စာစောင်တွေ ဝေတယ်။ အဲ့ဒီမှာ ရပ်ကွက်ကော်မရှင် ဥက္ကဋ္ဌ ဦးဘကြည်နဲ့အဖွဲ့က လာပြီးတော့ လက်ဖက်ရည်ဆိုင်ရှေ့ အများပြည်သူရှေ့မှာ ဟန့်တားတယ်။ သူတို့ကို အကြောင်းမကြားလို့ မဝေပါနဲ့ဆိုတဲ့ သဘောမျိုးပြောတယ်။ ဦးကပြောတာက မြို့နယ်ကော်မရှင်တွေ သိပြီးသား၊ ခင်ဗျားတို့ ရပ်ကွက်ကော်မရှင်က မြို့နယ် ကော်မရှင်ကို ပြန်မေးလိုက်ရင် သိလိမ့်မယ်ဆိုတာကို မဟုတ်ဘူး။ ဇွတ်တားတယ် " ဟု ဒေါက်တာသန်းဝင်းက ပြောသည်။
"ပြောတဲ့နေရာက အများပြည်သူရှေ့ လူစည်ကားတဲ့ လက်ဖက်ရည်ဆိုင်ကြီး။ အဲတော့ ဦးကပြောတယ်၊ ခင်ဗျားတို့ အခုလို ပြည်သူတွေရှေ့မှာ ကျွန်တော်တို့ကို သိက္ခာကျအောင် လုပ်တာ မကောင်းဘူး။ ဒါကို ကျွန်တော် ကန့်ကွက်တယ်။ ခင်ဗျားတို့ ဒါကို မဝေနဲ့လို့ တရားဝင် ကန့်ကွက်ရင် ကျွန်တော်မဝေဘူး၊ ရပ်ပေးမယ် ဆိုတော့ မဟုတ်ဘူးတဲ့၊ အဲ့ဒီလိုလဲ တရားဝင်တားတာ မဟုတ်ဘူးတဲ့" ဟု သူက ဆိုသည်။
မြောက်ဥက္ကလာမြို့နယ် ပြည်သူ့လွှတ်တော် အမတ်လောင်း ဒေါက်တာသန်းဝင်းက ယခုလို ဟန့်တား နှောင့်ယှက်ခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ခမောက်ပါတီဟု လူသိများနေသည့် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီနှင့် ပါတီဝင်များကို လူအများရှေ့တွင် သိက္ခာကျစေရန်၊ စည်းရုံးရေး ကျဆင်းစေရန် လုပ်သည်ဟု ယုံကြည်ကြောင်း မဇ္ဈိမကို ပြောသည်။
အခြား NDF ကိုယ်စားလှယ်လောင်းများကလည်း ယင်းတို့ မဲဆွယ်စည်းရုံးနေစဉ် သက်ဆိုင်ရာနယ်မြေ ရဲများ၊ ရ.ယ.က များနှင့် ကြံဖွံ့ပါတီဝင်များက လိုက်လံ စောင့်ကြည့်နေကြကြောင်း အစည်းအဝေးတွင် တင်ပြခဲ့ကြသည်။
NDF ပါတီသည် ၂ဝဝ၈ ရွေးကောက်ပွဲ သတ်မှတ်စည်းကမ်းဘောင်အတွင်းမှ ဝင်ခဲ့၍ ယခုကဲ့သို့ ဟန့်တားနှောင့်ယှက်ခြင်း၊ ပါတီသိက္ခာ ကျဆင်းအောင် ပြုလုပ်ခြင်းများသည် တရားမျှတပြီး လွတ်လပ်သည့် ရွေးကောက်ပွဲ ဖြစ်ပေါ်လာရေးအတွက် အဟန့်အတားများ ဖြစ်ကြောင်း ဒေါက်တာသန်းဝင်းက ပြောသည်။
"ကြည့်ရတာတော့ ပြိုင်ဘက်ပါတီတွေကို လိုလားတဲ့ အုပ်စုလို့ ယူဆရတယ်။ ဒါကြောင့် သူတို့ စလုံးရပ်ကွက်မှာ လာမယ့်ရွေးကောက်ပွဲမှာ ဒီလိုလူမျိုးတွေ၊ ဒီလိုရပ်ကွက်ကော်မရှင်မျိုးတွေ ရှိနေရင် တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့က အများကြီး အနှောင့်အယှက် ဖြစ်နိုင်တယ်လို့ ဦးတို့ကတော့ ယုံကြည်တယ်" ဟု သူကဆိုသည်။
ဒီမိုကရက်တစ် အင်အားစုဟု သတ်မှတ်ခံထားရသည့် ပါတီများအနက် အင်အားအကြီးဆုံး NDF ပါတီသည် ရန်ကုန်တိုင်းအတွင်း လွှတ်တော်သုံးရပ်တွင် ကိုယ်စားလှယ် (၅၃) နေရာ ဝင်ပြိုင်မည် ဖြစ်သည်။