Thursday, October 14, 2010

ချင်းတောင် ချောင်းရေကြီး၊ လူတဦး သေဆုံး

ဆလိုင်းထွန်း
နယူးဒေလီ (မဇ္ဈိမ)။      ။ ၇ ရက်ခန့် မိုးသည်းထန်ပြီး ချောင်းရေကြီးနေစဉ် ချင်းပြည်နယ် ထန်တလန်မြို့ ကြောင်ထိယာ ရွာသားဖြစ်သူ ၆၄ နှစ်အရွယ် ဦးဟွတ်ကမ် Huat Kam သည် ချောင်းရေ၌ ပြီးခဲ့သည့် စနေနေ့ ညနေပိုင်းတွင် မျောပါသေဆုံးသွားကြောင်း သိရသည်။

ထန်တလန်အနောက်ဘက် ၁၆ မိုင်ခန့်အကွာရှိ ကြောင်ထိယာရွာသား ဦးဟွတ်ကမ်သည် မိုးသည်းထန်သဖြင့် လိမ္မော်ခြံ ပျက်စီးမည်ကို စိုးရိမ်ကာ သွားရောက်ကြည့်ရှုပြီးအပြန် တောင်ကျရေများကြောင့် Mau ချောင်းရေ ရုတ်တရက်ကြီးရာ မျောပါသေဆုံးခြင်း ဖြစ်သည်။

“တပတ်လုံး မိုးရွာတယ်၊ တအားသည်းတာ။ အခုလည်း မိုးရွာတယ်။ တောင်ယာတွေ ပျက်စီးတယ်လို့ ပြောနေတော့ စိုးရိမ်ပြီး သွားကြည့်တယ်။ အပြန်မှာ တောင်ကျရေ တအားများတော့ မျောပါသွားတယ်” ဟု ကြောင်ထိယာရွာမှ ဆလိုင်းလျံဇထန်းက မဇ္ဈိမကို ပြောသည်။

မိသားစုဝင်များနှင့် ရွာသားများက လိုက်လံရှာဖွေခဲ့ရာမှ ယမန်နေ့ နံနက် ၉ နာရီခန့်တွင် တောင်ယာမှ ၁ ဖာလုံခန့်တွင် ရုပ်အလောင်းကို တွေ့ရှိကာ နေ့လည် ၂ နာရီခန့်တွင် သင်္ဂြိုဟ်ခဲ့ကြသည်။

ကျေးရွာအရှေ့ဘက် ၂ မိုင်ခန့်တွင် ဦးဟွတ်ကမ် ပိုင်ဆိုင်သည့် လိမ္မော်ခြံ ၆ ဧကခန့်ရှိပြီး တောင်ယာကပ်လျက် ရွာဘက်ခြမ်းတွင် Mau ချောင်း တည်ရှိသည်။

အဆိုပါ ချောင်းသည် ပုံမှန်အားဖြင့် အမြင့်ပေ ၂ ပေခန့်သာ ရေရှိသော်လည်း မိုးများသည့် ယခုလို အချိန်မျိုးတွင် အရှိန်ဖြင့် ကျဆင်းလာသည့် တောင်ကျရေများကြောင့် ၅ ပေခန့်အထိ မြင့်တက်လေ့ရှိသည်။

ယနေ့အထိ ၉ ရက်ခန့်ကြာ မိုးသည်းထန်စွာ ရွာသွန်းနေသဖြင့် ချောင်းအနောက်ဘက် ကြောင်ထိယာ၊ ဆိုင်ခွား Sai Khua၊ ဖိုင်ခွား Phai Khua နှင့် မဟောင်းတလန် Hmawng Tlang ရွာတို့ အပါအဝင် ကျေးရွာ ၈ ရွာမှ အိမ်ခြေ ၁၂ဝဝ ခန့် မှီခိုနေသည့် လမ်းတံတားများ၊ လယ်ယာနှင့် တောင်ယာလုပ်ငန်းများ ရေမြုပ်ပျက်စီးမှုများ ရှိနေသည်။

“မိုးများတယ်၊ ရေကြီးတယ်။ တံတား၊ လမ်း၊ တောင်ယာနဲ့ လယ်ယာတွေ ပျက်စီးတယ်။ ဘာမှကို လုပ်လို့ မရအောင် အခက်တွေ့နေကြတယ်။ အခုက လယ်၊ တောင်ယာက သီးနှံတွေ ရိတ်သိမ်းမယ့်အချိန် ရောက်နေပြီ။ အခုလိုဖြစ်တော့ အငတ်ဘေး ဖြစ်ကြရတော့မှာပဲ” ဟု ဆလိုင်းလျံဇထန်းက ပြောသည်။

ကျေးရွာ ၈ ရွာတွင် လယ်ယာဧက ၂ဝဝဝ ကျော်ရှိရာမှ မိုးဒဏ်ကြောင့် သုံးပုံတပုံခန့် ပျက်စီးခဲ့ကြောင်းနှင့် တောင်ယာ ဧက ၁၅ဝဝ ကျော်ရှိရာမှ တောင်ပြိုသဖြင့် သုံးပုံနှစ်ပုံခန့် ပျက်စီးလျက်ရှိကြောင်း ဒေသခံများက ဆိုသည်။

ဦးဟွမ်ကမ် သေဆုံးမှုနှင့် ဒေသတွင်း ပျက်စီးဆုံးရှုံးမှု အသေးစိတ် အခြေအနေကို သိရှိရန် ထန်တလန်မြို့နယ် မယက ရုံးနှင့် ကျေးရွာ အာဏာပိုင်များကို ဆက်သွယ်ခဲ့ရာ ဆက်သွယ်၍ မရခဲ့ပါ။ ကျေးရွာသားများကမူ အာဏာပိုင်များ၏ အကူအညီကို မရရှိသေးကြောင်း ပြောဆိုကြသည်။

အလားတူ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ကုလာတန်မြစ်အနီးရှိ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင်းရှိ ကျေးရွာလူနေအိမ်များ ရေမြုပ်သဖြင့် အနည်းဆုံး လူပေါင်း ၃ဝဝ ခန့် အိုးအိမ် စွန့်ခွါခဲ့ရကြောင်း သိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates