ဆလိုင်း ဟံသာစန်း
နယူးဒေလီ (မဇ္ဈိမ) ။ ။ ဦးနှောက်အမြှေးပါးရောင် ရောဂါဖြင့် ပြီးခဲ့သည့်တပတ်အတွင်း လူ ၂ ဦး သေဆုံးသည်ဟုဆိုကာ မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့ခံများ အလန့်တကြားဖြစ်ကာ နှာခေါင်းစည်းများ ဝယ်ယူတပ်ဆင်နေသည်။
ယခုလ ၁ ရက်နေ့တွင် စံပြရပ်ကွက်မှ ဦးသောင်းညွန့်နှင့် ပြီးခဲ့သည့် လကုန်ပိုင်းတွင် သုခမိန် ဘော်ဒါဆောင်မှ ကျောင်းသူတဦး သေဆုံးခဲ့မှုကို ဆေးရုံအာဏာပိုင်များက ဦးနှောက်အမြှေးပါးရောင် ရောဂါကြောင့်ဟု ထုတ်ဖော်ပြောဆိုခဲ့အပြီး ရောဂါကူးစက်မည်ကို စိုးရိမ်သဖြင့် နှာခေါင်းစည်းများ တပ်ဆင်ဖုံးအုပ်နေကြခြင်း ဖြစ်သည်။
“တမြို့လုံးကို လန့်နေကြတယ်။ မြို့ထဲမှာတော့ နှာခေါင်းစည်းတွေ အကုန်ပြတ်၊ ကာကွယ်ဆေး တလုံး ၅ဝ ဆိုတာလည်း အကုန်ပြတ်။ ကိုယ့်ဟာကိုယ် ဝယ်သောက်ကြတာ။ ရောဂါကူးမှာ စိုးလို့လေ” ဟု မြို့ခံ ဦးမြင့်သွင်က မဇ္ဈိမကို ပြောသည်။
ကျောက်ပန်းတောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အဖွဲ့ဝင် ၁၅ ဦးက ယနေ့နံနက်ပိုင်းတွင် အထက်တန်းကျောင်း အမှတ် ၁ နှင့် ၂ ၊ လေးရွာမူလတန်းကျောင်း၊ မြို့မကွက်သစ် စံပြမူလတန်းကျောင်းတို့တွင် နှာခေါင်းစည်း ၁ဝဝဝ ကို အခမဲ့ ပေးဝေခဲ့ကြောင်း NLD မြို့နယ် စည်းရုံးရေးအဖွဲ့ဝင် ကိုအေးခိုင်က ပြောသည်။
“ကျောင်း ၄ ကျောင်းက ကျောင်းသားပေါင်း ၁ဝဝဝ ကို အခမဲ့ ပေးဝေခဲ့တာပါ။ ကလေးတွေကို ရောဂါကူးစက်မှုက ကာကွယ်နိုင်အောင်လို့ပါ” ဟု သူက ပြောသည်။
ကျောက်ပန်းတောင်းမြို့၌ သွေးလွန်တုပ်ကွေး ရောဂါကြောင့်ဟုဆိုကာ ပြီးခဲ့သည့်လ ၁၁ ရက်နေ့တွင် ပြည့်ဝဘုန်းကြီးကျောင်းမှ ကိုရင် သုမင်္ဂလ (၁၃ နှစ်) နှင့် ၂၇ ရက်နေ့တွင် ကိုရင် ရေဝတ (၁၁ နှစ်) ပျံလွန်တော်မူခဲ့သည်ဟု မြို့ခံများ စတင်သိရှိခဲ့ကြသည်။
ကိုရင် ၂ ပါး ပျံလွန်တော်မူပြီးနောက် ပြည့်ဝကျောင်းဆရာတော်က နေပြည်တော်သို့ အကြောင်းကြားသဖြင့် စစ်ဆေးရေး အဖွဲ့တဖွဲ့ ရောက်လာကာ ဦးသောင်းညွန့်နှင့် ကျောင်းသူ၏ ရုပ်အလောင်းများ စစ်ဆေးခဲ့ပြီး ဦးနှောက်အမြှေးပါးရောင် ရောဂါကြောင့်ဟု အတည်ပြုခဲ့ကြောင်း မြို့ခံများက ဆိုသည်။
“အစောပိုင်းတော့ လူတွေက သွေးလွန်တုပ်ကွေးလို့ပဲ ထင်ထားကြတာ။ လူနာတွေက ဆေးရုံမှာပဲ ဆုံးကုန်တဲ့အတွက် ပြည့်ဝဘုန်းကြီးက နေပြည်တော် လှမ်းအကြောင်းကြားတော့ ဟိုကလွှတ်လိုက်တဲ့ ဆရာဝန်အဖွဲ့က စစ်တော့မှ ကူးစက်မြန် ဦးနှောက်အမြှေးပါးရောင် ရောဂါလို့ သိကြတာ” ဟု မြို့ခံတဦးက ဆိုသည်။
ကျောက်ပန်းတောင်းဆေးရုံသို့ မေးမြန်းကြည့်ရာ ဆေးရုံအုပ်ကြီးက ဆေးရုံ၌ ယင်းရောဂါဖြင့် သေဆုံးသူ မရှိဟုသာ ပြောသည်။ မည်သည့်ရောဂါကြောင့် ယခုလို သေဆုံးသည်အထိ ဖြစ်ပွားခဲ့ရသည်ကို မဇ္ဈိမက သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။
ဦးနှောက်အမြှေးပါးရောင် ရောဂါသည် သွေးလွန်တုပ်ကွေးနှင့် ရောဂါလက္ခဏာ အများစု တူညီနေသဖြင့် လူ၏ ကျောရိုးမကြီးရှိ ရိုးတွင်းခြင်ဆီကို ဖောက်၍ စစ်ဆေးမှသာ သိနိုင်ကြောင်းနှင့် အသက်သေဆုံးနိုင်သည့် ရောဂါဖြစ်ကြောင်း အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ ဒေါက်တာ ဇော်ဝင်းအောင်က ပြောသည်။
“အဲဒီရောဂါက သွေးလွန်တုပ်ကွေး လက္ခဏာတွေနဲ့ နည်းနည်းဆင်တယ်။ ခြင်ဆီကို ဖောက်စစ်မှ သိနိုင်တယ်။ ကူးစက်တတ်တဲ့ ရောဂါဖြစ်တယ်။ ဒါပေမဲ့ ကူးစက်တာတော့ မမြန်ပါဘူး။ ရောဂါဖြစ်ရင်တော့ သေနိုင်ပါတယ်” ဟု သူက ပြောသည်။
သွေးလွန်တုပ်ကွေး ရောဂါလက္ခဏာများမှာ ကိုယ်အပူချိန်တက်ခြင်း၊ မျက်ရိုး၊ ကြွက်သားနှင့် အရိုးအဆစ်များ ညောင်းညာ ကိုက်ခဲခြင်း၊ အရေပြားပေါ်တွင် အနီစက်များပေါ်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ အော့အန်ခြင်းနှင့် သွေးလန့်ခြင်းတို့ ဖြစ်သည်။
ပြည့်ဝ ဘုန်းကြီးကျောင်းရှိ သာမဏေပေါင်း ၅ဝ ကျော်အနက် ကိုရင် ၂ ပါး ပျံလွန်တော်မူခဲ့ပြီး၊ အပါး ၃ဝ ကျော်မှာ ကျောက်ပန်းတောင်းနှင့် ညောင်ဦးဆေးရုံတို့တွင် တက်ရောက်ကုသနေဆဲဖြစ်ကြောင်း ကျောက်ပန်းတောင်းရှိ အလိုတော်ပြည့် ကျောင်းတိုက်မှ သံဃာတပါးက ပြောသည်။
ကျောက်ပန်းတောင်း ဆေးရုံ၌လည်း လူနာများ ပြည့်နှက်နေကာ အများစုမှာ ကလေးငယ်များဖြစ်ကြောင်း ဆေးရုံသို့ ကိုယ်တိုင်သွားရောက်ခဲ့သူ ကိုအေးခိုင်က ပြောသည်။
“ဆေးရုံရဲ့ အရေးပေါ်လူနာဆောင်မှာ လူနာချည်းပဲ ၁ဝဝ ကျော်လောက် ရှိမယ်။ လူနာတွေက ကလေးတွေ များတယ်။ ၁ဝ နှစ် ဝန်းကျင်တွေပေါ့။ တချို့ ညောင်ဦးဆေးရုံ သွားတက်ကြတဲ့ လူတွေလည်း ရှိတယ်” ဟု သူက ပြောသည်။
သို့သော် ဆေးရုံအုပ်ကြီးက လူနာများစွာ မရှိဘဲ၊ မိမိတို့အနေဖြင့် ကောင်းစွာ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကာ သက်ဆိုင်ရာသို့ သတင်းပေးပို့ထားကြောင်းသာ ပြောဆိုသည်။
ယခုအခါ ကျောက်ပန်းတောင်း ဆေးရုံအုပ်ကြီးနှင့် မြို့အာဏာပိုင်များက ဘုန်းကြီးကျောင်းများ၊ ဘော်ဒါဆောင်များ၊ ကျောင်းများသို့ ကျန်းမာရေးပညာပေး လုပ်ငန်းများ လိုက်လံဆောင်ရွက်နေကြောင်း သိရသည်။