Monday, October 18, 2010

ရပ်ကွက်ဆင်းနေကြတဲ့ တကိုယ်တော် အမတ်လောင်းများ

ကိုဝိုင်း

ချင်းမိုင် (မဇ္ဈိမ)။       ။ တသီးပုဂ္ဂလ အမတ်လောင်းများ ရုပ်သံနှင့် ရေဒီယိုမှ ဟောပြောခွင့်မရသဖြင့် စာရွက် စာတမ်းကိုသာ ဦးစားပေး ဝေနေကြသည်။

ဆိုင်းဘုတ်ထောင်ခွင့် ရှိသော်လည်း ရွေးကောက်ပွဲ ကော်မရှင်က စည်းကမ်းချက်များ တရားဝင် အကြောင်းမကြားသဖြင့် ဆိုင်းဘုတ်ထောင်လိုသူ တချို့ အချိန်ကြန့်ကြာနေရသည်။

ကိုယ်ရေးရာဇဝင်ပါ လက်ကမ်းစာရွက်နှင့် ဂျာနယ်များတွင် ဖော်ပြပြီးသော တွေ့ဆုံခန်းများကို ပြန်လည်ပုံနှိပ်၍  မဲဆန္ဒရှင်များအကြား ဖြန့်ဝေ ရှင်းပြနေသူများလည်း ရှိသည်။

ကမာရွတ် ပြည်သူ့လွှတ်တော် တသီးပုဂ္ဂလ ကိုယ်စားလှယ် ဒေါက်တာဖုန်းဝင်းက ခွင့်ပြုချက် တောင်းရခြင်း၊ ဆိုင်းဘုတ် စည်းကမ်းများ မသိခြင်း၊ အချိန်ကာလ တိုတောင်းခြင်းတို့ကြောင့် ရပ်ကွက်များအတွင်း လက်ကမ်းစာရွက်များ ကိုယ်တိုင် လိုက်ဝေသည်ဟု ဆိုသည်။

“ကျနော်တို့ကတော့ နေ့တိုင်း ရပ်ကွက်တွေထဲသွားတယ်။ စာရွက်ကို ကိုယ်တိုင်ဝေတယ်။ ဝိုင်းဝေပေးတဲ့ လူလဲ ပါတာပေါ့လေ။ မရှင်းတာရှိလဲ တခါတည်း ရှင်းပြခဲ့ပါတယ်။ အဲဒီနည်းနဲ့ပဲ လုပ်နေတာပဲ” ဟု သူက မဇ္ဈိမကို ပြောသည်။

ကိုယ်ပိုင်ကား ၃ စီးဖြင့် မဲထည့်နည်းများကို ကားစပီကာ ဖွင့်၍လည်း စည်းရုံးသည်ဆိုသည်။

“ကားစပီကာနဲ့ ဖွင့်ပြီး လိုက်မောင်းတယ်။ လှိုင် တစီး၊ ကမာရွတ်တစီး လောလောဆယ် သွားနေတယ်။ တာမွေ၊ ကြည့်မြင်တိုင်၊ ဒဂုံမြို့သစ်၊ မြောက်ဥက္ကလာ၊ ဗိုလ်တထောင်၊ လသာ၊ လမ်းမတော် နောက်နေ့တွေသွားမယ်” ဟု ဆက်ပြောသည်။

ပြည်တွင်းထုတ် Weekly Eleven ဂျာနယ်၌ ဖော်ပြထားသော စည်းရုံးရေး ပိုစတာနှင့် ကြော်ငြာ ဆိုင်းဘုတ် စည်းကမ်းချက်တွင် သယ်ယူပို့ဆောင်ရေး ယာဉ်များတွင်သာ ကြော်ငြာကပ်ခွင့် ပိတ်ထားသည်။

တသီးပုဂ္ဂလ အနေဖြင့် ပါတီများနှင့် မတူပဲ နယ်မြေတခုတွင်သာ ပြိုင်မည် ဖြစ်သောကြောင့် ရုပ်/သံ မှ ဟော ပြောခွင့်မရသော်လည်း မထိခိုက်ကြောင်း  မြောက်ဥက္ကလာပ ပြည်သူ့လွှတ်တော် တသီးပုဂ္ဂလ အမတ်လောင်း  ဦးဘတင့်ဆွေက  ဆိုသည်။

“ကိုယ့်နယ်မြေမှာကိုယ် လူသိဖို့ပဲ လုပ်ရတာကိုး။ ထူးထူးခြားခြား ကျနော်တို့အပေါ် မှာ ဖိအား မဖြစ်ဘူးဗျ။ ဘောင်ထဲကနေ လက်ကမ်းစာရွက်ဝေတာပဲ အဓိက အာရုံစိုက်ပြီး လုပ်ရတာ ပေါ့ဗျာ” ဟု ပြောသည်။

ပိုစတာထောင်ရန်နှင့် ဂျာနယ်များတွင် ဖော်ပြပြီးသား တွေ့ဆုံ မေးမြန်းချက်များကို ဗီနိုင်း (ကင်းဘတ်စ) ပေါ်တွင် ပုံနှိပ်ဖော်ပြခွင့်ရရန် ရန်ကုန်စည်ပင်ရုံး ၃ ကြိမ်ခန့် သွားခဲ့သော်လည်း “တိကျသည့် လမ်းညွှန်ချက်” မရှိသေးဆိုပြီး ဆက်ချိန်းနေကြောင်း သိရသည်။

“ကြံ့ဖွံ့ကျတော့ဗျာ သူတို့ ဝင်ပြိုင်မယ့်လူတွေ ဓာတ်ပုံ ၂-၃ ပေလောက်ကိုပေါ့ဗျာ။ အဲဒါတွေကို ဟိုနားချိတ် ဒီနားချိတ်၊ ဓာတ်တိုင်တွေလဲပါတယ်။ ကျနော်တို့သာဆို လျှပ်စစ်ဌာနကို သွားအကြောင်းကြားရအုံးမယ်။ အဲဒီဌာနလဲသွားရအုံးမယ်ဆိုရင် ၇ ရက်နေ့များ ရောက်သွားမလား မသိဘူး” ဟု ဦးဘတင့်ဆွေက ပြောသည်။

ရွေးကောက်ပွဲ အနိုင်ရရေးအတွက် တသီးပုဂ္ဂလများ၊ ပါတီများ အပြိုင်ကြိုးပမ်းနေသော်လည်း မြောက်ဥက္ကလာသားများကိုမူ မဲရုံလာ မဲပေးရန်ပင် အဓိက ဦးစားပေး စည်းရုံးနေရသည်ဟုလည်း သူက ဆက်ပြောသည်။

“မဲရုံကိုလာပါ၊ လွတ်လွတ်လပ်လပ် မဲပေးပါ ဆိုတာ ပထမ၊ ကိုယ့်ကိုမဲပေးရေးက ဒုတိယဖြစ်နေတယ်။ အခုရပ်ကွက်ထဲ ဆင်းပြီး ဒီလိုသွားလာလှုပ်ရှားတဲ့ အခါကျတော့ ဘာလုပ်မှာလဲကွာ မဲမပေးတော့ဘူး ပြောတဲ့လူ။ ဘယ်လို လုပ်ရမှာလဲ မသိတဲ့လူ။ ဒါကိုဆန့်ကျင်လို့ မပေးမယ့်လူ။ NLD ကမှ ဝင်မပြိုင်တော့တာကိုး” ဟု ပြောသည်။

တနိုင်ငံလုံးအနေဖြင့် တသီးပုဂ္ဂလ အမတ်လောင်း ၉၇ ဦးရှိကြောင်း ယမန်နေ့ထုတ် 7 Days သတင်းဂျာနယ်က ဖော်ပြသည်။ ၁၉၉ဝ က ၈၇ ဦးရှိပြီး ၆ ဦးသာ နိုင်ခဲ့သည်။

လွှတ်တော် ၃ ရပ်  ၁,၁၇၁ အတွက် ကိုယ်စားလှယ်လောင်း ၃,ဝဝဝ ကျော်ရှိကြောင်း စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ယခင်လ ကုလသမဂ္ဂ ညီလာခံ၌ ပြောကြားခဲ့သည်။



 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates