Thursday, October 14, 2010

နန်းဆုရတီစိုး ပျောက်ဆုံးနေ

ဆလိုင်း ဟံသာစန်း
နယူးဒေလီ (မဇ္ဈိမ)။      ။ ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် နန်းဆုရတီစိုးသည်  ယခုလ ၈ ရက်နေ့တွင် ရန်ကုန်မြို့ မျှော်စင်ကျွန်း၌ မြဝတီရုပ်သံ ဇာတ်လမ်းရိုက်ကူးပြီး အိမ်အပြန် ပျောက်ဆုံးသွားကြောင်း မိသားစုဝင်တဦးက ပြောသည်။

အဆိုတော်နှင့် မော်ဒယ်လည်းဖြစ်သူ နန်းဆုရတီစိုးသည် ကားဒရိုင်ဘာ၊ အဖော်အဖြစ် လိုက်ပါသူ အမျိုးသမီးနှင့်အတူ နေအိမ်သို့ ပြန်လာရာမှ ပျောက်ဆုံးသွားခြင်း ဖြစ်သည်။

“မျှော်စင်ကျွန်းမှာ မြဝတီအတွက် ဝါကျွတ်ပွဲတော် ဇာတ်လမ်းရိုက်တာ
nansuyatisoe
ပျောက်ဆုံးနေသော နန်းဆုရတီစိုး (photo: www.nansuyatisoe.com)
၁ဝ နာရီခွဲ ရှုတင်ပြီးတယ်။ အဲဒီကတည်းက အိမ်ကို ပြန်ရောက်မလာတာ။ ၈ ရက်နေ့ကတည်းက ပျောက်နေတာပေါ့။ အိမ်ဖော်နဲ့ ဒရိုင်ဘာပါ ပါသွားတယ်” ဟု နန်းဆု၏ မိသားစုဝင်တဦးက မဇ္ဈိမကို ပြောသည်။ ရှုတင်သွားရောက်စဉ် လက်ဝတ်ရတနာများ ဝတ်ဆင်သွားသည်ဟု ဆိုသည်။

စီးနင်းလိုက်ပါလာခဲ့သော ကားမှာ နောက်တရက် နံနက်ပိုင်းတွင် နန်းဆုတို့ နေအိမ်လမ်းထိပ်၌ ပြန်တွေ့ခဲ့သည်။

မိဘများက မြို့နယ်ရဲစခန်းသို့ လူပျောက်တိုင်ထားပြီး ရန်ကုန်တိုင်း တယက ကောင်စီ၊ စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ စရဖနှင့် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က အပူတပြင်း လိုက်လံရှာဖွေနေသည်ဟု သူက ပြောသည်။ မဇ္ဈိမက ရန်ကုန်တိုင်း ရဲတပ်ဖွဲ့သို့ ဆက်သွယ်မေးမြန်းရာ တာဝန်ကျ ရဲအရာရှိက ဖြေဆိုခွင့်မရှိဟု ဆိုသည်။

နန်းဆုရတီစိုးသည် ရန်ကုန်တိုင်းရှိ စစ်ဘက်အရာရှိ အသိုင်းအဝိုင်းတွင် ဝင်ဆန့်သူဖြစ်ပြီး ကြံ့ဖွံ့အသင်းက ပါတီအဖြစ် အသွင်မပြောင်းခင်အထိ အသင်းဝင် ဖြစ်ခဲ့သည်။

ဟင်္သာတမြင့်ငွေ ရေးသားပြီး မို့မို့ဇော်ဝင်းနှင့်အဖွဲ့ သီဆိုထားသော ကြံ့ဖွံ့ပါတီ၏ မဲဆွယ်သီချင်းတွင် နန်းသူရလင်း၊ ပပဝင်းခင်၊ ဆုပန်ထွာတို့နှင့်အတူ နန်းဆုလည်း ပါဝင်ခဲ့သည်။ ယင်းသီချင်းကို ယခုလ ၈ ရက်နေ့ ညပိုင်းတွင် ကြံ့ဖွံ့ အတွင်းရေးမှူး ဦးဋ္ဌေးဦးက ပါတီမဲဆွယ်မှုကို ရုပ်သံမှ ပြောကြားပြီးနောက် ထုတ်လွှင့်ခဲ့သည်။

Micky Way International ကုမ္ပဏီပိုင်ရှင်ဖြစ်သည့် သူမသည် သမိုင်းဖြစ်ရပ်မှန်များကို လိမ်ညာရိုက်ကူးထားသည်ဟု ဝေဖန်ခံရသော “အရုဏ်ဦးမှာ ဖူးသည့်ကြာ” (ဒါရိုက်တာ တင်သန်းဦး) ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းတွင် သူမ၏ ကုမ္ပဏီက Lifestyle & Car Exhibition 2010 ကားပြပွဲကို ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော် ခန်းမ၌ ကျင်းပခဲ့သည်။

အဖ ဦးစိုးလင်းနှင့် အမိ ဒေါ်တင်တင်ဝင်းတို့က ၁၉၈၇ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် သူမကို မွေးဖွားခဲ့ပြီး အထက (၁) ဒဂုံမှ ၁ဝ တန်း အောင်မြင်ခဲ့သည်။ ၁ဝ တန်းကျောင်းသူဘဝတွင် Bio Soft ခေါင်းလျှော်ရည် ကြော်ငြာဖြင့် သရုပ်ဆောင်လောကသို့ စတင်ဝင်ရောက်လာခဲ့သည်။

နန်းဆုသည် ဇာတ်မင်းသား ဖိုးချစ်နှင့် အငြိမ့် နှစ်ပါးခွင်၊ ကျောက်စက်ရေ၊ ဟော့ရှော့ (၂)၊ မာမီရှိန်း စသည့် ရုပ်ရှင်ကားကြီးများနှင့် ကောင်းကင်နှင့် မြေကြီး၊ အတ္တအချစ်၊ ကြယ်တွေ ကြွေသွားသည့်တိုင်၊ အနှိုင်းမဲ့ကြိုး စသည့် ဗီဒီယိုဇာတ်ကားများစွာတွင်လည်း သရုပ်ဆောင်ခဲ့သည်။

“မေမေဆူလိမ့်မယ်“ သီချင်းဖြင့် ဂီတလောကသို့ ဝင်လာခဲ့ကာ “မိုးမမြင် လေမမြင်“ တေးစီးရီးခွေ သီဆိုထုတ်ဝေခဲ့သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates