Thursday, October 14, 2010

ထားဝယ် ရေနက်ဆိပ်ကမ်း တည်ဆောက်ရန် ထိုင်း-မြန်မာသဘောတူ

ကိုဝိုင်း
ချင်းမိုင် (မဇ္ဈိမ)။      ။ ထိုင်းသတင်းအေဂျင်စီက ထိုင်းနိုင်ငံ ကန်ချနဘူရီနှင့် ဆက်သွယ်မည့်  ထားဝယ် ရေနက်ဆိပ်ကမ်းကို နှစ်နိုင်ငံ ပူးပေါင်းတည်ဆောက်ရန် သဘောတူကြသည်ဟု မြန်မာပြည်ရောက် ထိုင်းဝန်ကြီးချုပ်ကို ကိုးကားရေးသားသည်။

ကန်ချနဘူရီမှ ထားဝယ်သို့ ကီလိုမီတာ ၁၃ဝ အရှည် လမ်းဖောက်မည် ဖြစ်သည်။ ဧက တသိန်းကျော် ကျယ်ဝန်းသည့် အထူးစီးပွားရေးဇုန်သစ် ရေနက်ဆိပ်ကမ်းမှတဆင့် အရှေ့အလယ်ပိုင်းနှင့် ဥရောပမှ ကုန်စည်များတင်သွင်းနိုင်မည်ဟု ထိုင်းက မျှော်လင့်ထားသည်။ ဆိပ်ကမ်းစီမံကိန်းတွင် ကားလမ်း၊ ရထားလမ်း၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ သံမဏိစက်ရုံများ ပါဝင်ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၃ ဘီလျံ  ကုန်ကျမည် ခန့်မှန်းသည်။

Abhisi
ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝဲ့ချာချီဝ
အနောက်ကလာသည့် ထိုင်း၊ တရုတ်၊ ဗီယက်နမ်နှင့် လာအိုသွား ကုန်သင်္ဘောများ မလက္ကာ ရေလက်ကြားဖြတ်ရန် မလိုတော့သဖြင့် ပိုမိုလုံခြုံပြီး ခရီးချိန်လည်း ၁ဝ ရက်ခန့် သက်သာသွားမည် ဆိုသည်။

ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝဲ့ချာချီဝ မနေ့က မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဝန်ကြီးချုပ် ဦးသိန်းစိန်တို့နှင့် တွေ့ဆုံပြီး နှစ်နိုင်ငံ စီးပွားရေးနှင့် လုံခြုံရေးကိစ္စများ ဆွေးနွေးခဲ့ကြောင်း ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာ၌ ဖော်ပြထားသည်။ ဝန်ကြီးချုပ် အဘီဆစ် ဝဲ့ချာချီဝနှင့် အဖွဲ့ နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး၊ မကြာမီက စစ်ဘက်ရာထူးများမှ နုတ်ထွက်ခဲ့ကြသည့် နအဖ ကောင်စီဝင် သူရဦးရွှေမန်း၊ ဦးတင်အေး၊ စစ်ဆင်ရေးအထူးအဖွဲ့ (ကစထ)မှူးအဖြစ် နာမည်ထွက်နေသည့် ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့နှင့်လည်း တွေ့ဆုံသည်။

ဗိုလ်ချုပ်မှူးကြီးနှင့် မတွေ့ဆုံမီ ထိုင်းဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာဆစ်ပီရိုမြတို့ မြန်မာဝန်ကြီးချုပ် ဦးသိန်းစိန်၊ စီမံ/စီးပွားဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး စသည့် ဝန်ကြီး ၁ဝ ဦးခန့်နှင့် “နှစ်နိုင်ငံနယ်စပ် တည်ငြိမ်ဖွံ့ဖြိုးရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ ခရီးသွားလုပ်ငန်း မြှင့်တင်ရေး၊  ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေး” ဆွေးနွေးခဲ့ကြောင်း သတင်းစာက ဆိုသည်။

ထိုင်းဝန်ကြီးချုပ်နှင့်အတူ ထိုင်းစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာယု ချအိုချာ လိုက်သွားကြောင်း သိရသော်လည်း ယနေ့ထုတ် ထိုင်း-မြန်မာသတင်းစာများတွင် ဖော်ပြမထားပေ။

ထိုင်းအခြေစိုက် NLD (လွတ်မြောက် နယ်မြေ)မှ ဦးညိုအုန်းမြင့်ကမူ ထိုင်းဝန်ကြီးချုပ် ခရီးစဉ်တွင်  အထိန်းသိမ်းခံ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန်နှင့် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲကို တရားမျှပြီး လွတ်လပ်စွာ ကျင်းပရန်လည်း ထည့်သွင်းဆွေးနွေးမည်ဟု ယူဆသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် ထိုင်းဝန်ကြီးချုပ်က ကြိုတင်တောင်းဆိုမှုကို နအဖဘက်က ပယ်ချသဖြင့် ခရီးစဉ်နှစ်ကြိမ် ရွှေ့ဆိုင်းခဲ့ရသည်ဟု သူက ထောက်ပြသည်။

ဇူလိုင်လက သွားရန် စီစဉ်ထားသော်လည်း မဲဆောက်-မြဝတီ နယ်စပ်ဂိတ်များကို မြန်မာဘက်က ပိတ်ခဲ့ပြီးနောက် ခရီးစဉ်ကို သြဂုတ်လဆန်းသို့ ရွှေ့ဆိုင်းခဲ့သည်။ ယင်းနောက် ထပ်မံရွှေ့ဆိုင်းလိုက်ပြီး မနေ့ကမှ ခရီးစဉ်အထမြောက်ခဲ့သည်။ ထိုင်းဘက်က ဝန်ကြီးချုပ် အလုပ်များနေသည်ဟု အကြောင်းပြခဲ့သည်။

ထိုင်း-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ ၂ဝဝ၉-၁ဝ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၃,၅ဝဝ ကျော်ရှိခဲ့ပြီး ၂ဝဝ၈-ဝ၉ ဘဏ္ဍာနှစ်ထက် ၁၆ ရာခိုင်နှုန်းကျော်များလာကြောင်း တရားဝင် ကိန်းဂဏန်းများက ဖော်ပြသည်။ အများစုမှာ စွမ်းအင်ကဏ္ဍတွင် ဖြစ်သည်။

ထိုင်းနိုင်ငံသည် မုတ္တမပင်လယ်ကွေ့ ရတနာနှင့် ရဲတံခွန်လုပ်ကွက်မှ သဘာဝဓာတ်ငွေ့များကို ၁၉၉၈ ခုမှစ၍ ဝယ်ယူနေပြီး မကြာမီကလည်း မုတ္တမပင်လယ်ကွေ့မှ လုပ်ကွက်အမှတ် M9 နှင့် M11 တစိတ်တဒေသ ပါဝင်သော ဇောတိက သဘာဝဓာတ်ငွေ့ နယ်မြေတွင် နှစ် ၃ဝ ဓာတ်ငွေ့တူး စာချုပ်ကို နေပြည်တော်၌ လက်မှတ်ထိုးခဲ့သေးသည်။

ထိုင်းရှိ မြန်မာ အလုပ်သမားများ တရားဝင် အလုပ်လုပ်နိုင်ရေး ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ကိစ္စများကိုလည်း နှစ်နိုင်ငံ ဆွေးနွေးခဲ့ကြသည်။

ထိုင်းနိုင်ငံတွင် ၂ဝဝ၉-၁ဝ နှစ် အလုပ်သမားမှတ်ပုံတင်အရေအတွက် ၁ သန်း ၇ သောင်း ကျော်ရှိသော်လည်း ယာယီနိုင်ငံကူးလက်မှတ်လုပ်ရန် ပုံစံတင်ထားသူ ၈ သိန်းခွဲကျော်သာရှိပြီး ထိုအထဲက ၁ သိန်း ၄ သောင်းကျော်သာ ယာယီနိုင်ငံကူးလက်မှတ် ရသေးကြောင်း နိုင်ငံတကာ ရွှေ့ပြောင်းအခြေချ နေထိုင်သူများအဖွဲ့ (IOM) က မကြာမီက ထုတ်ပြန်ခဲ့သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates