နယူးဒေလီ (မဇ္ဈိမ)။ ။ ရှားပါးငှက်များ ထိန်းသိမ်းရန် ရခိုင်ပြည်နယ် စစ်တွေမြို့အနောက်ဘက် နံ့သာကျွန်းကို သဘာဝ ငှက်ချစ်သူများအသင်းက စစ်မှုထမ်းဟောင်းအဖွဲ့ထံမှ ငှားရမ်းကာ ယခုနှစ် ဆောင်းတွင်း၌ လုပ်ငန်းများ စတင်သွားမည်ဟု သိရသည်။
စစ်အစိုးရက ရခိုင်ပြည်နယ် စစ်မှုထမ်းဟောင်းအဖွဲ့ကို လုပ်ကိုင်စားသောက်ရန် ချပေးထားသည့် စစ်တွေ အနောက်ဘက် ရေမိုင် ၄၅ မိုင်ခန့်အကွာရှိ နံ့သာကျွန်းကို စစ်တွေအခြေစိုက် သဘာဝ ရှားပါးငှက်များ ထိန်းသိမ်းရေးအတွက် ယခုနှစ်မှ ၂ဝ၁၂ ခုနှစ်အထိ တနှစ်လျှင် ကျပ် ၂ သိန်းဖြင့် ငှက်ချစ်သူများအသင်းက ငှားရမ်းခြင်း ဖြစ်သည်။
’’အစိုးရကတော့ လုပ်ပိုင်ခွင့် ပေးပါတယ်။ ရှားပါးငှက်တွေ မျိုးဆက် မပျောက်အောင်လို့ပါ။ တံငါသည်တွေ လာနေကြတယ်။ မိုးတွင်းမှာ မနေကြပါဘူး။ ပင်လယ်ထဲက ကျွန်းဖြစ်လို့ သွားလာရေး ခက်ခဲတယ်။ ဒီလိုငှက်တွေ ထိန်းသိမ်းရတာက နေရာတော်တော်များများ ရှိတယ်။ ဒါကြောင့် ကျနော်တို့ ရခိုင်ပြည်နယ်မှာ လုပ်သင့်တယ်လို့ ယူဆတာနဲ့ လုပ်ဖြစ်တာပါ။ လုပ်ငန်းကတော့ ဒီနှစ်ဆောင်းတွင်းမှာ စမှာ။ ကမ္ဘာ့မျိုးတုန်းလုဖြစ်နေတဲ့ spoonbill ရေညှော်ငှက်ပေါ့။ အဲဒီငှက်တွေကို အဓိက ထိန်းသိန်းမှာပါ” ဟု သဘာဝငှက်ချစ်သူများအသင်း ဆက်သွယ်ညှိနှိုင်းရေး တာဝန်ခံ ဦးရန်နောင်စိုးက မဇ္ဈိမကို ပြောသည်။
စစ်တွေရှိ စစ်မှုထမ်းဟောင်းအဖွဲ့မှ အမည်မဖော်လိုသူ ခေါင်းဆောင်တဦးကလည်း ”ငှားတာက မနှစ်ကတည်းက စငှားခဲ့တာ။ အခုမှ အတည်ဖြစ်တာပါ။ ဒီကျွန်းက ငှက်ထိန်းသိမ်းဖို့ ကောင်းတယ်။ တခြားငှက်တွေလည်း များတယ်။ ဒါကြောင့် သူတို့ကမ်းလှမ်းလာတာနဲ့ ငှားဖြစ်တာပါ။ အကျိုးအမြတ်ကို လိုချင်လို့ မဟုတ်ပါဘူး။ ငှက်ထိန်းသိမ်းတာကို ဝါသနာပါလို့ပါ” ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် spoonbill ငှက်နှင့် ကြိုးကြာငှက်များမှာ မျိုးတုန်းရှားပါးလာသလို သစ်တောပြုန်းတီးမှု ရှိနေသည်ဟု ငှက်ချစ်သူများအသင်းက ဆိုသည်။
၃ မိုင်ပတ်လည်ခန့်ရှိ နံ့သာကျွန်းကို စစ်အစိုးရက ရခိုင်ပြည်နယ် စစ်မှုထမ်းဟောင်းအဖွဲ့ကို နှစ် ၃ဝ လုပ်ပိုင်ခွင့် ပေးထားခဲ့ရာ၊ စစ်မှုထမ်းဟောင်းက ယင်းကျွန်းတွင် တံငါသည်များ၊ ငှက်ဖမ်းသမားများထံ အခွန်အကောက်များ ရယူလာခဲ့သည်။
ယခု စီမံကိန်းသည် ရခိုင်ပြည်နယ်တွင် ပထမဆုံးအကြိမ်ဖြစ်ပြီး၊ ရန်ကုန်အခြေစိုက် သဘာဝ ထိန်းသိမ်းရေး အသင်းအဖွဲ့ တဖွဲ့ဖြစ်သည့် Biodiversity and Nature Conservation Association (BANCA) အဖွဲ့နှင့် ပူးပေါင်းကာ နိုင်ငံခြား အကူအညီများဖြင့် ပြုလုပ်သွားမည်။
သဘာဝငှက်ချစ်သူများအသင်းကို ၂ဝဝ၉ ခု သြဂုတ်မှစ၍ စစ်တွေရှိ ငှက်ဝါသနာရှင်များနှင့် စုပေါင်း ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ သဘာဝ အရင်းအမြစ်များကို ကာကွယ်ထိန်းသိမ်းရန် ရန်ကုန်အခြေစိုက် BANCA နှင့် ပူးပေါင်းလုပ်ကိုင်လျက်ရှိသည်။
ငှက်ထိန်းသိမ်းမည့်ကျွန်းအဖြစ် သတ်မှတ်ကာ ငှက်ဖမ်းခွင့် မရှိတော့သဖြင့် ငှက်ဖမ်းသမားများ စားဝတ်နေရေး အခက်အခဲဖြစ်မည်ဟု စစ်တွေမြို့နယ် ပလ္လင်တော့ကျေးရွာမှ ငှက်ဖမ်းသားတဦးက ပြောသည်။
”ကျနော်တို့က ဒီကျွန်းကနေ ငှက်ဖမ်းပြီး ရောင်းစားနေတာပါ။ အခု ဒီကျွန်းမှာ ငှက်မဖမ်းရဘူးဆိုတော့ စားဝတ်နေရေး မလွယ်တော့ဘူး။ BANAC ကို ကျနော်တို့ ပြောတယ်၊ သူတို့က ဘာမှ အကြောင်းမပြန်သေးဘူး” ဟု သူက ပြောသည်။
တံငါသည်များအတွက် ကျွန်းပေါ်တွင် စိုက်ပျိုးရေးလုပ်ငန်းများ ထူထောင်ပေးသွားရန် အစီအစဉ်ရှိသည်ဟု ဦးရန်နောင်စိုးက ဆိုသည်။
ရခိုင်ပြည်နယ်တွင် ပြင်သာလိပ်များ၊ ငါးဝက်များလည်း ရှားပါးလာကြောင်း လေ့လာသူများ အဆိုအရ သိရသည်။

နောက်ဆုံးသတင်းများ
ဒီငြိမ်း မဟာမိတ်အဖွဲ့က ထွက်
မန္တလေး ဆည်ရေလွှမ်း လူ ၂,၅၀၀ ခန့် အိုးအိမ်စွန့်
မိုးကြီးလေကြီး ဧရာဝတီ စိုက်ခင်းများ ရေနစ်
တနိုင်း ကေအိုင်အို ဆက်ဆံရေးရုံး ရွှေ့ခိုင်း
မဲမပေးရေး လှုပ်ရှားမှုတွင် တိုင်းရင်းသား ခေါင်းဆောင်များ ပါဝင်လာ
စစ်တွေ ရေလုပ်သားများ လုပ်အားခ ထက်ဝက်လျော့
ကြံ့ဖွံ့နှင့် ရဲနှောင့်ယှက်ဟု ပါတီများပြော