Wednesday, October 20, 2010

ဂျပန်မှာ ကြိုတင်မဲ ကောက်နေပြီ

ဆလိုင်း ဟံသာစန်း
နယူးဒေလီ (မဇ္ဈိမ) ။      ။ ၂ဝ၁ဝ ရွေးကောက်ပွဲ ကြိုတင်မဲ ကောက်ခံမှုကို ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများထံမှ မြန်မာသံရုံးက ယနေ့တွင် ပြုလုပ်နေပြီ ဖြစ်သည်။

ပြီးခဲ့သည့် တပတ်အတွင်း ရုရှား၊ ဖိလစ်ပိုင်၊ ဗြိတိန်နှင့် အမေရိကားတို့တွင် ကြိုတင်မဲ ကောက်ခံခဲ့အပြီး ယနေ့တွင် တိုကျိုမြို့ရှိ မြန်မာသံရုံးကပါ ကြိုတင်မဲ ကောက်ခံခြင်း ဖြစ်သည်။

“သံရုံးရှေ့မှာ ရှိနေတဲ့အချိန် မနက် ၈ နာရီကနေ ၁ဝ boycottjapan3နာရီလောက်အတွင်းတော့ လူ ၄ဝ နီးပါး လာတယ်။ အများစုက ကျောင်းလာတက်နေတဲ့ ကျောင်းသားတွေ၊ ဂျပန်နဲ့ လက်ထပ်ထားတဲ့ လူတွေ၊ နောက် အသက်ကြီးတဲ့ လူတချို့လည်း ပါတာ တွေ့ရတယ်” ဟု သံရုံးရှေ့သို့ ကိုယ်တိုင်သွားရောက်ခဲ့သူ တိုကျိုမြို့ရှိ မြန်မာတဦးက မဇ္ဈိမကို ပြောသည်။

ကြိုတင်မဲပေးနိုင်ရန် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံးကို နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ပေးပြီး၊ မဲပေးရန်အတွက် သံရုံးမှ အကြောင်ကြားစာများ ပါရှိမှသာ ခွင့်ပြုသည်ဟု သူက ဆိုသည်။

ယနေ့တွင် နိုင်ငံသားများအတွက် ကောင်စစ်ဆိုင်ရာ ကိစ္စရပ်များ၊ ဗီဇာလျှောက်ထားခြင်းနှင့် ရွေးယူခြင်းတို့ ရပ်နားပြီး မနက်ဖြန်မှ ဆောင်ရွက်ပေးမည်ဟု သံရုံးက ထုတ်ပြန်ကြေညာထားသည်။

ဂျပန်နိုင်ငံရှိ မြန်မာများထံမှ ကြိုတင်မဲများ ကောက်ခံနေစဉ် ဂျပန်အခြေစိုက် ၂ဝ၁ဝ ရွေးကောက်ပွဲ သပိတ်မှောက်ရေး ကော်မတီက သံရုံးသို့ မဲပေးရန် လာရောက်သူများကို “ဒါဖတ်ပြီးလျှင် လွပ်လပ်စွာ ဆုံးဖြတ်ပါ” ဟူသည့် လက်ကမ်းစာစောင်များ ဝေငှသည့် လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

boycottjapan2စာစောင်ထဲတွင် စစ်ကျွန်ပြုမည့် ၂ဝ၁ဝ ရွေးကောက်ပွဲ၌ ဖြစ်နိုင်လျှင် မဲမပေးဘဲနေကြရန်၊ ဆွေစဉ်မျိုးဆက် စစ်အာဏာရှင်စနစ်အောက် ကျရောက်မည်ဖြစ်သဖြင့် အသေအချာ ပြန်လည်သုံးသပ် စဉ်းစားကြရန် စသည့် စာသားများ ပါဝင်ပြီး စောင်ရေ ၃ဝဝ ဝေငှခဲ့သည်။

“အနာဂတ်မှာ ကျနော်တို့ သားသမီး၊ ဆွေမျိုးတွေ မမွေးဖွားခင်ကတည်းက စစ်ကျွန်ဘဝရောက်စေမယ့် အဖြစ်မျိုးကို တိုက်ရိုက်၊ ဒါမှမဟုတ် သွယ်ဝိုက်ပြီးတော့ ထောက်ခံအားပေးခြင်း မပြုသင့်ဘူးဆိုတာကို တိုက်တွန်းတာပါ” ဟု ၂ဝ၁ဝ ရွေးကောက်ပွဲ သပိတ်မှောက်ရေးကော်မတီ တာဝန်ခံ ကိုမိုင်ကျော်ဦးက မဇ္ဈိမကို ပြောသည်။

ဂျပန်နိုင်ငံတွင် အကြောင်းအရာမျိုးစုံဖြင့် ရောက်ရှိနေသူ မြန်မာနိုင်ငံသား ၅ သောင်းခန့် ရှိသည်။

ယခုလ ၁၂ ရက်နေ့တွင် ကြိုတင်မဲ ကောက်ခံမှုကို ရုရှားနိုင်ငံရောက် ပညာသင် တပ်မတော်သားများထံမှ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။
boycottjapan1
“ကြိုတင်မဲသွားပေးပြီးပြီ။ မဲ ၃ ခု ထည့်ရပါတယ်။ ကျနော်က ကိုယ့်လူမျိုး ကိုယ်စားပြု ပါတီတခုနဲ့  ကြံ့ခိုင်ရေးအတွက် ၂ ခု ထည့်ခဲ့တယ်။ လက်ခံစာရွက်ပေါ်မှာ ကိုယ့်နာမည် နေရပ်လိပ်စာရေးပြီး ဖြတ်ပိုင်းမှာတော့ ကိုယ်ထည့်မယ့် ပါတီကို အမှန်ခြစ်ရတယ်။ မော်စကိုသံရုံးကို မသွားခင်  ကျနော်တို့ရဲ့ ကျောင်းသားခေါင်းဆောင်က ဘယ်လို မဲပေးရမယ်ဆိုတာ ရှင်းပြပါတယ်” ဟု ရုရှားရှိ ပညာသင်ကြားနေသည့် စစ်ဗိုလ်တဦးက ပြောသည်။  ရုရှားနိုင်ငံတွင် ပညာတော်သင် တပ်မတော်အရာရှိပေါင်း ၂ဝဝဝ ဝန်းကျင်ခန့် ရှိသည်ဟု ဆိုသည်။

ယခုလ ၁၆-၁၇ ရက်နေ့များတွင် ဖိလစ်ပိုင်၊ ဗြိတိန်နှင့် အမေရိကားရှိ သံရုံးများကလည်း ကြိုတင်မဲများ ကောက်ခံခဲ့သည်။

သို့သော် ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ မြန်မာသံရုံးတွင် ပြုလုပ်သည့် ကြိုတင်မဲကောက်ခံပွဲတွင် ဗြိတိန်၌ မဲပေးနိုင်သည့် မြန်မာဦးရေ တသောင်းနီးပါးရှိသော်လည်း လူ အနည်းငယ်သာ မဲပေးခဲ့ရပြီး မြန်မာပတ်စပို့စ် ကိုင်ဆောင်ထားသော ကျောင်းသားများမှာ သံရုံးရှေ့သို့ ရောက်ပြီးမှ စာရင်းမပါသဖြင့် မဲမပေးဘဲ လှည့်ပြန်ခဲ့ရကြောင်း ဗြိတိန်အခြေစိုက် BLF အဖွဲ့က ပြောသည်။

“ဒီမှာ ကျောင်းလာတက်တဲ့ ကျောင်းသားလေးတွေ ၁ဝ ဦးလောက်ရှိတယ်။ သူတို့ကို သံရုံးထဲ အဝင်မခံဘဲ အပေါက်ဝကနေ ပြန်လွှတ်လိုက်ပါတယ်။ မင်းတို့က ငါတို့စာရင်းထဲမှာ မပါလို့ မဲပေးပိုင်ခွင့် မရှိဘူးဆိုပြီး ပြန်လွှတ်တဲ့အတွက် မဲမပေးရဘဲ ပြန်သွားကြပါတယ်” ဟု  ဗြိတိန်နိုင်ငံ အခြေစိုက် Burma Liberation Front အဖွဲ့၏ အထွေထွေ အတွင်းရေးမှူး မသန္တာက ပြောသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates