Thursday, October 14, 2010

ကြော်ငြာဘုတ်များဖြင့် ပါတီများ ကြော်ငြာခွင့်ရ

ခိုင်စု
နယူးဒေလီ (မဇ္ဈိမ) ။      ။ ရွေးကောက်ပွဲဝင် ပါတီများအနေဖြင့် ရန်ကုန် စည်ပင်နယ်နိမိတ်အတွင်း ကြော်ငြာဘုတ်များ စိုက်ထူးကာ ကြော်ငြာနိုင်မည်ဟု ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်က အကြောင်းကြားလျှက်ရှိသည်။

စည်ပင်သာယာ နယ်နိမိတ်အတွင်း ဗီနိုင်းပိုစတာများဖြင့် ကြော်ငြာနိုင်သည့်အကြောင်း ပြီးခဲ့သည့် တပတ်တွင် တိုင်းကော်မရှင်က အကြောင်းကြားစာ ပေးပို့ခဲ့သည်ဟု ပါတီများမှ ပြောကြားကြသည်။ ကြော်ငြာဘုတ်များ စိုက်ထူလိုပါက တိုင်းကော်မရှင်သို့ လျှောက်ထားကာ ကြော်ငြာဘုတ် နမူနာကို စာပေစိစစ်ရေးသို့ တင်ပြပြီးကာမှ ကော်မရှင်၏ ခွင့်ပြုချက်ကို ရယူရမည်ဖြစ်သည်။ ဗီနိုင်းပိုစတာများသည် မိုးဒဏ်လေဒဏ် ခံနိုင်ပြီး အရောင်အသွေး တာရှည်ခံကာ မိုးကာစဖြင့် အရွယ်အစားစုံ ပုံနှိပ်နိုင်သည်။

“ပါတီကိုယ်စားလှယ်လောင်း တချို့တော့ ကြော်ငြာဖို့
usdpbillboard
ဘုတ်ထောင်ကြော်ငြာနှင့် ကြံ့ဖွံ့ကိုယ်စားလှယ်လောင်းများ
စီစဉ်နေကြတယ်။ အန်ကယ်တို့က ပိုက်ဆံ မပေးနိုင်တော့ သက်ဆိုင်ရာ ကိုယ်စားလှယ်လောင်းတွေကပဲ တတ်နိုင်သလောက် ကြော်ငြာမှာ။ ထိရောက်မှုတော့ ရှိမယ်။ ပါတီတွေက သိပ်ပြီး ဈေးမများတဲ့ နေရာတွေမှာ ကြော်ငြာမယ် ထင်တယ်” ဟု အမျိုးသားဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာ သန်းငြိမ်းက မဇ္ဈိမကို ပြောသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်ကလည်း ဘုတ်ထောင်၍ ကြော်ငြာရန် အစီအစဉ်ရှိကြောင်း ပါတီရုံး တာဝန်ရှိသူတဦးဖြစ်သူ ကိုကျော်ဝေဇင်က ပြောသည်။ သို့သော်  မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီကမူ ငွေကြေး မတတ်နိုင်သဖြင့် ဘုတ်ထောင်ကြော်ငြာမည် မဟုတ်ဟု ဆိုသည်။

“ကျနော်တို့ ပါတီကတော့ စည်ပင်မှာ အခွန်ဆောင်ပြီး ကြော်ငြာဖို့ အစီအစဉ် မရှိပါဘူး။ အဲဒီလို ဘုတ်ကြီးထောင်ရင် တခုကို သိန်းချီကျမယ်လေ။ ကျနော်တို့ အဲဒီလောက်လည်း မတတ်နိုင်ဘူး” ဟု ပါတီ ဒုဥက္ကဋ္ဌ ဦးတင်မောင်အေးက မဇ္ဈိမကို ပြောသည်။

သို့သော် ကိုယ်စားလှယ်လောင်း ၄ ဦးပုံများနှင့် ’’မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီကို မဲထည့်ကြပါ’’ စာတမ်းပါ ဗီနိုင်းပိုစတာများ ရိုက်နှိပ်ကာ ကြော်ငြာခ မပေးရသည့် ပါတီရုံးနေရာ၊ လမ်းဆုံလမ်းခွရှိ ပါတီဝင်အိမ်များ၊ သစ်ပင်များတွင် ကပ်၍ ကြောငြာသွားမည်ဖြစ်သည်။

ဦးတင်မောင်အေးက “ဒီလို ကြော်ငြာလည်း လူသိမှာပဲ၊ ဘုတ်ထောင်ကြော်ငြာလည်း လူသိမှာပဲ။ ပိုက်ဆံကလည်း မရှိ၊ ကျနော်တို့က ကိုယ်စားလှယ် ၄ ယောက်ပဲ ဝင်မှာဆိုတော့ အဲဒီလို ကြော်ငြာလည်း ဘာထူးမှာလဲ” ဟု ဆိုသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကလည်း ငွေကြေးအခက်အခဲကြောင့် ဘုတ်ထောင်ကြော်ငြာမည် မဟုတ်ဟု ပါတီ  အထွေထွေအတွင်းရေးမှူး ဒေါ်သန်းသန်နုက မဇ္ဈိမကို ပြောသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates