မဇ္ဈိမသတင်းဌာန
နယူးဒေလီ (မဇ္ဈိမ) ။ ။ အဖိနှိပ်ခံ ပြည်သူများဘက်မှ ရပ်တည်ကာ ဒီမိုကရေစီ တော်လှန်ရေးတွင် ၁၇ နှစ်ကြာ ရပ်တည်ခဲ့သည့် ခေတ်ပြိုင် အင်တာနက် ဝက်ဘ်ဆိုဒ်ကို ယခုလကုန်မှစ၍ ယာယီရပ်ဆိုင်းမည်ဟု သိရသည်။
၁၉၉၃ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် ခေတ်ပြိုင်ဂျာနယ်ကို စတင်ထုတ်ဝေခဲ့ကာ၊ ခေတ်အခါနှင့်အညီ အင်တာနက် အွန်လိုင်း မီဒီယာအဖြစ်ပါ မြန်မာ့အရေးဆိုင်ရာ သတင်းများ ဦးစားပေးဖော်ပြခဲ့သည်။
“ ခေတ်ပြိုင်ကို အသွင်သစ်ဖြင့် အားသစ်လောင်း ပြုပြင်မှုများ လုပ်ဆောင်ရန်အတွက် ၂ဝ၁ဝ ပြည့်နှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့မှစ၍ ခေတ်ပြိုင်ဂျာနယ် အွန်လိုင်း ထုတ်ဝေမှုများကို ယာယီ ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်” ဟု ခေတ်ပြိုင်သတင်းဌာန၏ ယနေ့ထုတ် ကြေညာချက်တွင် ရေးသားထားသည်။
ခေတ်ပြိုင်ထုတ်ဝေသူ ဦးတင်မောင်ဝင်း (ကွယ်လွန်) နှင့် စာပေအနုပညာရှင်အချို့က မြန်မာနိုင်ငံ ဒီမိုကရေစီရေးနှင့် ငြိမ်းချမ်းသာယာရေးအတွက် ထိန်းသိမ်းရပ်တည်ပေးမည့် ဂျာနယ်တစောင် ထုတ်ဝေနိုင်ရန် ရည်ရွယ်ချက်ကြောင့် ခေတ်ပြိုင်ဂျာနယ်ကို စတင်တည်ထောင်ခဲ့ကြသည်။
ဦးတင်မောင်ဝင်းသည် မြန်မာ့ဒီမိုကရေစီရေးအတွက် အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့သူလည်းဖြစ်ပြီး၊ ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ကွယ်လွန်ခဲ့ပြီးနောက် ဇနီးဖြစ်သူ ဒေါ်ခင်မျိုးအေးက ခေတ်ပြိုင် ထုတ်ဝေသူ ဖြစ်ခဲ့သည်။
ရပ်နားမည့်ကိစ္စနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ရန် ဒေါ်ခင်မျိုးအေးထံ ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပါ။
မြန်မာမီဒီယာများသာမက မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသည့် အဖွဲ့များအနေဖြင့် အလှူရှင်အပေါ်သာ မမှီခိုသင့်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာ့သတင်း သင်တန်းဆရာ ဦးအောင်နိုင်က ရှုမြင်သည်။
“ခေတ်ပြိုင်မှာ ငွေကြေးထောက်ပံ့မှု အခက်အခဲနဲ့ သတင်းထောက် အခက်အခဲ ရှိနေပါတယ်။ ခေတ်ပြိုင်လို တချို့ သတင်းအဖွဲ့အစည်းတွေက အလှူရှင်တဖွဲ့ထဲကိုပဲ မှီခိုထားတော့ အဲဒီ အလှူရှင်က နောက်ဆုတ်သွားရင် အခက်အခဲ ဖြစ်တာမျိုးလို့ ထင်ပါတယ်။ အလှူရှင်တွေ လက်ပန်းကျတာရယ်၊ ပြည်တွင်းမှာ အလုပ်လုပ်ဖို့ စိတ်ဝင်စားတာရယ်က အလှူရှင်တွေကို မှီခိုတဲ့ အဖွဲ့အစည်းတွေအတွက် စိုးရိမ်စရာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။
သူက ဆက်ပြီး “အခု ပြည်တွင်းမှာက ပုဂ္ဂလိက ဂျာနယ်တွေ ရှိတယ်ဆိုပေမယ့် လွတ်လွတ်လပ်လပ် ရေးလို့ပြောလို့ မရတော့ တကယ်တမ်း လွတ်လပ်တဲ့ သတင်းတွေ၊ သတင်းမှန်တွေ၊ အစိုးရမကြိုက်တဲ့ ပြောဆိုဝေဖန်မှုတွေကို ပြည်ပမီဒီယာတွေကပဲ လုပ်နိုင်သေးတာ ဖြစ်ပါတယ်။ ပြည်တွင်းမှာ လွတ်လပ်မှု ရှိပြီဆိုရင်တော့ ပြည်ပမီဒီယာတွေရဲ့ အရေးပါမှုက လျော့လာနိုင်တာပေါ့” ဟု ပြောသည်။