လွိုင်ရှန်
"ဘယ်သူ့ ဘယ်သူတွေမှလဲ မသိတော့ ဘယ်ကို မဲပေးရမလဲ ဆိုတာ မသိတော့ပါဘူး"
စီးပွားရေးတက္ကသိုလ် တတိယနှစ် ကျောင်းသားတဦးက ဤသို့ ညည်းတွားသည်။ သူတို့ ရပ်ကွက်ထဲတွင် လိုက်လံမဲဆွယ်ခြင်း၊ လက်ကမ်းစာစောင် ဝေငှခြင်းများ သိပ်မရှိဘဲ သူကိုယ်တိုင်လည်း နိုင်ငံရေးအသိအမြင် အားနည်းသဖြင့် ရွေးကောက်ပွဲကို မည်သို့ ဖြတ်ကျော်ရမည်ကို စိတ်မဝင်စားဟုလည်း ဆိုသည်။
"သူများတွေ ပြောတော့ အိမ်တွေမှာ လက်ကမ်း စာစောင်တွေ လိုက်ဝေတယ် ပြောပါတယ်။ ဒါပေမဲ့ ကျနော့်အိမ်မှာတော့ အဲလို မတွေ့မိဘူး။ အမေတို့ အဖေတို့လဲ သူတို့အလုပ်နဲ့သူတို့ ဘာမှသိတာ မဟုတ်တော့ ကျနော်ရော၊ ကျနော့်အမရော ဘယ်ပါတီက ဘယ်သူတွေ ဘာတွေမှန်းကို မသိပါဘူး" ဟု သူက ဆက်ပြောသည်။
ကျောင်းသား အများစုမှာ မူလကပင် ပြည်ခိုင်ဖြိုး ပါတီအဖြစ် စာရင်း သွင်းခံရသော်လည်း သူ့နာမည် မဲစာရင်းတွင် ပါနေသဖြင့် သီးခြားမဲပေးရမည်ဟု ဆိုသည်။
"ကြံ့ဖွံ့မဟုတ်ရင်ပြီးရော၊ ကျနော်က အမှန်လျှောက်ခြစ်ပစ်မှာ။ ကျနော့်အမကတော့ NDF (အမျိုးသား ဒီမိုကရေစီအင်အားစု) ကိုပဲ ပေးမယ်ပြောတယ်။ အမေတို့ အဖေတို့ကိုတော့ ဘာမှမေးလို့ မရဘူး။ မဲပေးဖို့တောင် မသွားဘူး ပြောနေကြတယ်။ ဘယ်သူ အုပ်ချုပ်အုပ်ချုပ် ငါတို့စီးပွားရေး ဆက်လုပ်လို့ရရင် ပြီးတာပဲလို့ သူတို့က ပြောတယ်" ဟု လမ်းထဲတွင် စတိုးဆိုင်ဖွင့်ထားသော မိဘများအကြောင်းကိုလည်း ပြောသွားသည်။ ပညာရေးကို ယခုထက် ပိုလုပ်ပေးနိုင်မည့် အစိုးရသစ် လိုချင်သည်ဟုလည်း ထုတ်ပြောသည်။
လူငယ်အများစုမှာ နိုင်ငံရေးပါတီများအကြောင်း သေချာမသိဘဲ စိတ်ဝင်စားမှုလည်း နည်းပါးသည်ကို တွေ့ရသည်။
"သမီးကတော့ ဒီမိုကရက်တစ် ပါတီကို ပေးမယ်လို့ စဉ်းစားထားတယ်။ သူတို့ဝေတဲ့ ဖလိုင်ယာလေးတွေ ရထားတယ်။ ခွပ်ဒေါင်းပုံနဲ့လေ။ ဘာမှတော့ သိလို့ မဟုတ်ပါဘူး။ သူတို့တွေ ဟောတာပြောတာတွေ တီဗီမှာ လာပေမယ့် နားမထောင်ဖြစ်ဘူး။ ဒီတခုပဲ သိလို့ ဒီတခုပဲ ပေးမယ်ပြောတာပါ" ဟု နိုင်ငံခြားဘာသာသင် တက္ကသိုလ် ကျောင်းသူတဦးက ပြောသည်။
"သမီးတို့ မဲသွားမပေးရင် မလာတဲ့လူ မဲက ကြံ့ဖွံ့မဲ ဖြစ်သွားမယ်လို့ ပြောကြတယ်။ ဒါကြောင့် မဲတော့ သွားပေးမှာပါ" ဟုလည်း သူက ဆက်ပြောသည်။ သူ့အနေဖြင့် မြို့ရွာနှင့် လမ်းပန်းပတ်ဝန်းကျင် ပိုမိုသာယာလှပရန် ထိန်းပေးဖို့နှင့် တဦးချင်း လွတ်လပ်ခွင့် ပိုရရှိလာဖို့လည်း မျှော်လင့်ပါသည်ဟု ဖြေကြားသည်။
သို့သော် အဆင့်မြင့်ကုန်တိုက်တခုက ၂၂ နှစ်အရွယ် အမျိုးသမီးဝန်ထမ်းတဦးကတော့ မဲစာရင်းတွင် မပါသဖြင့် မဲမပေးဟု ပြောသည်။
"ကျမက အရင်က ဒီရပ်ကွက်မှာ နေတာမဟုတ်ဘူးလေ။ ဒီကိုပြောင်းလာတာ မကြာသေးဘူး၊ အဲဒါ အခု မဲစာရင်းတွေ ထွက်တော့ ထွက်ခါစက သွားမကြည့်ဖြစ်ဘူး။ နည်းနည်းနောက်ကျမှ သွားကြည့်တော့ ကျမ နာမည်က မပါဘူး" ဟု ပြောပြသည်။
မိဘများက နယ်တွင်နေပြီး သူတဦးထဲ ရန်ကုန်တွင် အဆောင်ငှားနေထိုင်ရာ ယခင် ရပ်ကွက်တွင် မဲစာရင်းအမည် ပါမပါ သွားကြည့်ရမည်ဟု ရပ်ကွက်လူကြီးက ပြောသည်ဟု ဆိုသည်။
"အရင်နေတဲ့ ရပ်ကွက်က ဝေးလို့ မဲသွားမပေးချင်လို့ ဒီမှာ ပေးမယ်ပြောတာကို သူတို့က အဲဒီရပ်ကွက်မှာ နာမည်ပါမပါ တခါသွားပြန်စစ်ဦးပြောတော့ အလုပ်ရှုပ်လို့ ကျမတော့ မဲမပေးတော့ဘူးလို့ပဲ ပြောခဲ့လိုက်တယ်။ ဟိုမှာ နာမည်မပါဘူး သေချာမှ ဒီရပ်ကွက်မှာ တခါ လျှောက်လွှာတွေဝယ်ဖြည့်ပြီး လဝက (လူဝင်မှုကြီးကြပ်ရေး) လူကြီးနဲ့ တွေ့ပြီးမှ ဒီရပ်ကွက်ရဲ့မဲစာရင်းအမည်ပါမယ် ပြောတယ်။ အလုပ်လည်း မအားဘူးလေ။ လျှောက်လွှာတွေ ဝယ်ဖို့လည်း ငွေမပေါဘူး။ ကျမတော့ ပေးမနေတော့ဘူး" ဟု သူက စိတ်ပျက်လက်ပျက်နှင့် ပြောသည်။
သူ့အနေဖြင့် မဲ ပေးဖို့၊ မပေးဖို့ အရေးမစိုက်လှဘဲ နေ့စဉ် အလုပ်မှ ဝင်ငွေရဖို့သာ ပိုအရေးကြီးသည်ဟု ပြောသည်။ "ဘယ်အစိုးရပဲတက်တက် ဆင်းရဲသားတွေ ဒီထက်ပိုပြီး ချောင်လည်အောင် လုပ်ပေးရင် ကျမက ကျေနပ်ပါပြီ။ ကျန်တာ နားလည်း မလည်ပါဘူး" ဟု သူက ဆက်ပြောသည်။
ယခု ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ကျောင်းသားကျောင်းသူ လူငယ်အများစုမှာ တာဝန်အရ မဲပေးခြင်းသာ ဖြစ်နေပြီး၊ နိုင်ငံရေးပါတီများအပေါ် စိတ်ဝင်စားမှုနည်းခြင်း၊ မသိနားမလည်ခြင်းများကြောင့် ရွေးကောက်ပွဲအမှန်မှ ဖြစ်ပါ့မလားဟု လူကြီးများက စိုးရိမ်နေကြသည်။